Friday, May 21, 2010

စာပေခရီးသည် (ရေးသူ - ပါရဂူ)

၁၉၇၁ခုနှစ်က ဆရာပါရဂူ ရဲ့ဆောင်းပါးတပုဒ်ပါ။ ခေါင်းစဉ်ကိုဖတ်တုံးက အင်းလေးခရီးသွား တဲ့အကြောင်းပါမယ်လို့ မထင်မိခဲ့ဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀)လောက်က ဆရာကြီးရဲ့ အင်းလေး အကြောင်းခရီးသွားဆောင်းပါးတပုဒ်ဖြစ်သလို ရှင်ပါရဂူအဖြစ်နဲ့ အစိုးရဓမ္မာစရိယစာချတန်း ဂုဏ်ထူးကျမ်း အောင်မြင်ပြီး ရဟန်းဝါ (၁၄)၀ါ သာသနာ့ဘောင်မှာနေခဲ့တဲ့၊ ဟိန္ဒူနဲ့ သက္ကတစာပေကိုလေ့လာလိုက်စားခဲ့တဲ့ ဆရာကြီးရဲ့ အတွေးအမြင်တစ်ခုကိုလဲ တစေ့တစောင်း သိလိုက်ရတဲ့အတွက်ပါ အမှတ်တရ သိမ်းထားချင်လို့ ကိုယ့်ဟာကိုယ်ပြန်ရိုက်ထားတာပါ။ အခုတော့ စိတ်ဝင်စားတဲ့ သူတွေလည်း ဖတ်လို့ရအောင် ပြန်ဝေမျှပေးလိုက်ပါတယ်။


မိန်းမလည်း လူ

ဘေးနှစ်ဘက်ကို မျှော်ကြည့်လိုက်သောအခါ ညှို့မှိုင်းသော တောင်တန်းကြီးနှစ်ခုကို တွေ့ရသည်။ တောင်တန်း ကြီးနှစ်ခု၏ အလယ်တွင်ကား မျက်စိတစ်ဆုံးပျံ့ပျူးနေသော ရေပြင်ကြီးသည် ပင်လယ်ပြင်၏ အသွင်ဆောင် နေသည်။ ရေပြင်ပေါ်၌ပဲ့ချိတ်စက်တပ်ထားသော လှေနာဝါများသည် သွားလာလှုပ်ရှားနေကြသည်။ ကောင်းကင်ပြင်၏ အပြာရောင်လွှမ်းနေသည်။ ကျွန်တော် စီးလာသည့် ပဲ့ချိတ်စက်တပ်လှေသည် စက်ကုန်ဖွင့်၍ အပြေးနှင်နေသည်။ အခြားလှေများကို တစ်ခုပြီးတစ်ခုကျော်တက်လာခဲ့သည်။

“အင်းဝ ရောက်ပါပြီဆရာ”

အဖော်ပါလာသူတစ်ဦး၏စကားကြောင့် ကျွန်တော်သူ့ကို ငေးကြည့်နေမိ၏။ ကျွန်တော်တို့၏ခရီးမှာ ညောင်ရွှေ မှအင်းလေး ဖောင်တော်ဦးဘုရားသို့သွားသည့် ရေလမ်းခရီးဖြစ်သည်။ “အင်းဝ ရောက်ပြီ” ဟူသောစကား ကြောင့် ကျွန်တော် “မန္တလေး-အင်းဝ”ကိုပြေးသတိရပြီး အဖော်ဖြစ်သူအားကြောင်ကြည့်နေမိသည်။ သို့သော် မကြာလိုက်ပါ။ အင်းလေးအ၀င်ကို “အင်းဝ” ဟုခေါ်ကြောင်းချက်ချင်း သတိပြုမိသွားသည်။ “ကြိုဆိုပါ၏” ဟူသော စာတန်းကြီးကိုလည်း တွေ့ရသည်။ အခြားမြို့ရွာတို့၏ အ၀င်၌ “ကြိုဆိုပါ၏” ဟူသော ဆိုင်းဘုတ်ကို မြေကြီးပေါ်၌ စိုက်ထူထားသည်။ ရေတိုင်းပြည်၊ ရေမြို့၊ ရေရွာဖြစ်သည် အင်းလေးအ၀င်၌ကား “ကြိုဆိုပါ၏” ဟူသော ဆိုင်းဘုတ်ကို ရေထဲ၌ပင် စိုက်ထူထားသည်ကို တွေ့ရသည်။

မကြာမီရွာမသို့ရောက်လာကြ၏။ ရွာမသည်အင်းလေးက အကြီးဆုံးရွာတစ်ရွာဖြစ်သည်။ အထက်တန်းကျောင်း ရှိသည်။ ရွာမ၌ ခရီးတစ်ထောက်နားကြ၏။ နေ့လယ်စာထမင်းကိုလည်း ဘုန်းကြီးကျောင်း အနီးရှိ အိမ်တစ်အိမ် ၌စားကြသည်။

ပြည်မရှိကျေးတောသူ ကျေးတောသားများကဲ့သို့ပင် အင်းလေးသူ အင်းလေးသားများသည် ဖော်ဖော်ရွေရွေ ရှိကြသည်။ စကားပြောသည်ကို နားမလည်သော်လည်း သူတို့၏အမူအရာတွင် ရိုးသားမှုပေါ်လွင်နေသည်။ ကျွန်တော်တို့ ထမင်းနှင့် စားဖို့ တိုဟူးချဉ်သုပ်* ထွက်ဝယ်ကြ၏။ ချောင်းငယ်၏ ကမ်းနှစ်ဖက် ရေစပ်ရှိ တဲငယ် ကလေးများတွင် ဈေးရောင်းသည်။ ဈေးဝယ်သူသည် လှေဖြင့် ၀ယ်ရ၏။ လှေဖြင့် ဈေးရောင်းပြီး လှေဖြင့် ဈေးဝယ်သူတွေလည်း ရှိ၏။

အင်းလေးကား ရေတိုင်းပြည်ဖြစ်သည်။ ရေထဲ၌ပင် ဧည့်ရိပ်သာရှိသည်။ ရေထဲ၌ပင် ဈေးရှိသည်။ ပတ်ဝန်းကျင် ရေ၀ိုင်းနေသည့် ကုန်းမြေပေါ်၌သာ နေထိုင်ကြသည်။

ရွာမ၌ ခရီးတစ်ထောက်နားပြီး “နန်းပန်” သို့ ခရီးဆက်သွား၏။ နန်းပန်၌ဆေးရုံရှိသည်။ အင်းထဲက လူနာများသည် နန်းပန်ဆေးရုံသို့ သွားကြရသည်။ နန်းပန်ဆေးရုံ၌ ဆရာဝန် နှစ်ယောက်ရှိ သည်။ ဆေးရုံရှိ လူနာကုတင်များမှာ တစ်ခါတစ်ရံ ပြည့်နေပြီး တစ်ခါတစ်ရံအလွတ်ရှိနေသည်။ ကျွန်တော်တို့ ရောက်သွားသည့် အချိန်၌ကား လူနာခုတင်အလွတ်များရှိနေသည်ကို တွေ့ရသည်။ ကျွန်တော်တို့ရောက်သွား သည့်နေ့ကား ဈေးနေ့ဖြစ်သည်။ အထက်အညာမြို့များ၌ကဲ့သို့ ရှမ်းပြည်နယ်လည်း သူ့နေ့နှင့်သူသာ ဈေးရှိသည်။ တောင်ကြီးမြို့၌ပင် ဈေးနေ့ဟူ၍ နေ့တစ်နေ့ကို သတ်မှတ်ထားသည်။

ကျွန်တော်တို့၏လှေသည် ခရီးဆက်ပြန်သည်။ နာမည်ကျော် အင်းလေးဖောင်တော်ဦးဘုရားကို လှမ်းမြင်နေရ ပြီ။ အမှန်မှာ နန်းပန်မရောက်ခင် ဖောင်တော်ဦးဘုရားကို ၀င်လျှင်ရ၏။ ကျွန်တော်တို့က နန်းပန်ကို အရင်သွားလိုသည်ဖြစ်၍ ခရီးအဆုံးတွင်မှ ဖောင်တော်ဦး ဘုရားကို ၀င်ကြခြင်းဖြစ်သည်။ ရေပြင်ထဲ၌ထိုးထွက် နေသော ဘုံဗိမာန်ကြီးသဖွယ်ဖောင်တော်ဦးဘုရားတန်ဆောင်းကို လှေပေါ်မှ လှမ်းမြင်ရသည်။

ဘုရားရောက်သောအခါ ဘုရားဖူးများ ရှုပ်ရှက်ခက်နေသည်။ အလွန်ခေါင်သည့် ရေပြင်ကျယ်အလယ်တွင် လာပြီး စည်စည်ကားကား ဖြစ်နေသည်။ ဘုရားဖူးကြ၏။ ဖောင်တော်ဦးဘုရားကား တန်ခိုးကြီးဘုရားဖြစ်၏။ သင်္ကန်းကပ်ပြီး ထိုသင်္ကန်းမှအစကို ယူဆောင်ထားပါက အန္တရာယ် ခပ်သိမ်းကင်းငြိမ်းသည်ဟု အယူရှိကြသည်။ ဘုရား မှာရုပ်ပွါးလေးဆူ* ဖြစ်သည်။ သို့သော် ကျွန်တော်တို့တွေ့ရသည်မှာ ရုပ်ပွါးလေးဆူ* မဟုတ်တော့ဘဲ ရွှေတုံးလေးတုံးဖြစ်နေသည်။ စေတနာသဒ္ဒါတရားထက်သန်လွန်းလှသည့်အတွက် ဘုရားရုပ်ပွါးကို ရွှေချထားကြ သည်မှာ ဘုရား၏ ရုပ်အသွင်တော်ပျောက်ပြီး ရွှေတုံးရွှေခဲများဖြစ်နေပေပြီ။ မနှစ်က ပခုက္ကူသိန်းဃိုရှင်ဘုရား ရောက်သွား၏။ သိန်းဃိုရှင်ဘုရားလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ မျက်နှာတော်၌ ရွှေအထပ်ထပ်ချထား သည်မှာ ဘုရား၏မျက်နှာတော် အသွင်ပျောက်နေပြီ။

ဖောင်တော်ဦး ရုပ်ပွါးလေးဆူ*ကို တန်စောင်းအတွင်းရှိ အုတ်ခုံ ပလ္လင်ပေါ်၌ကိုးကွယ်ထားကြ၏။ ကျွန်တော် တို့ အုတ်ခုံပေါ်ထိတက်ကြည့်ကြသည်။ အပေါ်သို့ “မိန်းမများ မတက်ရ” ဟုဆိုင်းဘုတ်ချိတ်ထားသည်။ အမျိုးသမီးများမှာ အောက်ကသာ ထိုင်ပြီး ရှိခိုးပူဇော်ကြရသည်။ ယင်းစည်းကမ်းချက်မှာ ဖောင်တော်ဦးဘုရား၌ သာမဟုတ်ပေ။ မြန်မာနိုင်ငံရှိတန်ခိုးကြီးဘုရားတိုင်း၌ပင် ယင်းစည်းကမ်းချက် ကိုချထားကြ၏။ ရွှေတိဂုံဘုရား၌ လည်း ထိုနည်းအတိုင်းပင်။ မိန်းမများ အပေါ်သို့ မတက်ကြရပေ။

အတွေးတစ်ခုပေါ်လာသည်။

မိန်းမနှင့် ယောက်ျား အဆင့်အတန်းခွဲခြားမှုသည် အိန္ဒိယက အရင်းခံလာခဲ့ခြင်းဖြစ်သည်။ ရှေးဟောင်း အိန္ဒိယ လူနေမှုစနစ်အရ မိန်းမကို ယောက်ျားထက် နိမ့်ကျသည်ဟု သဘောထားကြသည်။ ယင်းအယူအဆသည် အမြစ် တွယ်နေသည်။ ဗုဒ္ဓဘာသာကိုးကွယ်ဆည်းကပ်မှုနှင့်ပတ်သက်၍ မိန်းမနှင့်ယောက်ျားအဆင့်အတန်းခွဲခြားထား ခြင်းသည် ဗုဒ္ဓ၏ အလိုကျမဟုတ်ပေ။ ဗုဒ္ဓသည် မိမိ၏အဆုံးအမ မိမိ၏တရားကို အားလုံးအတွက် ညီတူညီမျှ တံခါးဖွင့်ထားတော်မူသည်။

ထို့ကြောင့်မိန်းမအား
ဗုဒ္ဓဘာသာကိုးကွယ်ဆည်းကပ်ရေး၌ယောက်ျားနှင့် တန်းတူအခွင့်အေး မပေးဘဲ နှိမ်ထား ခြင်းသည် ဗုဒ္ဓအလိုတော်ကျလည်း မဟုတ်သည့်အတွက် မိန်းမများအား မတရား ဖိနှိပ်ထားသည့် အယူဆွေး အယူဟောင်းသာလျှင်ဖြစ်သည်။ မိန်းမအား ယောက်ျားလောက်မမြတ်ဟု ယူဆသည့် လွဲမှားသော အယူအဆမှ ပေါက်ဖွားလာသည့် အယူဟောင်း အယူဆွေးသာလျှင်ဖြစ်သည်။ မိန်းမသည် ဗုဒ္ဓရုပ်ပွားနားကပ်၍ ငရဲကြီးမည် ဆိုပါကယောက်ျားကော ဘာကြောင့် ငရဲမကြီးရမှာနည်း။ မိန်းမလည်းလူ၊ ယောက်ျားလည်းလူဖြစ်သည်။ လူလူ ချင်း အဆင့်အတန်းခွဲခြားမှုကို ယခုခေတ်တွင်မြေမြှုပ် သင်္ဂြိုလ်ပစ်သင့်ကြလေပြီ။

ဖောင်တော်ဦးဘုရားတွင် တွေ့ခဲ့ရသည့် “မိန်းမများ မတက်ရ” ဟူသော ဆိုင်းဘုတ်ကို မြင်ခဲ့ရာမှ မိန်းမနှင့် ယောက်ျား တန်းတူအခွင့်အရေးအကြောင်းကို စဉ်းစားနေမိသည်။

ပဲ့ချိတ်စက်တပ်ရေယာဉ်ကလေးသည် ကျွန်တော်တို့ကို သယ်ဆောင်ပြီး ဖောင်တော်ဦးဘုရားမှ ထွက်လာသည်။ ကျွန်တော်၏အတွေးသည် အမျှင်မပြတ်သေးပေ။ မကြာမီ ရေယာဉ်ကလေးသည် ရေထဲမှ ထိုးထွက်သည့် ဘုံဗိမာန်ကြီးနှင့် အလားသဏ္ဌာန် တူသည့်ဖောင်တော်ဦးဘုရားတန်ဆောင်းကြီးကိုလည်းကောင်း၊ ရေတိုင်းပြည်၊ ရေရပ်ရွာ ဖြစ်သည့်အင်းလေးကိုလည်းကောင်း၊ နောက်တွင်ထားခဲ့ပြီး၊ မြေပေါ်တိုင်းပြည်ဖြစ်သည့် ညောင်ရွှေမြို့သို့ ဦးတည်ဆိုက်ကပ်လာသည်။

ရှုဒေါင့်၊ ၁၅-၆-၇၁


(တိုဟူးချဉ်သုပ်* - တို့ဟူးသုပ်၊ ရုပ်ပွားလေးဆူ* - ရုပ်ပွား ငါးဆူ)


4 comments:

  1. ဒီလိုစာကို ဖတ်ရတဲ့အတွက် အတိုင်းမသိကျေးဇူးပါ ညီမလေး၊
    ကိုယ်တိုင် ရိုက်ယူထားရတာကိုလည် ကျေးဇူးတင်တယ်။

    ReplyDelete
  2. အရိုးစွဲနေတဲ့ရှေးထုံးကို..ပယ်ဖို့တော့ခက်တယ်

    ReplyDelete
  3. အစ်မရေ အခုမှဖတ်ဖြစ်တယ်..။ မျှဝေပေးလို့ကျေးဇူး..။
    တောင်တန်းနဲ့ရေပြင်ဆိုရင်တော့ အင်းလေးကိုအရင်ဆုံးပြေးမြင်မိတာဘဲ..။
    တောင်ယံနှင့်ရေလွမ်းစရာပွေသောကြောင့် ဆိုတဲ့ဦးပုည ( ရိုးရိုးဦးပုညလား စလေဦးပုညလား မသဲကွဲပါ) ရေးထားတဲ့ကဗျာလေးကိုတော့ စိတ်ထဲအမြဲစွဲနေတယ်..။ ရှမ်းပြည်မှာတော့လွမ်းစရာတွေကျဲကျဲပဲနော့်.. အင်းရေအောက်ကြမ်းပြင်တစ်နေရာမှာတော့ အဖေ့ရဲ့အရိုးအိုးလေး ငြိပ်ဝပ်စွာရှိနေမှာတော့အသေအချာပဲ...။

    ReplyDelete
  4. ကိုယ်တွေ့ရသစုံ တင်ထားတဲ့ ဒီblogလေးကိုမြင်မြင်ချင်းစိတ်ဝင်စားမိပါတယ်
    ဆက်ရေးပေးပါဦးနော် အစ်မ

    ReplyDelete