Wednesday, May 19, 2010

အေးစက်စက် ရှန်းကျန့်

မြန်မာပြည်မှာနေတုံးက မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ အလုပ်ကိစ္စဖြစ်ဖြစ် ခရီးအတို၊ အရှည်မျိုးစုံ မကြာခဏသွားလေ့ရှိတဲ့အကျင့်က အခုကောင်းကောင်းဒုက္ခပေးနေပါတယ်။ တနေရာထဲမှာနေတာ လေးငါး ခြောက်လကြာတာနဲ့ ခရီးထွက်ချင်လာရော။ အခုလောလောဆယ်တော့ အခြေအနေမပေးသေးတော့ အရင်က သွားခဲ့ဖူးတဲ့ နေရာက ဓါတ်ပုံလေးတွေကိုပဲ ရသေ့စိတ်ဖြေ ကြည့်ရအုံးမယ်။

ဒါပေမယ့်လည်း အရမ်းပျော်စရာကောင်းတဲ့ ခရီးတွေက ဓါတ်ပုံတွေမြင်ရင်ပိုရောဂါတက်နေမှာစိုးလို့ ပျော်စရာ သိပ်မကောင်းခဲ့တဲ့ အေးစက်စက် ခရီးတခုက ဓါတ်ပုံလေးတွေကိုပဲပြန်ကြည့်ပါတော့မယ်။

၂၀၀၉ ဖေဖော်ဝါရီလတုံးက တရုတ်ပြည် ရှန်းကျန့် (အဲလိုပဲအသံထွက်မယ်တူပါတယ်) ကိုလေးငါးရက်လောက် သွားခဲ့ရပါတယ်။ တကယ်တော့ ကိုယ့်အလုပ်နဲ့လဲသိပ်မပတ်သက်ပဲနဲ့ သူများရုံးခွဲအတွက်နဲ့ တရုတ်ပြည်ကို သွားခဲ့ရတာ တရုတ်စကားတတ်လို့မဟုတ်ပါဘူး။ မြန်မာစကားတတ်လို့ပါ။ မြန်မာပြည်ကဆရာသမားက ဂျာမဏီပြပွဲသွားတုံးကတော့ ကိုယ့်တပည့်ကျော်ကိုခေါ်သွားဖို့သတိမရပဲ၊ တရုတ်ပြည်ကိစ္စရှိမှပဲ ဒီခရီးကတော့ မိုးဦးထက်သင့်တော်တဲ့လူ မရှိဆိုပဲ။ ကျွန်မကလည်း တရုတ်ပြည်က ပြန်လာပြီးရင် မြန်မာပြည်ကို (၁၀)ရက်လောက် ခွင့်ယူစရာမလိုပဲ ပြန်ရမယ်ဆိုတဲ့ မက်လုံးလေးကိုသဘောကျပြီး သွားပေးဖို့ သဘောတူလိုက်ပါတယ်။

ရှန်းကျန့်ကိုလေယာဉ်ဆိုက်တော့ ည(၁၁)နာရီထိုးနေပါပြီ။ လေဆိပ်အ၀င်မှာအရာရှိကမေးအင်္ဂလိပ်သံပြတ်နဲ့ ဘယ်လောက်ကြာနေမှာလဲတဲ့။ (၁)ပတ်လို့ ပါးစပ်ကဖြေလိုက်ပေမယ့်၊ စိတ်ထဲမှာတော့ အမလေး...သူတို့က အဲဒီထက်ကြာကြာနေပေးပါလို့ တောင်းပန်ပြီးခေါ်ထားရင်တောင် မနေဘူး၊ စိတ်ချလို့ ပြောမိပါတယ်။ အပြင်ထွက်လာတော့ အဲဒီ့ဘက်ရုံးက၀န်ထမ်းတယောက်က ကျွန်မ နာမည်ရေးထားတဲ့ စာရွက်လေးကိုင်ပြီးကြိုနေပြီး တည်းရမယ့်ဟိုတယ်ကိုပို့ပေးပါတယ်။

လာကြိုတဲ့ လူက ကုတ်၊ နက်(ခ်)တိုင် ၀တ်စုံပြည့်နဲ့ ကားကလဲ ပြောင်လက်နေတဲ့ ဘီအမ်ဒဗလျူနဲ့ဆိုတော့ ပထမတော့ ငါ့ကို မြန်မာရုံးရဲ့ ဂျီအမ်များမှတ်နေလားလို့ ဘ၀င်မြောက်မိပါသေးတယ်။ နောက်မှသိရတာက တရုတ်ပြည်မှာ ဒရိုင်ဘာတိုင်းက အနောက်တိုင်းဝတ်စုံပြည့်ဝတ်တယ်ဆိုဘဲ။ ကားကလဲ သူတို့ရုံးက အဆင်ပြေသလိုစီစဉ်တာ၊ နောက်ရက် စင်္ကာပူရုံးက ဒါရိုက်တာရောက်လာပြီးတော့ ကျွန်မတို့ (၂)ယောက် ကိုစက်ရုံသွားဖို့လာကြိုတော့ ပေါင်မုန့်ကားလိုကားမျိုးတလှည့်၊ ဆလွန်းကားတလှည့် အဆင်ပြေသလိုပါပဲ။

မနက်အိပ်ရာကနိုးလို့ မှန်ပြတင်းပေါက်က လှမ်းကြည့်လိုက်တော့ အပြင်မှာမြူခိုးတွေဝေပြီး တောင်တွေကို လှမ်းမြင်ရတော့ နည်းနည်းစိတ်ကြည်နူးသွားတယ်။ တောင်ကြီးလိုလိုဘာလိုလိုပေါ့။
တကယ်တမ်းက အဲဒီမြို့က စီးပွါးရေးဇံလိုမျိုး၊ စက်မှုဇုံလိုမျိုးသက်သက်ပါပဲ။ ဘာမှသမိုင်းဝင် အထင်ကရနေရာလဲမရှိ။ ရောက်စတုံးမနက်ပိုင်းကြည့်တုံးကတော့ တောင်ကြီးနဲ့တူသလိုလိုပဲ၊ နောက်ပိုင်းစက်ရုံသွားရင်း ဖြတ်သွားဖြတ်လာ လမ်းတွေ ကြည့်တော့ မန္တလေးနဲ့တူသွားတယ်။

မနက်စာဆင်းစားပြီးအခန်းပြန်ရောက်တော့ ဟောင်ကောင်ကနေလာမယ့် ဒါရိုက်တာက ဖုန်းလှမ်းဆက်တယ်။ သူက ညဘက်မှရှန်းကျန့်ကိုရောက်မှာမို့လို့ စက်ရုံကိုတော့ မနက်ဖြန်မှသွားရမယ်တဲ့။ အဲဒီတော့ ဒီနေ့တနေ့လုံးဘယ်မှ မသွားပဲနဲ့ ဟော်တယ်ထဲမှာပဲနေပြီး Manual ကိုကြိုဖတ်ထားတဲ့။ စားချင်တာ ဟိုတယ်ထဲမှာပဲကြိုက်တာမှာစား၊ အပြင်ကိုတော့ လုံးဝမသွားပါနဲ့တဲ့။ အိုခေ လို့ပြောပြီး ဖုန်းချတာနဲ့ အင်တာနက်ဝင်၊ကိုနဗနရဲ့Blogမှာမဖတ်ရသေးတဲ့ပိုစ့်တွေဝင်ဖတ်နေလိုက်တာနေ့လည်စာနဲ့ ညစာကိုတောင် ပေါင်းပြီးစားဖြစ်တယ်။ ညဘက်ကျမှ သတိရပြီးသူ့Manual စာအုပ်ကို ၁၀မိနစ်လောက်ဟိုလှန်၊ဒီလှန် ကြည့်လိုက်တယ်။

နောက်သုံးရက်တော့ ဘာမှမထူးခြားပါဘူး။ စက်ရုံကပို့ပေးထားတဲ့ဟိုတယ်ကနေ ကျွန်မတို့စင်္ကာပူရုံးကလူတွေ လာရင်တည်းနေကျ လူနဲနဲပိုစည်တဲ့နေရာကဟိုတယ်ကိုနောက်ရက်မှာပြောင်းပေးတယ်။ နေ့တိုင်းမနက်စာစား၊ လာကြိုတဲ့ကားနဲ့စက်ရုံသွား၊ တရုတ်အင်ဂျင်နီယာကတရုတ်ဗားရှင်းတင်ထားတဲ့စက်ကိုဖွင့်ပြီးရှေ့ကပြ၊ ကျွန်မကအင်္ဂလိပ်ဗားရှင်း တင်ထားတဲ့ စက်နဲ့နောက်ကလိုက်လုပ်။ နှစ်ယောက်သား နားမလည်နိုင်တော့ဘူးဆိုရင် bilingual ရတဲ့ ဒါရိုက်တာက ၀င်ရှင်းပေးနဲ့။ လေးရက်မြောက်နေ့ နောက်ဆုံးရက်မှာတော့ နေ့တ၀က်လောက်လုပ်ပြီးတာနဲ့ ပြီးသွားပါပြီ။ လေယာဉ်ချိန်ကလဲ ညဆယ်နာရီမှ။

နေ့လည်စာစားပြီး ဟိုတယ်ပြန်ရောက်တော့ ဒါရိုက်တာက သူ့ကိစ္စနဲ့အပြင်သွားအုံးမယ်ဆိုတော့ ကျွန်မလဲ ထမင်းစားခန်းကနေလှမ်းမြင်နေရတဲ့ (အောက်ကပုံ) နေရာကိုပြပြီး ငါဒီနေရာတော့ သွားလျှောက်ကြည့်လို့ရတယ် မဟုတ်လားဆိုတော့ ရပါတယ်တဲ့။ ဒီနေရာက ခရီးသွားတွေ လာနေကျနေရာဆိုတော့ လုံခြုံတယ်ဆိုတော့ ကျွန်မတယောက်ထဲတံတားအနီပေါ်ဖြတ်လျှောက်ခဲ့တယ်။ ညနေလေးနာရီလောက် အုံ့အုံ့မှိုင်းမှိုင်းနဲ့ပေမယ့် ရာသီဥတုကအေးနေတော့ လမ်းလျှောက်လို့တော့ ကောင်းပါတယ်။

တရုတ်လိုလဲနားမလည်၊ မြေပုံလဲမပါ၊ အဖော်လဲမပါပဲ တယောက်ထဲ ယောင်လည်လည် မသိခြင်းများစွာနဲ့ပဲ လျှောက်လည်တယ်လို့ပြောရယုံ လျှောက်လည်ခြင်းပေါ့။


တံတားဆုံးတော့ ဘာရေးထားမှန်းမသိတဲ့ ဆိုင်းဘုတ်နားရောက်သွားရော။ တရုတ်စာတတ်တဲ့ သူငယ်ချင်းကို ဒီပုံပြန် ပြကြည့်တော့ သူက တိုင်းရင်းသားကျေးရွာလိုဟာမျိုးလို့ပြောတာပဲ။ အထဲမှာကားနဲ့လျှောက်လည်လို့ ရတယ်ဆိုပေမယ့် အချိန်ကုန်မှာစိုးလို့ မ၀င်တော့ပါဘူး။

အပေါက်ဝမှာ တယောက်ထဲဟိုငေးဒီငေးနဲ့ ထိုင်နေရင်း ရှေ့ကိုနည်းနည်းဆက်လျှောက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ မနက်တိုင်း ဒီလမ်းတလျှောက် ကားဖြတ်သွားနေကျဆိုတော့ တည့်တည့်လျှောက်သွားရင် နောက်ထပ် ဘာကြီးမှန်းမသိတဲ့လူစည်ကားရာနေရာတခုရှိတာ သိတယ်လေ။ လူသွားလူလာမပြတ်တဲ့ လမ်းမကြီးဆိုတော့ တယောက်ထဲပေမယ့် မကြောက်မိဘူး။


လျှောက်လာရင်းနဲ့ မိနစ်သုံးဆယ်လောက်ကြာတော့ ဒီကြေးရုပ်တွေနားရောက်လာရော။ ဘယ်နှခုနှစ်က ဘာအတွက် လုပ်ထားတာမှန်းမသိဘဲ ဓါတ်ပုံရိုက်လိုက်ရော။



ဒီတယောက်က ချစ်ကောင်းလိုလို၊ ဒွေးလိုလိုနော်။
ဟော...နောက်ဆုံးမှာ လူတွေအများကြီးရှိတဲ့ နေရာကိုရောက်လာပါတယ်။ Window of The World လို့ဆိုင်းဘုတ်တင်ထားတယ်။
ဂိတ်မှာ ၀င်ကြေးပေးပြီး တောင်ကုန်းပေါ်ကိုတက်လို့ရပေမယ့် အဲဒီ့ကိုလဲမ၀င်ခဲ့ဘူး။ ကြည့်ရတာအပေါ်မှာ ကမ္ဘာအရပ်ရပ်က နာမည်ကြီးပစ္စည်းတွေ၊ နေရာတွေကို အတုလုပ်ထားပုံပဲ။ အပြင်ကကြည့်ရင်လဲ မြင်သင့်သလောက်မြင်ရတာပဲလေ။

ဗီးနပ်စ်လဲတောင်ကုန်းပေါ်မှာအလှပြလို့၊ ဒေးဗစ်ကတော့ ဘေးကနေဘော်ဒီဂတ်လားတော့ မသိဘူး။ အီဂျစ်ကအရုပ်နဲ့ ပြင်သစ်က တာဝါလဲ တရုတ်ပြည်ကိုရောက်လို့။



ရင်ပြင်မှာတော့ လာလည်တဲ့လူတွေတော်တော်များတယ်။ ကြည့်ရတာပြည်တွင်း ခရီးသွားတွေများပုံရတယ်။
အပြန်ကျတော့ လမ်းကိုကူးပြီး တဖက်ခြမ်းကနေပြန်လျှောက်လာတယ်။
ဘာပန်းမှန်းမသိတဲ့ ပန်းလေးတွေလှလို့။ သေသေချာချာရပ်ကြည့်ခဲ့သေးတယ်။
တောင်ကြီးမှာဆောင်းတွင်းလမ်းလျှောက်ရသလိုပဲ။ အနွေးထည်ဝတ်ထားတာတောင် အေးတယ်။
ဒါကတော့ သေချာတယ်။ မြေအောက်ရထား ဘူတာရုံပဲ။
နောက်တနေရာရောက်တော့ ရုံးတရုံးရှေ့ ကြေးသွန်းရုပ်လို့ထင်ရတဲ့ မြင်းတွေ။ ကြည့်လို့တော့ကောင်းသားပဲနော်။


ဒါလဲ လမ်းတဖက်မှာရှိတဲ့ ဘာအတွက်ဆောက်ထားမှန်းမသိတဲ့ လှေကြီး(သင်္ဘောကြီး) ပဲ။

ရှော့ပင်းမောလ်လား ရုံးကြီးကြီးလားတော့ မသိဘူး။
သူတို့တွေက အဆောက်အအုံတွေရှေ့မှာ ရုပ်တုတွေထားတာ အတော်ဝါသနာပါပုံရတယ်။
ပြန်ရောက်ပါပြီ။
အဲလိုလျှောက်သွားလိုက်တာ ပျော်တယ်လို့လဲမဟုတ်ပေမယ့်နည်းနည်းတော့ကျေနပ်သွားပါတယ်။




4 comments:

  1. အဲလိုကို လျှောက်သွားနေရမှ စားဝင်အိပ်ပျော်တာ..အဟဲ

    ReplyDelete
  2. ဒီလိုမှန်းသိ မိုးနဲ့အတူတူ သစ်သစ်လိုက်ခဲ့တာပေါ့နော့်....း)

    သစ်သစ်

    ReplyDelete
  3. တရုတ်ပြည် မရောက်ဖူးဘူး..

    ReplyDelete
  4. လျှောက်လည်နေရရင် ပင်ပန်းတယ်တောင် မထင်ဘူး၊

    ReplyDelete