Friday, October 30, 2009

ကိုယ်နေချင်တဲ့ နေရာ

ကိုယ့်တကယ်နေချင်တဲ့ နေရာဟာဘယ်မှာပါလိမ့်။ အေးချမ်းတိတ်ဆိတ်လွန်းတဲ့ အဖေ့ဇာတိရွာလေးလား။ အဲဒီမှာ ကိုယ့်အတွက် နားခိုရာ အဖေထားခဲ့တဲ့ အိမ်လေးတလုံးရှိတယ်။ ကိုယ့်ကို ချစ်တဲ့၊တွယ်တာတဲ့ ဆွေမျိုးတွေရှိတယ်။ ကိုယ့်ကို ခင်မင်တဲ့ ငယ်သူငယ်ချင်းတွေရှိတယ်။ ဒါပေမယ့် အဲဒီရွာလေးကိုတော့ တနှစ်တခါ သွားလည်ဖို့ပဲကြိုက်တယ်။ အမြဲတမ်းတော့ နေနိုင်မှာမဟုတ်ဘူး။

ကိုယ်ပညာသင်ခဲ့တဲ့ မြို့တော်ဟောင်းကြီးရဲ့လူစည်ကားရာရပ်ကွက်၊ခြောက်ထပ်တိုက် အပေါ်ဆုံးထပ်က 15ပေ၊ ပေငါးဆယ် အခန်းပိန်ရှည်လေးလား။ အခန်းလေးက ကိုယ်ရောက်တဲ့အချိန်တိုင်း အဆင်သင့်ရှိနေပေမယ့် အဲဒီနေရာလဲ မွန်းကြပ်လွန်းတယ်ကွယ်။ မီးမမှန်၊ ရေမမှန် .. မမှန်ခြင်းများစွာနဲ့ ပြည့်နေတဲ့ အဲဒီ နေရာလေးကလဲ ကိုယ့်ကို တကယ်အမောမပြေစေပါဘူး။
လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေတဲ့၊ ရေကြည်ရာမြက်နုရာ ဆိုပြီး အချို့သောလူတွေ ပြောင်းရွှေ့နေကြတဲ့ မြို့သစ်ကြီးမှာလား။ ဒါလဲမဟုတ်သေးပါဘူး။

ဒါဆိုရင်... အခုကိုယ်ရောက်နေတဲ့ ကျွန်းကလေးရဲ့ အစွန်က အခန်းလေးလား။ ကွန်းခိုရာ အခန်းလေးကတော့ ခုလောလောဆယ် ကိုယ့်အတွက် အေးချမ်းမှုအတန်အသင့် ပေးနိုင်တဲ့ နေရာလေးပါပဲ။ ဒါပေမယ့် တသက်တာ နေချင်တဲ့နေရာလေးတခုကတော့ အဲဒါလည်းမဟုတ်သေးဘူးနော်။

ကိုယ်တကယ်နေချင်တဲ့နေရာက တောင်ပေါ်မြို့လေးတမြို့ရဲ့ အစွန်တနေရာလေး၊ မြို့ပတ်လမ်းလို ကတ်တရာလမ်းပေါ်မှာ လေးထောင့် ကျကျခြံလေး။ အလယ်မှာတော့ ချမ်းအေးတဲ့တောင်ပေါ်ဆောင်းရဲ့ ဒဏ်ကိုခံနိုင်မယ့် တထပ်တိုက်ပုပုလေး။ အိပ်ခန်း လေးခန်းလောက်ရယ်၊ ဘုရားခန်းရယ်၊ ဧည့်ခန်းရယ်၊ စာဖတ်ခန်းရယ် ကို အိမ်မကြီးမှာ ထားပြီး၊ မီးဖိုဆောင်နဲ့ ထမင်းစားခန်းကို တဖက်မှာ အဆောင်လေးထုတ်ထားမယ်။ မီးဖိုကထွက်လိုက်တာနဲ့ ငရုတ်သီး၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ပူစီနံ၊ စပါးလင်စတဲ့ ဟင်းခတ် အမွှေးအကြိုင်ပင်တွေ၊ မုန်ညင်း၊ ချဉ်ပေါင် စတဲ့ဟင်းသီးဟင်းရွက် တွေကိုမြောင်းဖော်ပြီးစိုက်ထားတဲ့ စိုက်ခင်းလေးကိုရောက်မယ်။ ဗူး၊ ဖရုံ နဲ့ ပဲသီးပင်တွေကတော့ ခြံထောင့်မှာ စင်လေးထိုးလို့ပေါ့နော်။

အိမ်ခေါင်းရင်းမှာတော့ ဘုရားလှူဖို့အတွက် နှင်းဆီ၊ ဇွန်၊ စံပါယ်၊ မြတ်လေး၊ ယုဇန၊ ဆောင်တော်ကူး နဲ့ ဇီဇ၀ါပန်းတွေကို ဆယ့်နှစ်ရာသီ မပြတ်တန်း တခုမဟုတ်တခု ပွင့်နေအောင် စိုက်ထားမယ်။ အိမ်နဲ့ ခပ်လှမ်းလှမ်းမှာတော့ အရိပ်ရမယ့် အပင်ကြီးတွေပေါ့။ ထောပတ်၊ လိုင်ချီစ်း နဲ့ မာလကာပင်တွေကို တော့ မေမေ့အစီအစဉ်အတိုင်း စိုက်မယ်။ နေပူပူမှာ ရင်အေးစေမယ့် ပင်မှည့်သီးဖျော်ရည်သောက်ဖို့ ပင်မှည့်သီး အပင်ကိုတော့ အပင်ကြီးကြီး တခုမှာ နွယ်တက်စေရမှာပဲ။ တကယ်လို့ မေမေက သူ့ရဲ့ ဇာတိမြေလတ်မြို့ကခြံလေးကို သတိရတယ်ဆိုရင်လဲ သြဇာ၊ သရက်၊ ကြောင်လျှာတို့ကို စိုက်ရင်စိုက်ပေါ့နော်။ ရာသီဥတုကအေးတော့ ဖြစ်ပါ့မလားတော့မသိဘူး။

ခြံအ၀င်မှာတော့ ကိုယ်တို့ မိသားစုအားလုံး ကြိုက်တဲ့ စိန်ပန်းပြာပင်တွေ စိုက်ရမယ်။ ဆောင်းအကုန်လောက်မှာ တပင်လုံး ဝေနေအောင် ပွင့်ပြီး ကြွေချိန်မှာလဲ မြေပြင်တခုလုံးကို ပန်းကော်ဇောခင်းသလို အလှဆင်ပေးတတ်တဲ့ စိန်ပန်းပြာတွေလေ။ အိမ်ရှေ့က ပန်းခင်းလေးကိုတော့ ညီမလေးကို တာဝန်ပေးမယ်။ သူစိတ်ကူးရှိတဲ့အတိုင်း လုပ်ပစေတော့။ ဒါပေမယ့် သဘာဝကျောက်တုံးလေးတွေနဲ့ စမ်းချောင်းလေးတခုတော့ ခြံထဲမှာ စီးနေစေချင်တယ်။

ညနေ နေအေးချိန်ကျရင် သားအမိသုံးယောက် သိုးမွေးထိုးရင်း၊ ကော်ဖီသောက်ရင်း ပန်းခြံလေးထဲမှာထိုင်လို့၊ စမ်းချောင်းလေးထဲက ရေစီးထဲမှာ ပန်းလေးတွေက တငြိမ့်ငြိမ့်မျှောလို့။ တမိသားစုလုံး ကော်ဖီကြိုက်တတ်တာဆိုတော့ ကော်ဖီပင်လေးလဲ စိုက်ထားရင် ပိုကောင်းမယ်နော်။

အဲလိုခြံလေးဆိုရင် ... မြို့နဲ့လဲ သိပ်မဝေးတော့ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းသွားမယ်ဆိုရင် အချိန်တိုအတွင်းရောက်နိုင်မယ်၊ ခေတ်ကြီးနဲ့ အဆက်မပြတ်ချင်သူ ကိုယ်တို့ ညီအမအတွက်လဲ အင်တာနက်တို့၊ ဘာတို့ညာတို့နဲ့ သိပ်အလှမ်းမဝေးစေဘူး။ ကံကောင်းရင်အဲဒီအချိန်မှာ မြို့လေးမှာ ၀ိုင်ဖိုင်တွေ ဘာတွေသုံးလို့ ရချင်ရနေမှာ။

နွားနို့စစ်စစ်ဝယ်လို့ရလို့ ညီမလေးကတော့ ပူတင်းတွေ၊ ကိတ်မုန့်တွေ စမ်းဖုတ်နေမှာသေချာတယ်။ ပိုးသတ်ဆေးကင်းတဲ့ အသီးအရွက်တွေ ကိုစိတ်ကြိုက်စားလို့ရတော့ ရွက်ဖြန်းဓါတ်ဆေးတွေ၊ အသီးဖြန်းဓါတ်ဆေးကိုတွေးကြောက်စရာမလို၊ ကြက်ဥအတုမိမလားတွေးစရာမလို။

အိပ်မက်တွေမက်ရင်း၊ စိတ်ကူးယဉ်နေရင်းနဲ့ .. တနေ့နေ့တော့အကောင်အထည်ပေါ်လာမှာပေါ့နော်။