Sunday, March 28, 2010

အိမ်အပြန်-(၂) (သို့) ကျောင်းတော်ဝင်ပွဲ

ကျွန်မရွာပြန်ရောက်တဲ့နေ့က သီတင်းကျွတ်လပြည့်ကျော်၂ရက်နေ့ (အောက်တိုဘာ ၅ရက်နေ့)မှာပါ။ ကျွန်မတို့လိုအဝေးရောက်နေတဲ့လူတွေ အခါကြီးရက်ကြီးတွေမှာ ပြန်လာဖို့ကို သက်ဆိုင်ရာဆွေမျိုးတွေက မျှော်ကြတာအကျင့်ဖြစ်နေပါပြီ။

အမှန်ဆို သူတို့အမြင်မှာ ကျွန်မအနေနဲ့ ပြန်လာသင့်တာက စက်တင်ဘာ ၂၁ ရက်။ ဖောင်တော်ဦးဘုရားရုပ်ပွါးတော်မြတ် (၄)ဆူဟာ သီတင်းကျွတ်လဆန်း(၁)ရက်နေ့(စက်တင်ဘာ ၁၉ရက်နေ့)ကစပြီး အများသိကြတဲ့ သာလေးရွာ ဖောင်တော်ဦးဘုရားစံကျောင်းတော်ကနေ ၁၈ရက်ကြာ အောင် အင်းလေးဒေသတလျှောက် ဒေသစာရီခရီးလှည့်လည်ခရီးစဉ်အတွင်း ကျွန်မတို့ရွာမှာ စက်တင်ဘာလ ၂၁ရက်နေ့ညနေပိုင်း ကနေ ၂၃ ရက်နေ့မနက်ပိုင်းထိ နှစ်ည သီတင်းသုံးစံပါယ်ပါတယ်။

အော်ဖစ်ရှယ်လီးအခေါ်ကတော့ ဒေသစာရီကြွချီအပူဇော်ခံပွဲပေါ့။ ကျွန်မတို့ဒေသအခေါ်ကတော့ ဘုရားကြွ လို့ပဲပြောကြပါတယ်။ ကိုယ့်ရွာမှာ ဘုရားသီတင်းသုံးတဲ့နေ့တွေကို ငါတို့ရွာဘုရားကြွ ဆိုပြီးရည်ညွှန်းတာပေါ့။ ဖောင်တော်ဦး ဘုရား ကျွန်မတို့ရွာကို ကြွတဲ့နေ့ကို ဘုရားရွာဝင်နေ့လို့ခေါ်ပါတယ်။ နောက်နေ့ကို ဘုရားစံနေ့။ နောက်နေ့ပြန်ကြွမယ့် မနက်ကို ဘုရားမြောက်ကြွနေ့လို့ ခေါ်ပါတယ်။ ကျွန်မတို့ရွာကနေ ဖောင်တော်ဦးဘုရားကြွရာ နောက်တဌာနဖြစ်တဲ့ ငါးဖယ်ချောင်းရွာက ကျွန်မတို့ ရွာရဲ့ မြောက်အရပ်မှာ ရှိတာကိုး။ မသိတဲ့သူစိမ်းဆိုရင်တော့ ဘယ်လိုခေါ်တာလည်းဆိုပြီး နားမလည်နိုင်သလိုဖြစ်နိုင်ပေမယ့် တကယ်တော့ မြောက်အရပ်မှာရှိတဲ့ရွာကို ကြွသွားတာဖြစ်တဲ့အတွက် ဘုရားမြောက်ကြွနေ့လို့ခေါ်တာ ဘယ်လောက် ရှင်းလဲနော့။

ကျွန်မတို့ဒေသခံတွေအနေနဲ့ ဖောင်တော်ဦးရုပ်ပွါးတော်မြတ်များကို တနှစ်လုံးအချိန်မရွေး သွားရောက်ဖူးမျှော် ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွန်း၊ ရွှေသင်္ကန်းအစရှိတာတွေ ကပ်နေကျပေမယ့် ကိုယ့်ရွာကို ကြွလာမယ့်အချိန်ကိုတော့ ပိုပြီး အထူးတလည် အလေးအမြတ်ထားကြပါတယ် သက်တော်ထင်ရှားမြတ်စွာဘုရားကြွလာရင် အလုပ်အကျွေး ပြုကြတဲ့အတိုင်း မနက်အာရုဏ်ဆွမ်း၊ နေ့ဆွမ်း ၊ ညရေချမ်း ၊ရွှေသင်္ကန်း စတာတွေကို အချိန်အတိုင်းကပ်လှူကြပါတယ်။ နှစ်စဉ်နှစ်တိုင်း ဘုရားကြွလှူဖို့ပိုက်ဆံ၊ ဘုရားကြွ ၀တ်ဖို့အ၀တ်ဆိုပြီး တမင်ကို ပိုက်ဆံစုကြပါတယ်။ မိသားစုဝင်ထဲက အဝေးမှာအခြေချနေတဲ့လူတွေကို လဲ အဲလိုအခါမျိုးမှာ ပြန်လာစေချင်ပြီး အဆင်မပြေလို့ ပြန်မလာတဲ့အခါ ဘုရားကြွတောင် ပြန်မလာဘူးဆိုပြီး အပြစ်တင်ချင်ကြပါတယ်။

အခုကျွန်မရွာပြန်ရောက်တော့ ခရီးရောက်မဆိုက် အမျိုးတွေ အပြစ်တင်ပုံက ဘုရားကြွတုံးကတော့ မလာဘူး။ မျှော်လိုက်ရတာ။ ဘုရားရွာဝင်ခါနီးအထိမျှော်ကောင်းတုံးပဲ။ အိမ်ပေါ်တက်လာတဲ့လူတိုင်းကို ဆီးပြီး လျှောက်လဲချက်ပေးရတာ...အဲဒီရက်အမှီပြန်လာဖို့ ခွင့်ရက်အဆင်မပြေလို့ဆိုတဲ့ ဂါထာကို ရွတ်နေရတာပဲ။ အဲဒီတော့မှ နဲနဲ စိတ်ပြေသွားတဲ့အမျိုးတွေက .. တော်သေးတာပေါ့။ မနက်ဖြန်ကျောင်းတော်ဝင်ပွဲကိုတော့ မှီသေးလို့တဲ့။ ကျွန်မကလဲ ဟုတ်တယ်..ဟုတ်တယ်။ သမီးလဲ ... တစ်ခုမမှီ တခုမှီဆိုပြီး ရောက်အောင်ကိုပြန်လာခဲ့တာဆိုတော့မှ ဆွေတော်မျိုးတော်အားလုံး ကျေနပ်သွားကြလေသတည်းပေါ့။
အင်း...ကိုယ့်ကိုယ်ကိုတောင်ပြန်သနားသွားတယ်။ ဒီလိုရက်ပြန်လာဖို့အရေးကို..ကြားထဲမှာ ခွင့်ယူချင်တာတောင်မယူပဲခွင့်ရက်တွေစုရ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညှိရ၊ ခွင့်တင်ရ၊ ဘတ်ဂျက်တွက်ရ၊ လေယာဉ်လက်မှတ်ဝယ်ရ၊ လက်ဆောင်ဝယ်ရ၊ ဘယ်မှာ ဒစ်စကောင့်ရှိလဲနားစွင့်ရ၊ ကီလိုတွက်ရ (ဟိုဟာထည့်၊ ဒီဟာထုတ်၊ လက်ဂေခ်ျ့ထဲကဟာ လက်ဆွဲအိတ်ထဲထည့်၊ လက်ဆွဲအိတ်ကဟာ လက်ဂေခ်ျ့ထဲပြောင်း၊ ကိုယ့်အ၀တ်တွေထည့်၊ ပြန်လျှော့၊ ပြန်ထည့်၊တဆယ်တန် ၂ရွက်၃ရွက်ကိုလဲအဆင်သင့်ထည့်ထားဖို့ သတိထားရ (ရွှေပြည်အ၀င်က ကိုကိုမမတွေအတွက်လေ)၊ တကယ့်ကို ကြည်း၊ ရေ၊ လေ ခရီးသုံးဆင့်စီးပြီးမှ ရောက်သွားတာတောင် ထုခြေလွှာကတင်ရသေး။ ဒါတွေကိုဘယ်သူကခိုင်းလို့လဲ။ ဘယ်သူမှလဲ မခိုင်းပါဘူး။ ဒီလိုအလုပ်ရှုပ်တာသိသိကြီးနဲ့ ကိုယ့်ဟာကိုယ်ကို ပြန်ချင်လို့ကိုပြန်တာ။ နောက်နှစ်တွေလဲ ပြန်ဖို့ကြိုးစားအုံးမှာပဲ။

ကျောင်းတော်ဝင်ပွဲဆိုတာက ဒေသစာရီကြွချီတဲ့ခရီးမှာနောက်ဆုံး သီတင်းသုံးရာရေသာရွာ ကနေပြီးတော့ အမြဲတမ်း သီတင်းသုံးရာစံကျောင်းတော်ကိုပြန်ကြွတဲ့ပွဲပေါ့။ ပြည်တွင်းပြည်ပက ခရီးသွားတွေကတော့ရိုးရာဓလေ့တခုကို လေ့လာချင်တဲ့အနေနဲ့ အထူးအဆန်းအနေနဲ့စိတ်ဝင်စားကြတာဖြစ်ပြီး ကျွန်မတို့ဒေသခံတွေအနေနဲ့ ကတော့ ပုံမှန် ပွဲလမ်းသဘင်တခုထက် မျိုးရိုးစဉ်ဆက်လုပ်ခဲ့တဲ့ လှူဒါန်းပူဇော်ပွဲ အဖြစ်အလေးထားတာပါ။ ဘုရားကြွနေတဲ့တလျှောက်ကတော့ ရောက်တဲ့ရွာမှာ သူ့ရွာနဲ့သူသာ ကြိုကြတာများပေမယ့် ကျောင်းတော်ဝင်နေ့မှာတော့ တအင်းလုံးက ရွာတွေတင်မက အနီးအနားတောင်ပေါ်ရွာတွေကပါ လာကြပါတယ်။

နောက်နေ့မနက် (အောက်တိုဘာ ၆ရက် - သီတင်းကျွတ်လဆုတ် ၃ရက်) မှာတော့ ကျောင်းတော်ဝင်ပွဲ။ မနက် ၅နာရီခွဲအိပ်ရာထ ခြောက်နာရီထိုးတာနဲ့အိမ်ကထွက်ဖို့ပြင်ရပါတယ်။

ရွာကနေ ဆယ့်ငါးမိနစ်လောက်မော်တော်မောင်းရင် ခုမြင်ရတဲ့ ဖောင်တော်ဦးဘုရားစံကျောင်းတော်ရှိရာ ကိုရောက်ပြီ။ ကရ၀ိတ်ဖောင်တော်ကိုကြိုးနဲ့ဆွဲပြီးပင့်ဆောင်ဖို့ ဆွဲလှေတွေတချို့လဲ သွားကုန်ကြပြီ။


ပေါင်းမိုးလေးလိုပါတဲ့ လှေက ဈေးသည်လှေလေ။ တို့ဟူးသုတ်သည်ဖြစ်ဖို့များတယ်။


ကရ၀ိတ်ဖောင်တော်ကိုကြိုးနဲ့ဆွဲပြီး ကြိုဖို့ ဆွဲလှေတွေသွားကြပြီ။
ကရ၀ိတ်ဖောင်တော်က ရှစ်နာရီခွဲလောက်မှရောက်လာမှာဖြစ်ပေမယ့် ဘုရားဖူး မော်တော်တွေကတော့ ခြောက်နာရီခွဲလောက်ထဲကလာမယ့်လမ်းတလျှောက် (ချောင်းတလျှောက်)မှာ နေရာယူထားကြပြီ။
ကရ၀ိတ်ဖောင်တော်ဖြတ်သွားမယ့်ချောင်းတလျှောက်က အိမ်တွေမှာ ရာဇမတ်တွေ ကာပြီးကြိုကြတယ်။
သာလေးရွာကဘုန်းကြီးကျောင်း။

ပအိုဝ့်တိုင်းရင်းသားတွေလဲ တောင်ပေါ်က ဆင်းလာကြတယ်။
တိုးရစ်မော်တော်ကလဲ ဓါတ်ပုံရိုက်ဖို့ နေရာကောင်းလိုက်ရှာနေပုံရတယ်။ တခါတလေ ဘာမှမဟုတ်ဘူး။ မော်တော်ကို ချောင်းအထက်ပိုင်းမောင်းလိုက် အောက်ကိုပြန်မောင်းလိုက်၊ အသိတွေ့ရင် လက်ပြနှုတ်ဆက်လိုက်နဲ့ ။ဖြစ်နိုင်တာက မောင်တော်မောင်းတဲ့ လူပျိုတွေ (ကျွန်မရဲ့မောင်လေးတွေအပါအ၀င်ပေါ့) အပျိုချောချော လိုက်ရှာနေတာက များများနဲ့တူပါတယ်။
အိုး...တိုက်တိုက်ဆိုင်ဆိုင်။ ရာဇမတ်ကာထားတာနဲ့ ဆွမ်းတော်ပွဲပြင်ပြီးကပ်ထားတာကို ရိုက်ပြချင်တာ ဘဘကြီး နေရာပြင်ထိုင်တဲ့အချိန် နဲ့တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတယ်။ အကြာကြီးထိုင်စောင့်ရတော့ ဘဘကြီးလဲ ညောင်းမှာပေါ့နော်။
မနက်ရှစ်နာရီခွဲလောက်မှာ ရှေ့ပြေးဆွဲလှေတွေ စ၀င်လာပြီ။ ဒီအချိန်မှာ ဆွဲလှေတွေက ပြိုင်ပွဲဝင်သလို အရှိန်နဲ့ မလှော်ခတ်ကြပါဘူး။ အင်းရေပြင်ကျယ်ကို ဖြတ်တဲ့အချိန်မှသာ အရှိန်နဲ့လှော်ခတ်ကြတာပါ။ ခရီးသွား လုပ်ငန်းတွေက သူတို့ တိုးရ်ခရီးစဉ်တွေကို အဲဒီအချိန်နဲ့ကိုက်ပြီး အစီအစဉ်ဆွဲတတ်ကြတယ်။ ပထမဆုံးလှေကစလို့ ကရ၀ိဖောင်တော်ထိ လှေတွေအကုန်လုံးဟာ တစင်းစီစီတန်းပြီး တစင်းရဲ့ ပဲ့ပိုင်းနဲ့ တစင်းရဲ့ဦးပိုင်းကို ခိုင်ခံ့တဲ့ကြိုးတွေနဲ့ ဆက်ထားတာပါ။ ဒေသစာရီကြွတဲ့ခရီးတလျှောက်လုံးမှာ စက်တပ်ယာဉ်မပါပဲ ဆွဲလှေတွေကလှော်ခတ်အားနဲ့ ဖောင်တော်ကို ဆွဲယူတာပါ။ ခေတ်ရေစီးကြောင်းအရ နေကာမျက်မှန်တတ်တယ်။ ဒစ်ဂျစ်တယ်ကင်မရာကိုင်တယ်။ ဒါပေမယ့် ရှမ်းဘောင်းဘီဝတ်ပြီး ခေပယ်ကောက်နေတုံး (ခြေထောက်နဲ့လှေလှောနေတုံး)
ဒီလိုအရွယ်ထဲကစပြီး အလေ့အကျင့် ရှိခဲ့ကြတာလေ။
ဒါက နန်းဟူး ရှမ်းရွာကဆွဲလှေ။ အင်းထဲမှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေနေတဲ့ရွာပေါ့။ရှမ်းစကားပြောကြတယ်. ရှမ်းစာတတ်ကြတယ်။ တော်တော်များများအင်းသားတွေက အသားညိုကြပေမယ့် သူတို့ကတော့ သိသိသာသာ အသားဖြူကြတယ်။ ရွာတိုင်းက ဆွဲလှေတိုင်းက ကရ၀ိတ်ဖောင်တော်နဲ့ အနီးဆုံး အဲဒီနေရာမှာ နေချင်ကြပေမယ့် ကျောင်းတော်အ၀င်မှာတော့ သူတို့ရွာက အမြဲပထမဦးစားပေး။ ကျွန်မနားလည်သလောက်ကတော့ သူတို့ရွာက မျိုးရိုးစဉ်ဆက်အရကို အဲဒီ အခွင့်အရေးရထားတာ။

ဆွဲလှေတွေပြီးရင်တော့ ကျွန်မတို့ရွာက လှေယာဉ် (အရင်ရန်ကုန်မှာ လှေပွဲတော်ဘာတွေလုပ်တုံးကလဲ အလှပြယာဉ်အနေနဲ့သွားရသေးတယ်) တရွာလုံးမှာရှိတဲ့အပျိုလေးတွေထဲမှာ အချောဆုံးတွေကိုမှ ရှေ့ပိုင်းကထိုင်ဖို့ ဆွမ်းအုပ်ကိုင်ကဖို့ ရွေးလေ့ရှိတယ်။
ပြီးတော့ အိုးကုန်းရွာရဲ့ ဆွမ်းတော်ကြီးပွဲ ပြင်ထားတဲ့လှေ။
ဒီကရ၀ိတ်ဖောင်တော်အငယ်က ဘုရားလှေလို့ခေါ်တယ်။ ဟိုးအရင်တုံးက (ခုနှစ်တော့အတိအကျမမှတ်ခဲ့ရပါ၊ စော်ဘွားတွေလက်ထက်လောက်ကဖြစ်မယ်ထင်တယ်) ဒေသစာရီကြွခဲ့တဲ့ ဖောင်တော်။ နောက်ပိုင်း ကရ၀ိတ်ဖောင်တော်အကြီးကို လှူဒါန်းကြပြီးတဲ့အခါ ကျောင်းတော်ကနေ ပထမဆုံးကြွတဲ့နေရာ အင်းတိမ်ရွာကို ကြွတဲ့အခါမှာဘုရားလှေနဲ့ကြွပြီး အင်းတိမ်ရွာကနေ စထွက်တဲ့ အချိန်ကစပြီး ကျောင်းတော်ကို ပြန်ဝင်တဲ့ထိ ကရ၀ိဖောင်တော်ကြီး နဲ့ပဲကြွတယ်။
ဒီပုံကိုကြည့်မယ်ဆိုရင် ဟိုးအရင်ရှေးရှေးတုံးက ဖောင်တော်ဦးရုပ်ပွါးတော်များ ဒေသစာရီကြွခဲ့တဲ့ပုံဟာဒီလိုပဲဖြစ်လိမ့်မယ် လို့ မှန်းလို့ရပါတယ်။ ၀တ်ဖြူစင်ကြယ်ဝတ်ထားတဲ့ ဘုရားလူကြီးတွေက (ဒီဘုရားလူကြီးတွေကလဲ မျိုးရိုးစဉ်ဆက်အရဖြစ်ရတာလို့ကြားဖူးတယ်) လှော်တက်အရှည်ကြီး နဲ့ လှော်လာ၊ တချို့ဘုရားလူကြီးတွေက ရိုးရာစည်တွေကို တီးလာကြတာကို ကြည့်ပြီး တခြား လူတွေတော့မပြောတတ်ဘူး။ ကျွန်မစိတ်ထဲမှာတော့ ကျွန်မတို့ရဲ့ ဘိုးဘေးဘီဘင်တွေကို မြင်ယောင်လာသလို၊ သူတို့တွေလဲ ဒီလိုအချိန်မှာဒီလိုပဲ ပွဲတော်ကိုဆင်နွှဲခဲ့ကြမှာ၊ ကျွန်မတို့အနေနဲ့ မွေခံထိုက်စေဆိုတဲ့ သားသမီးဝတ်တခုကို ကျေပွန်တယ်လို့ခံစားမိပါတယ်။ အဲဒီအချိန်မှာရှိတဲ့ သဒ္ဒါကြည်နူးမှု၊ ရိုးရားဓလေ့ကိုမြတ်နိုးမှု၊ ထိန်းသိမ်းစောင့်ရှောက်ချင်မှုက အလိုလိုကို ဖြစ်လာပါတယ်။ အဲဒါကြောင့် ကျွန်မမှာ ဘုရားကြွချိန်တခါပြန်သွားတိုင်း နောက်နှစ်တွေလဲ တတ်နိုင်သမျှ ဘုရားကြွချိန် ပြန်ကိုပြန်မယ်ဆိုတဲ့ စိတ်အမြဲဖြစ်ပါတယ်။ တတ်နိုင်သမျှပြန်ဖြစ်အောင်လဲကြိုးစားပါတယ်။

နှစ်စဉ် သီတင်းကျွတ်လဆန်း (၁) ရက်နေ့ကစပြီး လပြည့်ကျော် (၃)ရက်နေ့ထိ (၁၈)ရက်တိုင်တိုင် အင်းလေးဒေသတလျှောက်ကို ဒေသစာရီကြွချီပြီး ကျောင်းတော်ကိုပြန်ကြွလာတဲ့ ဖောင်တော်ဦးရုပ်ပွါးတော် (၄)ဆူပါ။ ကုန်းတော်ပေါ်မှာ လူတွေကြိတ်ကြိတ်တိုးနေလို့ ကျောင်းတော်ပေါ်ကို ပင့်ဆောင်တဲ့ပုံတွေကိုတော့ မရိုက်နိုင်ခဲ့ပါဘူး။ အင်း...ရိုက်နိုင်တဲ့လူများကျတော့လဲ ဘုရားကြွလာမယ့် လမ်းမှာပိတ်ပြီး လှေကားထိပ်ကတောင် ဆီးပြီး ရိုက်နိုင်ကြပါရဲ့။

ုဘုရားကုန်းတော်ပေါ်မှာတော့ တခြားမြန်မာပြည်အရပ်ရပ်က ဘုရားပွဲတွေလိုပဲ။ ဗမာပြည်အရပ်ရပ်ကလာကြတဲ့ ဆယ့်နှစ်ပွဲဈေးသည်တွေ၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ ရိုးရာ ငါးထမင်းနယ်၊ ၀က်သားချဉ်၊ တိုးဟူးနွေး၊ ဟင်းထုပ်၊ အကြော်ဆိုင်တွေ၊ ခလေးတွေအတွက် အရုပ်ဆိုင်တွေနဲ့ ကြိတ်ကြိတ်တိုးနေပါတယ်။ ကျွန်မတို့ငယ်ငယ်တုံးကတော့ ပွဲခင်းထဲကိုသွားရင် အရုပ်ဆိုင်ရှေ့ရောက်ရင်ပူဆာ။ တုတ်ထိုးရုပ်သေးဝင်ကြည့်။ လူကြီးတွေကတော့ အဲဒီအချိန်မှာ တနှစ်စာ အတွက် သနပ်ခါးတုံးဝယ်ကြပါတယ်။ သနပ်ခါးသယ်တွေက အပင်လိုက်ပါ သယ်ရောင်းကြတာကိုး။

တကယ်ဆိုရင် ဒီထက်ပိုကောင်းတဲ့ပုံတွေရိုက်နိုင်ခဲ့သင့်တာပါ။ ဒါပေမယ့် ဗိုင်းကောင်းဆိုရင်ကျောက်ဖိမှဆိုတဲ့ အဒေါ်အပျိုကြီးဆီကို တခါတလေလေးပြန်သွားတုံး သူ့ရှေ့မှာ ထမိန်တကားကားနဲ့ ပျံလွှားမ မလုပ်ချင်တာကြောင့်မော်တော်ထဲမှာပဲ ငြိမ်ဝပ်ပိပြားစွာထိုင်ပြီး မျက်စိရှေ့မြင်မြင်သမျှပုံရိပ်တွေကိုသာ ခလုပ်တဖျတ်ဖျတ် နှိပ်ခဲ့ပါတယ်။ (တကယ်တမ်းဝန်ခံရရင်လဲ ကင်မရာကလဲ မကောင်းပါဘူး။ ကျွန်မအရည်အချင်းကလဲ..နင့်စိတ်တိုင်းကျချိန်ရိုက်စမ်းဟာဆိုလဲ..ဒီပုံတွေနဲ့ ထူးမခြားနားပုံတွေပဲထွက်လာမှာပါပဲ)။

အိမ်အပြန်-၁

မပြန်ခင်တုံးကလဲ နှစ်လ၊သုံးလလောက် ထဲက ကြိုတင်ပြီး လက်မှတ်ဝယ်ရ၊ လက်ဆောင်တွေဝယ်ရ၊ ကြိုတွေးပြီ စိတ်မောရ၊ ပျော်ရ။ တကယ်တမ်းနေခဲ့ရတာ က စုစုပေါင်းမှ ၁၅ရက်တည်း။ ဒါတောင် ရန်ကုန်မှာ လုပ်စရာကိုင်စရာတွေ လုပ်ဖို့က ၁ပတ် အချိန်ပေးရတော့ ရွာမှာက ၁ပတ်လောက်ပဲနေခဲ့ရတယ်။

ဒီလို ဒီလို အကွေ့အပတ်ပေါင်းများစွာနဲ့ တောင်တက်လမ်းတွေကို ဖြတ်ကျော်ပြီး ဇာတိရွာလေးရဲ့ အပြန်ခရီးကို ရင်ခုန်ပျော်ရွှင်ခဲ့တာပေါ့။


ဒီခရီးကို အခေါက်ပေါင်းများစွာသွားခဲ့ ပြန်ခဲ့လည်း ပတ်ဝန်းကျင်ရှုခင်းတွေက ဘယ်ခါကြည့်ကြည့်မရိုးနိုင်ပါ။ စိုက်ခင်းတွေကဆိုလည်း ကိုယ့်ဒေသက စိုက်ခင်းကပဲ ပိုစိမ်းသယောင်၊ ထင်းရှုးပင်တွေတောင် ကိုယ့်ဒေသမှာပေါက်တဲ့ ထင်းရှုပင်က ပိုလှသလိုပဲ။ အမြင်ကျဉ်းတဲ့ မျက်ကန်းမျိုးချစ်တယောက် တော့မဟုတ်ပါဘူးနော်။ ကိုယ့်မွေးရပ်မြေကိုချစ်ခင် စွဲလမ်းစိတ်ကြောင့်ပဲလို့ ကျွန်မထင်ပါတယ်။

ကိုယ့်ရဲ့ မပြီးဆုံးနိုင်တဲ့ လိုအင်ဆန္ဒတွေကြောင့် ကိုယ်ချစ်တဲ့မြေကို ခွဲခွါ နေရပေမယ့် ဒါဟာ တဘ၀စာလုံးကျောခိုင်းထွက်ခွါခြင်းမဟုတ်။ အခါအခွင့်သင့်တိုင်း အပြေးပြန်လာတတ်တဲ့ကိုယ့်ကို ရှမ်းတောင်တန်းကြီးတွေက အမြဲ ခွင့်လွှတ်ချစ်ခင်နေမယ်လို့ ယုံကြည်နေပါတယ်။


ဒါကတော့ ကားလမ်းဆုံးပြီး ရေလမ်းနဲ့ ခရီးဆက်ရမယ့် လှေဆိပ်လေးပေါ့။ ဒေသခံတွေစီးတဲ့ လိုင်းမော်တော် ဂိတ်တနေရာပေါ့။ (လိုင်းကားဂိတ်လိုမျိုး)။ ဒီကနေပြီးတော့မှ သွားချင်တဲ့ရွာကိုရောက်မယ့် မော်တော်ကိုရွေးစီးရတာပေါ့။

ဒီနေရာကတော့ ခရီးသွားဧည့်သည်တွေ မော်တော်စီးရတဲ့ တနေရာ။

လိုင်းမော်တော်ပဲစီးစီး၊ တိုးရစ်မော်တော်ပဲစီးစီး မော်တော်မောင်းရတဲ့ချောင်းကတော့ အတူတူပါပဲ။


တခုတည်းသော ကုန်စည်စီးဆင်းဖို့လမ်းကြောင်း။ ဒီလိုနဲ့ ခရမ်းချဉ်သီးတွေ၊ လိမ္မော်သီးတွေ၊ ကြက်သွန်ဖြူတွေ၊ ဂေါ်ဖီထုပ်တွေ စတဲ့ကုန်စိမ်းတွေဟာ မြန်မာပြည်အနှံ့ တင်ပို့ကြတာ။

အဲဒီအချိန်မှာ ပူတဲ့နေ၊ မြင်ရတဲ့ရှုခင်း၊ ရေပြင်ကျယ်ကိုဖြတ်တိုက်လာတဲ့ လေအေးအေးလေးတွေကို စတင်ခံစားရပြီပေါ့။ အဲလိုချောင်းလေးအတိုင်း မိနစ်သုံးဆယ်လောက်မောင်းသွားရင်
မျှော်လင့်နေတဲ့ ရေပြင်ကျယ်ကြီး။ ဒါပေမယ့် အင်းအစဆိုတော့ ရေကနဲနဲနောက်သေးတယ်။

နဲနဲလေးဆက်မောင်းလိုက်တာနဲ့ ကြည်လင်တဲ့ရေပြင်..ဟိုးအနားသတ်က တောင်တန်းတွေ.. တိမ်တွေကလဲ ပိုပြီးနိမ့်နိမ့်လေး။ တိမ်တွေက နေကို ကွယ်သွာပြီး လေတဖြူးဖြူးနဲ့...ဟားး.. ရန်ကုန်လေဆိပ်မှာ အရစ်ခံရတာတွေ၊ ဖုန်တလုံးလုံးနဲ့ ချိုင့်ခွက်တွေပါလှတဲ့ကားလမ်းတွေ၊ မီးစက်သံ တညံညံနဲ့ ရန်ကုန်မြို့ရဲ့ မီးပျက်ညတွေ အားလုံး မေ့။


စိတ်ဝင်စာအံသြဖွယ်သမိုင်းကြောင်းရှိခဲ့တဲ့ အင်းလယ်က ဟင်္သာတိုင် ကိုကျော်ပြီးရင်တော့ ကျွန်မတို့ မော်တော်က ကျယ်ပြန့်တဲ့ ရေပြင်ကနေ တဖြည်းဖြည်းဖယ်ခွါပြီး ချောင်းအစွယ်တခုဆီကို ဦးတည်နေပါပြီ။










တ၀က်ကကျွန်မတို့အမျိုးတွေပါ(ကိုလေးဖြူရဲ့ စကားကို ကော်ပီကူးလိုက်တာပါ)















ဟိုးအ၀င်မှာ ရွာအ၀င်လမ်း။ နောက် ဆယ်မိနစ်လောက်ဆို အိမ်ရောက်ပြီ။














ကင်မရာသိမ်းလိုက်ပြီနော်။ ရွာထဲဝင်ပြီ။ တော်ကြာ ကင်မရာတကားကားနဲ့ ဘယ်က တိုးရစ်မှတ်တယ်။ ရွာအနောက်ဘက်ခြမ်းက မယ်မိုး ဖြစ်နေတာကိုးဆို ပြီး အမျိုးတွေ အတင်းပြောခံထိမှာဆိုးလို့။
အိမ်ရောက်တော့မယ်ဟေ့....