Wednesday, August 28, 2013

တိတ်တိတ်လေး


အားတက်သရော အိတ်မှောက်ဖာသွန်နေတဲ့ ပျော်စရာ ဘလောဂ့်လေးတွေကိုဝင်ဖတ်ရင်း မယ်မိုးတယောက်လဲ ကိုယ့်ဘလောဂ့်လေး ကိုယ်ပြန်အသက်သွင်းချင်စိတ် ပေါ်လာမိပါတယ်။  တိတ်တိတ်လေးပျောက်နေပြီး တိတ်တိတ်လေးပဲပြန်လာပါပြီ။ 

ဘလော့ဂ်မရေးဖြစ်တဲ့အချိန်တွေကို ကိုယ့်အတွက်ရော အများအတွက်ပါ အကျိုးရှိမယ့်အလုပ်တွေ ပိုလုပ်ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် တကယ်တမ်းတော့ ထင်တိုင်းမပေါက်ခဲ့ပါဘူး။  စာနည်းနည်း ပိုဖတ်ဖြစ်တာပဲရှိပါတယ်။ 

ခုတော့ ဘလောဂ့်လေးကိုပဲ ကိုယ့်ရဲ့ရင်ဖွင့်ရာ ဒိုင်ယာရီလိုသဘောထားပြီး ဆက်ရေးပါတော့မယ်။  အရင်တုံးကတော့ အိမ်နဲ့ဝေးနေရတယ်ဆိုပြီး အလွမ်းပြေဓါတ်ပုံလေးတွေတင်ရင်း ဓါတ်ပုံအကြောင်းပြု ပြီး ရေးချင်တာလေးတွေ ရေးခဲ့ပါတယ်။  ခုတော့ အိမ်လဲပြန်ရောက်ပြီဆိုတော့ လွမ်းတာကိုလဲ စာဖွဲ့လို့မရတော့။  

လွန်ခဲ့တဲ့သုံးနှစ်လောက်တုံးကတော့ မော်နီတာစကရင်မှာ ၀က်သားတုတ်ထိုးပုံတို့၊ ရှမ်းခေါက်ဆွဲပုံတို့၊ ငါးထမင်းနယ်ပုံတို့မြင်လိုက်တာနဲ့သွားရည်တောက်တောက်ကျပြီး မော်နီတာကြီးကိုပဲကောက်ဝါးရတော့မလိုလို၊စီးတီးဟောလ်ပဲ ပြေးရတော့မလိုလို၊ မီးဖိုချောင်ထဲပဲဝင်ပြီး ရှိတာလေးနဲ့ အိုးနင်းခွက်နင်း ချက်စားရတော့မလိုလို ဖြစ်ခဲ့ရာက ခုတော့ ကံဇာတာတလှည့်ပြောင်းလို့ အိမ်ချက်၊ ဆိုင်ချက် ကြိုက်တဲ့အချိန်စားနဲ့  အတော်ဇိမ်ကျနေပါတယ်။

ဘူးသီးချဉ်ရည်ကျဲနဲ့ ငါးဖယ်ဆုပ်၃လုံး၊ ချဉ်စုတ်လန်နေတဲ့ ကင်ပွန်းချဉ်ရွက်ချဉ်ဟင်းနဲ့ ၀က်သားနှပ်၂တုံး၊ ကျဲတောက်တောက်ပဲနီလေးဟင်းနဲ့ ကြက်သားဟင်း၊ ကန်ဇွန်းရွက်ကြော်နဲ့ ဘဲဥကုလားဟင်း စတဲ့ အခုရုံးကကျွေးတဲ့ နေ့လည်စာကိုသူများတွေက   စောဒကအမျိုးမျိုးတက်နေချိန်မှာ ကိုယ်ကတော့ ထမင်းတပန်းကန်တော့ ဘယ်လိုကုန်သွားမှန်းမသိဘူး။  မယ်မိုးစားနိုင်တယ်နော်လို့ တအံ့တသြ ဆိုလာသူတွေကို တပင်တပန်းမရှင်းပြတော့ပါဘူး။  တနေ့တနေ့ ဖုကော့ဒ်ထဲမှာ တလည်လည်နဲ့ဘာစားရမှန်းမသိဘဲ ယောင်လည်လည်ဖြစ်နေတဲ့ နေ့လည် ထမင်းစားချိန်တွေကို ပြန်သတိရမိရင် အခုလို ဗမာထမင်းနဲ့ဟင်း ကို ကိုယ်ဆာနေတဲ့အချိန်မှာ ထမင်းပွဲ ရှေ့ရောက်စားနေရတာ ကိုယ့်အတွက်ဘယ်လောက်အဆင်ပြေမှန်း သူတို့မသိဘူး။

မုန်ဟင်းခါးစားချင်ပြီး မုန့်ဖတ်ဝယ်ဖို့/ ပြုတ်ဖို့ အချိန်မစောင့်နိုင်လို့ ရယ်ဒီမိတ်မုန့်ဟင်းခါးတအိုးချက်ပြီး ထမင်းကြမ်းနဲ့ မြိန်ရည်ရှက်ရည်စားခဲ့တာတွေ၊  ချဉ်ပေါင်ကြော်ထဲကို ပုဇွန်ကြော်ထည့်ရေရောပြီး ချဉ်ပေါင်ဟင်းလုပ်စားခဲ့တာတွေ သူတို့ သိရင် ရောမရောက်ရဲ့နဲ့ ရောမလိုမကျင့်နိုင်ဘူးလားလို့ မေးရင်လဲ ခံရမှာပဲ။  အခုတော့လည်း အမှတ်ရစရာအဖြစ်အပျက်လေးတွေပါပဲ။  အရင်တုံးကတော့ အဲဒါဟာ  ဘ၀ကို ရုန်းကန်နေရတာပဲလို့ကို ကြီးကြီးကျယ်ကျယ်ကိုတွေးပစ်လိုက်တာ။ 

ဆန်ထုတ်သယ်၊ ဆီပုံးဝယ်၊ ကြက်သွန်အိတ်ဆွဲခဲ့ရတဲ့နေ့တွေနဲ့ ယှဉ်ကြည့်လိုက်ရင် အခုက တကယ်ကို ဂွတ်လိုက်ဖ်ပါဘဲ။  အရင်တုံးက အဆင်သင့်ရခဲ့တာတွေကိုတန်ဖိုးမထားတတ်ခဲ့တာ  ကိုယ်တိုင်မလုပ်မဖြစ် ဆိုတဲ့အခြေအနေနဲ့ကြုံပြီးမှဘဲ တန်ဖိုးထားရကောင်းမှန်းသိပါတယ်။ 

အရင်တုံးကလဲ စာရေးရင် ဟိုရောက်ဒီရောက်။  ခုလဲ ဟိုရောက်ဒီရောက်စာစုပါပဲ။