Saturday, July 31, 2010

ပန်းကမ္ဘာမျှော်စင် - ၁

ခွင့်ရတဲ့အချိန်လေးထဲမှာသွားဆေးခန်းပြေးလိုက်၊ မျက်မှန်ပြေးလုပ်လိုက် နဲ့အလုပ်ရှုပ်နေတဲ့ကြားထဲ အဖော်ကောင်းလို့ ပြင်ဦးလွင်ကို ၂ရက်သွားလည် လိုက်သေးတယ်။ ပြင်ဦးလွင်ကပြန်အဆင်းမှာတော့ ကျန်တဲ့လူတွေက မန္တလေးကို ဆက်ဆင်းပေမယ့် ဒီတခါ စိတ်အလိုမလိုက်တော့ဘဲ တယောက်ထဲ ရန်ကုန်ပြန်ဆင်းလာခဲ့ရတယ်။

ပြင်ဦးလွင်ကိုပထမဦးဆုံးအကြိမ်ရောက်ဖူးတဲ့ ကိုးတန်းကျောင်းသူဘ၀ကစပြီး၊ ရောက်တိုင်းရောက်တိုင်း ပိတ်ချင်းမြှောင်မှာ၊ ပွေးကောက်ရေတံခွန်မှာ၊ ရုက္ခဗေဒဥယျာဉ်ထဲမှာ သူငယ်ချင်းတွေကို ရိုက်ပေးလိုက်၊ ကိုယ်ကအရိုက်ခံလိုက်၊ ပန်းပုံတွေ၊ ရှုခင်းပုံတွေချည်းပဲရွေး ရိုက်လိုက်နဲ့ ပြင်ဦးလွင်သွားရခြင်းရဲ့ရည်ရွယ်ချက်၅၀%လောက်က ဓါတ်ပုံရိုက်ဖို့ကျနေတာပဲ။

ပြီးတော့ပုံတွေကြည့်ပြန်တော့လည်း ထူးမခြားနားပဲ။ပန်းခြုံလေးနားမှာ ရီကျဲကျဲနဲ့ငုတ်တုတ်လေး ထိုင်မယ်။ ကိုယ့်ဟာကိုတော့ မခို့တရို့လေးပြုံးနေတယ်ထင်တာပဲ။ ပန်းလေးတွေနဲ့ အလှချင်းပြိုင်နေတယ်ပေါ့။ ဒါပေမယ့် အပြုံးကလွန်သွားပြီး ရီကျဲကျဲပြောင်စပ်စပ်ပုံဖြစ်သွားတာ မသိလိုက်ဘူး။ ပုံကိုကြည့်ပြီးအားပေးကြပုံကနင်က ခြုံထဲဘာဝင်လုပ်နေတာလဲတဲ့။ ပြုံးစိစိနဲ့ တစ်ရှုးပေပါလှမ်းတောင်းနေတာ လားလို့မေးတဲ့လူကမေး။

သစ်ပင်အောက်မှာ လက်လေးနှစ်ဖက်ဆန့်ပြီး ပိုစ့်ပေးနေတဲ့ပုံကိုတော့ ဗျိုင်းလေးပျံနေတဲ့ အတိုင်းပဲတဲ့။
အံမယ်... ကိုယ်ကလည်း တခါတလေကဗျာဆန်ဆန်လေး ပန်းခင်းထဲမှာပန်းလေးတွေကိုငုံ့ကြည့်တဲ့ပုံမျိုး ကြိုးစားပမ်းစား အိုက်တင်ထုတ်လိုက်သေးတယ်။ ဒီပုံမျိုးကိုတော့ လှတယ်တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဆံပင်တွေကွယ်ထားတော့ မျက်နှာကို မမြင်ရလို့တဲ့။
နောက်ခံရှုခင်းကျယ်ကျယ်မှာ ထီးလေးဆောင်းပြီးငေးနေတဲ့၊ လူပုံကနှမ်းစေ့လောက်ပဲပါတဲ့ပုံကိုတော့ ကြိုက်ကြတယ်။ လူမပါရင် ပိုတောင်လှအုံးမယ်တဲ့။

ပြုံးနေပါတယ်ဆိုမှပြောင်စပ်စပ်နဲ့လို့တို့၊ ခပ်တည်တည်ပုံနဲ့အရိုက်ခံတော့လည်း လူမိုက်ကျနေတာပဲ။ တလောကလုံး သူ့လုပ်စာစားနေတဲ့ရုပ်၊ အဲဒီအချိန်တုံးကနင့်ခြေထောက်ကိုဘယ်သူတက်နင်းထားလို့လဲ တို့စသဖြင့် အားပေးခံရတာများ ရိုးနေပြီ။ ဒီ့ထက်အမူအရာလဲမလုပ်တတ်ဘူးလေ။ ဘယ်သူတွေဘယ်လို ဝေဖန်ဝေဖန်ကိုယ်ကတော့ ရောက်ရာအရပ်မှာ ကင်မရာတကားကား သူများကိုလဲရိုက်၊ ကိုယ်တိုင်လဲ အရိုက်ခံနဲ့ခရီးတခုကပြန်လာရင် အိမ်ကလူတွေ အချိန်ကုန်၊ မျက်စိညောင်းဖို့သာပြင်တော့။

ကိုယ်က ဓါတ်ပုံပြရင်လဲ ရိုးရိုးမပြဘူး။ ဒါက ဘယ်မှာရိုက်ထားတာလေ၊ အဲတုံးက ဘယ်သူက ဘယ်လိုပြောလို့ ၀ိုင်းရီနေကြတာ။ ပြီးတော့ ဘယ်နေရာကို သွားတာ။ စသဖြင့် နောက်ခံစကားပြောကလဲ ထည့်လိုက်သေးဆိုတော့ အိမ်ကလူတွေမှာ မျက်စိညောင်း၊ နားညည်းဖို့သာပြင်တော့။ ဒါပေမယ့် ၀ယ်လာတဲ့ မုန့်တွေမျက်နှာနဲ့တော့ ကြည့်ပေးဖော်တော့ရကြသား။

ကိုယ်က ကင်မရာမင်းလုပ်ရရင်တော့ လူတွေကိုပိုစ့်အမျိုးမျိုးတွေထုတ်ခိုင်း၊ မိန်းခလေးတွေဆိုရင်တော့ ကျောင်းသူဘ၀မိန်းထဲရောက်ရင် မလုပ်မဖြစ်ဝတ္တရားလို ဓါတ်ပုံဆရာတွေနဲ့ ဓါတ်ပုံရိုက်တုံးက ချောချောလှလှကောင်မလေးတွေဆိုရင်တက္ကသိုလ်စိန်ဝင်းပြောလေ့ရှိသလို "ကောက်ကြောင်းလေး ပေါ်အောင်ထိုင်..သမီး" ဆိုပြီးဆရာလုပ်လိုက်သေး။
တချို့မြန်မာမင်းသမီးတွေပြက္ခဒိန်တွေ၊ ပိုစတာတွေရိုက်ရင်ရှိသမျှကိုရှေ့ပစ်နောက်ပစ်၊အတင်းပစ်ပြက်ထိုင် ရင်သာ မလှတာ၊ တချို့သူတွေများ နဂိုကလဲလှ၊နေကလဲနေတတ် တော့ သူ့ဟာနဲ့သူထိုင်နေတာတောင် သဘာဝကျကျလေး ကောက်ကြောင်းလေးပေါ်ပြီးလှနေတတ်တာနော်။

သူတို့က ကိုယ့်ပုံကိုကြည့်ရင်သာဝေဖန်တာ၊ ကိုယ်ရိုက်ပေးတဲ့ ပုံတွေတော့ ကြိုက်ကြသား။ အင်းလေ...အားလုံးက သူတို့ကိုယ်သူတို့ဘယ်လိုလေး ပိုစ့်ထုတ်လိုက်ရမလဲပိုစိတ်ဝင်စားကြတာ။ သူတို့ကို စိတ်ရှည်လက်ရှည်၊ မညည်းမညူရိုက်ပေးတတ်တဲ့ သူကလဲ ကိုယ်ကလွဲပြီး ပြိုင်ဘက်မရှိကိုး။

ဒီတခါတော့ခရီးသွားတာ အာရှတိုးရစ်မလုပ်တော့ဘဲ သဘာဝရှုခင်းတွေကိုမျက်စိနဲ့ နှလုံးသားနဲ့ပဲ ခံစားတော့မယ်ဆိုပြီး ကင်မရာယူမသွားခဲ့ဘူး။ ဒါပေမယ့် သူငယ်ချင်းတယောက်က ပြင်ဦးလွင်စလည်ပါပြီ ဆိုတဲ့မနက်ထဲက သူ့(သူ့အဖေဆီကမျက်နှာချိုသွေးပြီးမ,လာတဲ့) ကင်မရာ ကိုယ့်လက်ထဲဝကွက်အပ်လိုက် တာပဲ။ ကိုယ်ကလဲ ကိုယ်ပဲ။ ရောက်ရောက်ချင်းမနက်ရှမ်းခေါက်ဆွဲစားတဲ့ဆိုင်က ပန်းလေးတွေလှတော့ မနေနိုင်မထိုင်နိုင် သွားစရိုက်မိတာ။

ဒီတခါသွားတဲ့အုပ်စုထဲမှာပါတာက နှစ်ဆယ်ကျော်ငါးနှစ်ပတ်လည်(၄)ယောက်လောက်ဆိုတော့ ကိုယ်တို့နဲ့ စာရင်တော့ ခလေးပေါ့။ အဲဒီတော့လည်း ပြင်ဦးလွင် ရောက်တုံး ရောက်ခိုက် ဒင်းတို့တွေက အပြတ်ကိုရှိုင်းပြီး ဓါတ်ပုံရိုက်မယ်ဆိုတာချည်းပဲ။ ဒီပုံက ကောင်မလေးကို ပေးဖို့။ ဒီပိုစ့်နဲ့က သူ့ကောင်မလေးပုံနဲ့ ဖိုတိုရှော့ထဲမှာ ဖြတ်ညှပ်ကပ်လုပ်ဖို့ဆိုပြီး ဘာပိုစ့်မှန်းမသိပေါက်ကရ ပိုစ့်တွေကပါသေး။ အင်းလေ...ကိုယ်တို့လဲ အဲလိုပဲငယ်ခဲ့ တာပဲလေ။

ကိုယ်ကလဲ ကိုယ့်အကြံနဲ့ကိုယ်။ သူ့ကင်မရာ နဲ့ဆို ပန်းပုံလေးတွေ ကောင်းကောင်းရိုက်လို့ရနိုင်တယ်ဆိုပြီး မေ့ချင်ယောင်ဆောင်ပြီးယူထားလိုက်တာ။ တကယ်တမ်းတော့ ဒင်းတို့ ပုံစံအမျိုးမျိုးနဲ့ ပဲပေးသမျှ၊ ကုန်းလိုက်၊ ကွလိုက်၊ ဒူးထောက်လိုက်နဲ့ မော်ဒယ်ကိုကိုနဲ့ မော်ဒယ်မမ (၆)ယောယ်ကြားထဲမှာ ဟိုဘက်ကခေါ်လိုက်၊ ဒီဘက်ကိုပြေးလိုက်နဲ့ အင်း.... သူတို့ဓါတ်ပုံရိုက်ပေးဖို့အရေး ကိုယ်က တမင်တောင် ခွင့်ယူပြီး လိုက်ပေးရတဲ့ အတိုင်းပဲ။ ဒီကြားထဲ စကပ်တို၊ ဂါဝန်တိုတိုဝတ်ထားတဲ့မမများက ကိုယ့်ကို ဓါတ်ပုံပြန်ပြန်ရိုက်တာ အရေးမကြီးဘူး။ တခြားအုပ်စုကိုပါ လှမ်းလှမ်းရိုက်နေလို့ဒင်းတို့ကို သတိပေးရတာကတမျိုး။

တကယ်တမ်းကတော့ ရိုက်လာတဲ့ ပုံလေးတွေကို ပြန်တင်ချင်တာပါ။ စကား နိဒါန်းချီတာ နဲနဲရှည်သွားလို့ ခွင့်လွှတ်ကြပါ။

ပထမတရက်ကတော့ ပြည်ချစ်ဘုရား၊ ပိတ်ချင်းမြှောင်၊ င်္ဘီးအီးရေတံခွန်လို့ခေါ်တဲ့ ပွဲကောက်ရေတံခွန်နဲ့ အပြန်မှာ တရုတ်ဘုံကျောင်းနဲ့ နှီးဘုရားကိုသွားကြတယ်။ Van နဲ့မဆံ့လို့ Light Truck ကားပဲငှားသွားတာ တနေကုန်မှသုံးသောင်းပေးရတယ်။

နောက်ရက်ကျတော့ ကန်တော်ကြီးရုက္ခဗေဒဥယျာဉ်တခုထဲသပ်သပ် သွားခဲ့တယ်။ မနက် ၉နာရီလောက် ရောက် နေ့လည် ၂နာရီလောက်ထိ အထဲမှာပဲ လျှောက်သွား၊ ဓါတ်ပုံတွေ ရိုက်ခဲ့တယ်။ ရောက်ရောက်ချင်းမှာဂေါ့ဖ်ကားနဲ့ တပတ်အရင်ပတ်တယ်။ မိနစ် (၂၀)ကို ၈၀၀၀ပေးရပါတယ်။ နန်းမြင့်မျှော်စင်ဘက်သွားရင်နောက်ထပ်၈၀၀၀တဲ့။ ကိုယ်တွေကတော့ နန်းမြင့်မျှော်စင်ကို ကိုယ့်ဟာကို လမ်းပဲလျှောက်သွားတော့တယ်။ မိုးတဖွဲဖွဲရွာနေလို့ မော်ဒယ်တွေစိတ်တိုင်းကျ ပိုစ့်မပေးနိုင်ခဲ့ဘူးလို့ဆိုပေမယ့် ပုံ၃၀၀ကျော်သွား ပါတယ်။ မိုးဖွဲဖွဲမှာကင်မရာမင်းကိုထီးဆောင်း၊ မော်ဒယ်များလဲထီးဆောင်းပြီး ဇွဲ၊လုံ့လ၊ ၀ီရိယအပြည့်နဲ့ ကြိုးစားခဲ့ကြတာပါ။
ပုံတွေကတော့ သူတို့တွေလစ်တုံးလေး ကမန်းတမ်းရိုက်ထားတဲ့ ပုံလေးတွေတချို့ပါ။ ဆိုလိုချင်တာကတော့ သေချာ ချိန်ရိုက်ထားတာမဟုတ်ပါဘူးပေါ့လေ။

ကားပေါ်ကနေရိုက်လိုက်ရလို့ ၀ါးသွားတာက နှစ်ပုံ။


ဒါလေးကတော့ ဟင်္သာလေးတကောင်ထဲတွေ့လို့ လှမ်းရိုက်လိုက်တာ။ ဝေးသွားတယ်။
ဘယ်အချိန်ရောက်ရောက် ကြည့်လို့မ၀ဘူး။

ဒါကတော့ မိုးခိုရင်း ကော်ဖီသောက်ရင်းနဲ့ ဆိုင်ထဲကနေဆွဲရိုက်လိုက်တာ။



ကားနဲ့စီးသွားနေရင်း သမင်လေးတွေတွေ့လို့ရိုက်လိုက်တာ။


နောက်က၂ကောင်က ဘယ်တုံးက ရန်ညှိုးရန်စလဲမသိပါဘူး။ ဓါတ်ပုံရိုက်နေချိန်မှာပဲ နောက်ကကောင်က ၀င်ခွေ့လိုက်တာ။
အနိုင်အရှုံးပေါ်အောင်မကြည့်လိုက်ရဘူး။ ကားမောင်းတဲ့ကောင်လေးက မိနစ် (၂၀) အတွင်း တပတ်ပြည့်ရေးအတွက် ကားမောင်းထွက်သွားလို့။
ဆက်ပြီး စားမြုံ့ပြန်ပါအုံးမယ်။

Friday, July 9, 2010

အိမ်အပြန် (၂၀၁၀)

မနက်ဖြန်ဆိုရင်... ။ မနက်ဖြန်ဆိုရင် ရန်ကုန်ရောက်နေပြီလို့ တွေးပြီးပျော်နေလို့ပါ။ လွန်ခဲ့တဲ့လေးငါးလ လောက်က ရန်ကုန်ကအလုပ်တခုက လှမ်းခေါ်ပြီးထဲက စိတ်ကနှစ်ခွဖြစ်ဖြစ်နေတယ်။ ဟိုမှာဘဲ ပြန်လုပ်ရင်ကောင်းမလား။ ဒီမှာဆက်နေရင်ကောင်းမလား။ ဟိုပြန်သွားပြီးရင်လဲ နောက်ပိုင်း ဒီကိုပြန်လာချင်ရင် အဆင်ပြေပါ့မလား။ လူကရွေးချယ်စရာရှိလာတော့ ဟိုလိုက ကောင်းမလား၊ ဒီလိုက ပိုကောင်းမလားနဲ့ စိတ်ဒွိဟဖြစ်နေမိတာ တော်တော်မကောင်းတဲ့အကျင့်ပဲ။ အရင်က နေသားကျနေပြီးသားကို အခုမှပဲ ပိုပြီး အထီးကျန်လာသလိုလို၊ အိမ်ကိုပိုလွမ်းလာသလိုလို။ ဒါပေမယ့် ဟိုမှာကျပြန်တော့လဲ အလုပ်နဲ့ ပတ်သက်ပြီး ကိုယ်သည်းမခံချင်တဲ့ ကိစ္စတွေကို ရှောင်လွှဲလို့မရနိုင်ဘူးဆိုတာလဲသိနေပြန်တယ်။ အဲဒီအချိန်ကျရင် အလုပ်ကိုအဆင်ပြေအောင်လုပ်နေရရရင်းစိတ်တွေတို၊ စိတ်ဓါတ်တွေကျမှာလဲ ကိုယ်ဟာကို သေချာသိနေတယ်။
နောက်ဆုံးဒီမှာပဲဆက်နေဖြစ်ဖို့ ရွေးလိုက်ပါတယ်။ အိမ်ကိုလွမ်းတဲ့ကိစ္စ(အိမ်ကိုချည်းပဲ လွမ်းတာတော့ မဟုတ်ဘူး။ အစားအသောက်၊ ဟိုမှာနေရတာ၊ သွားရတာအားလုံးကို လွမ်းတာ) အဲဒီအတွက်ကတော့ ခွင့်ရတိုင်း ပြန်မယ်။ ပိတ်ရက်ရှည်ရှိတိုင်းပြန်မယ်။ လေယာဉ်လက်မှတ် ဒစ်စကောင့်ချတိုင်းပြန်မယ်။ အဲလို တွေးမိပြန်တော့လည်း စိတ်က နဲနဲပျော်သွားသလို။ လွမ်းတဲ့ထဲမှာပါတာတွေက ဒေါ်ရိတ်ကြီးကခုံပုလေး၊ တရုတ်တန်းက မာလာဟင်း၊ ဇက်ဖာက ၀က်သားတုတ်ထိုး၊ မြို့မကျောင်းလမ်းက ကွေ့ကျတ်၊ ကျောက်မြောင်းက ပုဇွန်ခွက်ကြော်သုပ်၊ ကြက်အူသုပ်၊ ရွှေညောင်ပင် ကြက်သားသုပ် etc.၊ စားစရာမှာရင်အလွန်တရာမှကြာတဲ့ဝိုင်...၊ ပီးတော့ အော်ချင်တိုင်းအော်လို့ရတဲ့ အမ် 3၊ ဂျီးများချင်တိုင်းများလို့ရတဲ့ ရန်ကင်းက ဆံပင်ညှပ်ဆိုင်၊ ဒီမှာထက်ဈေးသက်သာတဲ့ dental Clinic ...လွမ်းရတာတွေ အများကြီးပါ။
တကယ်တမ်း နောက်ပိုင်း ခဏခဏပြန်ဖြစ်မပြန်ဖြစ် မသေချာပေမယ့် ဒီတခါတော့ ခွင့်ယူလို့လဲ အဆင်ပြေ၊ တခြားအကြောင်းတွေလဲတိုက်ဆိုင်နေတော့ စိတ်ကုးကို အကောင်အထည်ဖော်နိုင်သွားပါတယ်။ တကယ်တမ်းနေမယ်ဆိုရင် ဟိုမှာ ၁၆ရက်လောက်နေလို့ရပေမယ့် ဘတ်ဂျက်ချွေတာတဲ့အနေနဲ့ ၂ပတ် လက်မှတ်ပဲဝယ်ပြီး ၁၄ရက်ပဲနေမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
၁လလက်မှတ်ဆိုရင် ၄၀လောက်ပိုပေးရမှာလေ။
ခဏခဏဂဒီးဂဒီး ပြန်မယ်ဆိုရင် ခါတိုင်းလိုတော့သူများတွေအတွက်လက်ဆောင်တွေဝယ်နိုင်တော့မှာ မဟုတ်ဖူးလို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ဆွဲဆောင် မှုတွေကတယ်များသကိုး။
သူငယ်ချင်းတွေနဲ့ Orchard ရောက်တော့
- Mango ကို ဒီဈေးနဲ့ရတာ ၀ယ်သင့်တယ် -
- Esprit က discount ၅၀% + ၂၀% (for minimum 3items) + 10% membercard - မူရင်းဈေး ၆၉.၉၀ ဆိုအဲလိုချတော့ ဘယ်လောက်မှ မကျတော့ဘူး။ နင်ဗမာငွေ၂သောင်းလောက်နဲ့ esprit ပေးရတာတန်တယ် -
တယောက်ထဲ နေ့လည်စာထွက်စားရင်း..........
- ဒီအသား၊ ဒီ ဒီဇိုင်းကို ၁၀ ဆို တန်တယ်။ (.... နဲ့ဆိုရင်လိုက်မယ်)
- ဒီခါးပတ်က တခုငါးကျပ်၊ ၃ခုတဆယ်။ (ဟိုမှာ ခလေးတွေ ကြိုက်မှာ)
- ဟိုတယောက်ကတော့ နှုတ်ခမ်းနီသရဲ။ (အင်း ၀ယ်အုံးမှ )
Bodyshop
- ရန်ကုန်မှာဒီမှာထက် ဈေးအရမ်းကြီးတယ်လို့ပြောတယ်။ အခု buy two, get three ဆိုတော့ သိပ်မကျပါဘူးလေ။ ....နဲ့ .... က ဘော်ဒီလိုးရှင်းကြိုက်တာ။ (ကောက်ထည့်)
Isetan Sales
မီးဖိုချောင်သုံးတွေ၊ အိမ်သုံးပစ္စည်းတွေမြင်တိုင်း မေမေ့အတွက်ဝယ်ပေးချင်ပေမယ့်ပုံမှန်ဈေးဆိုဝယ်ဖို့ မစဉ်းစားပါဘူး။ အခုဒစ်စ်ကောင့်ချတဲ့အချိန် မှမ၀ယ်ရင် ဘယ်တော့မှ ၀ယ်ဖြစ်တော့မှာမဟုတ်ဘူး။ (သမီးလိမ္မာလေး...)
နောက်ဆုံးမှာတော့ ကျွန်မရဲ့အိမ်အပြန်ခရီးက ထုံးစံအတိုင်း လတ်ဂေခ်ျ့ (၂)လုံးအပြည့်၊ handcarry တဆွဲ နဲ့ပါပဲ။ ဒါတောင် Check In ၀င်ပြီးရင် အထဲမှာ ၀ယ်ဖို့တေးထားတာတွေရှိသေးတယ်။
ဒီနေ့ရုံးက လုပ်ဖော်ကိုင်ဖက်တယောက်နဲ့ စကားစပ်မိလို့ပြောရင်း .. ဈေးဝယ်ရတာ၊ပတ်ကင်လုပ်ရတာနဲ့ ငါပင်ပန်းနေပြီ ဆိုတော့ သူပြောတာလေးကို သဘောကျမိတယ်။ မိုးဦး...နင်ဘာမှစိတ်ပင်ပန်းမနေနဲ့။ နောက်ဆုံး နင့်ပတ်စ်ပို့နဲ့ လေယာဉ်လက်မှတ်ပါရင် ပြီးရောမဟုတ်လားတဲ့။ ဟုတ်တယ်နော်....အိမ်ပြန်ဖို့ခရီးမှာ အရေးကြီးဆုံးက ဒီ ၂ခုပဲလေ။ အဲ...ဟိုရောက်ရင် သုံးဖို့ ပိုက်ဆံလေးလဲပါရမှာပေါ့။

Friday, May 21, 2010

စာပေခရီးသည် (ရေးသူ - ပါရဂူ)

၁၉၇၁ခုနှစ်က ဆရာပါရဂူ ရဲ့ဆောင်းပါးတပုဒ်ပါ။ ခေါင်းစဉ်ကိုဖတ်တုံးက အင်းလေးခရီးသွား တဲ့အကြောင်းပါမယ်လို့ မထင်မိခဲ့ဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀)လောက်က ဆရာကြီးရဲ့ အင်းလေး အကြောင်းခရီးသွားဆောင်းပါးတပုဒ်ဖြစ်သလို ရှင်ပါရဂူအဖြစ်နဲ့ အစိုးရဓမ္မာစရိယစာချတန်း ဂုဏ်ထူးကျမ်း အောင်မြင်ပြီး ရဟန်းဝါ (၁၄)၀ါ သာသနာ့ဘောင်မှာနေခဲ့တဲ့၊ ဟိန္ဒူနဲ့ သက္ကတစာပေကိုလေ့လာလိုက်စားခဲ့တဲ့ ဆရာကြီးရဲ့ အတွေးအမြင်တစ်ခုကိုလဲ တစေ့တစောင်း သိလိုက်ရတဲ့အတွက်ပါ အမှတ်တရ သိမ်းထားချင်လို့ ကိုယ့်ဟာကိုယ်ပြန်ရိုက်ထားတာပါ။ အခုတော့ စိတ်ဝင်စားတဲ့ သူတွေလည်း ဖတ်လို့ရအောင် ပြန်ဝေမျှပေးလိုက်ပါတယ်။


မိန်းမလည်း လူ

ဘေးနှစ်ဘက်ကို မျှော်ကြည့်လိုက်သောအခါ ညှို့မှိုင်းသော တောင်တန်းကြီးနှစ်ခုကို တွေ့ရသည်။ တောင်တန်း ကြီးနှစ်ခု၏ အလယ်တွင်ကား မျက်စိတစ်ဆုံးပျံ့ပျူးနေသော ရေပြင်ကြီးသည် ပင်လယ်ပြင်၏ အသွင်ဆောင် နေသည်။ ရေပြင်ပေါ်၌ပဲ့ချိတ်စက်တပ်ထားသော လှေနာဝါများသည် သွားလာလှုပ်ရှားနေကြသည်။ ကောင်းကင်ပြင်၏ အပြာရောင်လွှမ်းနေသည်။ ကျွန်တော် စီးလာသည့် ပဲ့ချိတ်စက်တပ်လှေသည် စက်ကုန်ဖွင့်၍ အပြေးနှင်နေသည်။ အခြားလှေများကို တစ်ခုပြီးတစ်ခုကျော်တက်လာခဲ့သည်။

“အင်းဝ ရောက်ပါပြီဆရာ”

အဖော်ပါလာသူတစ်ဦး၏စကားကြောင့် ကျွန်တော်သူ့ကို ငေးကြည့်နေမိ၏။ ကျွန်တော်တို့၏ခရီးမှာ ညောင်ရွှေ မှအင်းလေး ဖောင်တော်ဦးဘုရားသို့သွားသည့် ရေလမ်းခရီးဖြစ်သည်။ “အင်းဝ ရောက်ပြီ” ဟူသောစကား ကြောင့် ကျွန်တော် “မန္တလေး-အင်းဝ”ကိုပြေးသတိရပြီး အဖော်ဖြစ်သူအားကြောင်ကြည့်နေမိသည်။ သို့သော် မကြာလိုက်ပါ။ အင်းလေးအ၀င်ကို “အင်းဝ” ဟုခေါ်ကြောင်းချက်ချင်း သတိပြုမိသွားသည်။ “ကြိုဆိုပါ၏” ဟူသော စာတန်းကြီးကိုလည်း တွေ့ရသည်။ အခြားမြို့ရွာတို့၏ အ၀င်၌ “ကြိုဆိုပါ၏” ဟူသော ဆိုင်းဘုတ်ကို မြေကြီးပေါ်၌ စိုက်ထူထားသည်။ ရေတိုင်းပြည်၊ ရေမြို့၊ ရေရွာဖြစ်သည် အင်းလေးအ၀င်၌ကား “ကြိုဆိုပါ၏” ဟူသော ဆိုင်းဘုတ်ကို ရေထဲ၌ပင် စိုက်ထူထားသည်ကို တွေ့ရသည်။

မကြာမီရွာမသို့ရောက်လာကြ၏။ ရွာမသည်အင်းလေးက အကြီးဆုံးရွာတစ်ရွာဖြစ်သည်။ အထက်တန်းကျောင်း ရှိသည်။ ရွာမ၌ ခရီးတစ်ထောက်နားကြ၏။ နေ့လယ်စာထမင်းကိုလည်း ဘုန်းကြီးကျောင်း အနီးရှိ အိမ်တစ်အိမ် ၌စားကြသည်။

ပြည်မရှိကျေးတောသူ ကျေးတောသားများကဲ့သို့ပင် အင်းလေးသူ အင်းလေးသားများသည် ဖော်ဖော်ရွေရွေ ရှိကြသည်။ စကားပြောသည်ကို နားမလည်သော်လည်း သူတို့၏အမူအရာတွင် ရိုးသားမှုပေါ်လွင်နေသည်။ ကျွန်တော်တို့ ထမင်းနှင့် စားဖို့ တိုဟူးချဉ်သုပ်* ထွက်ဝယ်ကြ၏။ ချောင်းငယ်၏ ကမ်းနှစ်ဖက် ရေစပ်ရှိ တဲငယ် ကလေးများတွင် ဈေးရောင်းသည်။ ဈေးဝယ်သူသည် လှေဖြင့် ၀ယ်ရ၏။ လှေဖြင့် ဈေးရောင်းပြီး လှေဖြင့် ဈေးဝယ်သူတွေလည်း ရှိ၏။

အင်းလေးကား ရေတိုင်းပြည်ဖြစ်သည်။ ရေထဲ၌ပင် ဧည့်ရိပ်သာရှိသည်။ ရေထဲ၌ပင် ဈေးရှိသည်။ ပတ်ဝန်းကျင် ရေ၀ိုင်းနေသည့် ကုန်းမြေပေါ်၌သာ နေထိုင်ကြသည်။

ရွာမ၌ ခရီးတစ်ထောက်နားပြီး “နန်းပန်” သို့ ခရီးဆက်သွား၏။ နန်းပန်၌ဆေးရုံရှိသည်။ အင်းထဲက လူနာများသည် နန်းပန်ဆေးရုံသို့ သွားကြရသည်။ နန်းပန်ဆေးရုံ၌ ဆရာဝန် နှစ်ယောက်ရှိ သည်။ ဆေးရုံရှိ လူနာကုတင်များမှာ တစ်ခါတစ်ရံ ပြည့်နေပြီး တစ်ခါတစ်ရံအလွတ်ရှိနေသည်။ ကျွန်တော်တို့ ရောက်သွားသည့် အချိန်၌ကား လူနာခုတင်အလွတ်များရှိနေသည်ကို တွေ့ရသည်။ ကျွန်တော်တို့ရောက်သွား သည့်နေ့ကား ဈေးနေ့ဖြစ်သည်။ အထက်အညာမြို့များ၌ကဲ့သို့ ရှမ်းပြည်နယ်လည်း သူ့နေ့နှင့်သူသာ ဈေးရှိသည်။ တောင်ကြီးမြို့၌ပင် ဈေးနေ့ဟူ၍ နေ့တစ်နေ့ကို သတ်မှတ်ထားသည်။

ကျွန်တော်တို့၏လှေသည် ခရီးဆက်ပြန်သည်။ နာမည်ကျော် အင်းလေးဖောင်တော်ဦးဘုရားကို လှမ်းမြင်နေရ ပြီ။ အမှန်မှာ နန်းပန်မရောက်ခင် ဖောင်တော်ဦးဘုရားကို ၀င်လျှင်ရ၏။ ကျွန်တော်တို့က နန်းပန်ကို အရင်သွားလိုသည်ဖြစ်၍ ခရီးအဆုံးတွင်မှ ဖောင်တော်ဦး ဘုရားကို ၀င်ကြခြင်းဖြစ်သည်။ ရေပြင်ထဲ၌ထိုးထွက် နေသော ဘုံဗိမာန်ကြီးသဖွယ်ဖောင်တော်ဦးဘုရားတန်ဆောင်းကို လှေပေါ်မှ လှမ်းမြင်ရသည်။

ဘုရားရောက်သောအခါ ဘုရားဖူးများ ရှုပ်ရှက်ခက်နေသည်။ အလွန်ခေါင်သည့် ရေပြင်ကျယ်အလယ်တွင် လာပြီး စည်စည်ကားကား ဖြစ်နေသည်။ ဘုရားဖူးကြ၏။ ဖောင်တော်ဦးဘုရားကား တန်ခိုးကြီးဘုရားဖြစ်၏။ သင်္ကန်းကပ်ပြီး ထိုသင်္ကန်းမှအစကို ယူဆောင်ထားပါက အန္တရာယ် ခပ်သိမ်းကင်းငြိမ်းသည်ဟု အယူရှိကြသည်။ ဘုရား မှာရုပ်ပွါးလေးဆူ* ဖြစ်သည်။ သို့သော် ကျွန်တော်တို့တွေ့ရသည်မှာ ရုပ်ပွါးလေးဆူ* မဟုတ်တော့ဘဲ ရွှေတုံးလေးတုံးဖြစ်နေသည်။ စေတနာသဒ္ဒါတရားထက်သန်လွန်းလှသည့်အတွက် ဘုရားရုပ်ပွါးကို ရွှေချထားကြ သည်မှာ ဘုရား၏ ရုပ်အသွင်တော်ပျောက်ပြီး ရွှေတုံးရွှေခဲများဖြစ်နေပေပြီ။ မနှစ်က ပခုက္ကူသိန်းဃိုရှင်ဘုရား ရောက်သွား၏။ သိန်းဃိုရှင်ဘုရားလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ မျက်နှာတော်၌ ရွှေအထပ်ထပ်ချထား သည်မှာ ဘုရား၏မျက်နှာတော် အသွင်ပျောက်နေပြီ။

ဖောင်တော်ဦး ရုပ်ပွါးလေးဆူ*ကို တန်စောင်းအတွင်းရှိ အုတ်ခုံ ပလ္လင်ပေါ်၌ကိုးကွယ်ထားကြ၏။ ကျွန်တော် တို့ အုတ်ခုံပေါ်ထိတက်ကြည့်ကြသည်။ အပေါ်သို့ “မိန်းမများ မတက်ရ” ဟုဆိုင်းဘုတ်ချိတ်ထားသည်။ အမျိုးသမီးများမှာ အောက်ကသာ ထိုင်ပြီး ရှိခိုးပူဇော်ကြရသည်။ ယင်းစည်းကမ်းချက်မှာ ဖောင်တော်ဦးဘုရား၌ သာမဟုတ်ပေ။ မြန်မာနိုင်ငံရှိတန်ခိုးကြီးဘုရားတိုင်း၌ပင် ယင်းစည်းကမ်းချက် ကိုချထားကြ၏။ ရွှေတိဂုံဘုရား၌ လည်း ထိုနည်းအတိုင်းပင်။ မိန်းမများ အပေါ်သို့ မတက်ကြရပေ။

အတွေးတစ်ခုပေါ်လာသည်။

မိန်းမနှင့် ယောက်ျား အဆင့်အတန်းခွဲခြားမှုသည် အိန္ဒိယက အရင်းခံလာခဲ့ခြင်းဖြစ်သည်။ ရှေးဟောင်း အိန္ဒိယ လူနေမှုစနစ်အရ မိန်းမကို ယောက်ျားထက် နိမ့်ကျသည်ဟု သဘောထားကြသည်။ ယင်းအယူအဆသည် အမြစ် တွယ်နေသည်။ ဗုဒ္ဓဘာသာကိုးကွယ်ဆည်းကပ်မှုနှင့်ပတ်သက်၍ မိန်းမနှင့်ယောက်ျားအဆင့်အတန်းခွဲခြားထား ခြင်းသည် ဗုဒ္ဓ၏ အလိုကျမဟုတ်ပေ။ ဗုဒ္ဓသည် မိမိ၏အဆုံးအမ မိမိ၏တရားကို အားလုံးအတွက် ညီတူညီမျှ တံခါးဖွင့်ထားတော်မူသည်။

ထို့ကြောင့်မိန်းမအား
ဗုဒ္ဓဘာသာကိုးကွယ်ဆည်းကပ်ရေး၌ယောက်ျားနှင့် တန်းတူအခွင့်အေး မပေးဘဲ နှိမ်ထား ခြင်းသည် ဗုဒ္ဓအလိုတော်ကျလည်း မဟုတ်သည့်အတွက် မိန်းမများအား မတရား ဖိနှိပ်ထားသည့် အယူဆွေး အယူဟောင်းသာလျှင်ဖြစ်သည်။ မိန်းမအား ယောက်ျားလောက်မမြတ်ဟု ယူဆသည့် လွဲမှားသော အယူအဆမှ ပေါက်ဖွားလာသည့် အယူဟောင်း အယူဆွေးသာလျှင်ဖြစ်သည်။ မိန်းမသည် ဗုဒ္ဓရုပ်ပွားနားကပ်၍ ငရဲကြီးမည် ဆိုပါကယောက်ျားကော ဘာကြောင့် ငရဲမကြီးရမှာနည်း။ မိန်းမလည်းလူ၊ ယောက်ျားလည်းလူဖြစ်သည်။ လူလူ ချင်း အဆင့်အတန်းခွဲခြားမှုကို ယခုခေတ်တွင်မြေမြှုပ် သင်္ဂြိုလ်ပစ်သင့်ကြလေပြီ။

ဖောင်တော်ဦးဘုရားတွင် တွေ့ခဲ့ရသည့် “မိန်းမများ မတက်ရ” ဟူသော ဆိုင်းဘုတ်ကို မြင်ခဲ့ရာမှ မိန်းမနှင့် ယောက်ျား တန်းတူအခွင့်အရေးအကြောင်းကို စဉ်းစားနေမိသည်။

ပဲ့ချိတ်စက်တပ်ရေယာဉ်ကလေးသည် ကျွန်တော်တို့ကို သယ်ဆောင်ပြီး ဖောင်တော်ဦးဘုရားမှ ထွက်လာသည်။ ကျွန်တော်၏အတွေးသည် အမျှင်မပြတ်သေးပေ။ မကြာမီ ရေယာဉ်ကလေးသည် ရေထဲမှ ထိုးထွက်သည့် ဘုံဗိမာန်ကြီးနှင့် အလားသဏ္ဌာန် တူသည့်ဖောင်တော်ဦးဘုရားတန်ဆောင်းကြီးကိုလည်းကောင်း၊ ရေတိုင်းပြည်၊ ရေရပ်ရွာ ဖြစ်သည့်အင်းလေးကိုလည်းကောင်း၊ နောက်တွင်ထားခဲ့ပြီး၊ မြေပေါ်တိုင်းပြည်ဖြစ်သည့် ညောင်ရွှေမြို့သို့ ဦးတည်ဆိုက်ကပ်လာသည်။

ရှုဒေါင့်၊ ၁၅-၆-၇၁


(တိုဟူးချဉ်သုပ်* - တို့ဟူးသုပ်၊ ရုပ်ပွားလေးဆူ* - ရုပ်ပွား ငါးဆူ)


Wednesday, May 19, 2010

အေးစက်စက် ရှန်းကျန့်

မြန်မာပြည်မှာနေတုံးက မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ အလုပ်ကိစ္စဖြစ်ဖြစ် ခရီးအတို၊ အရှည်မျိုးစုံ မကြာခဏသွားလေ့ရှိတဲ့အကျင့်က အခုကောင်းကောင်းဒုက္ခပေးနေပါတယ်။ တနေရာထဲမှာနေတာ လေးငါး ခြောက်လကြာတာနဲ့ ခရီးထွက်ချင်လာရော။ အခုလောလောဆယ်တော့ အခြေအနေမပေးသေးတော့ အရင်က သွားခဲ့ဖူးတဲ့ နေရာက ဓါတ်ပုံလေးတွေကိုပဲ ရသေ့စိတ်ဖြေ ကြည့်ရအုံးမယ်။

ဒါပေမယ့်လည်း အရမ်းပျော်စရာကောင်းတဲ့ ခရီးတွေက ဓါတ်ပုံတွေမြင်ရင်ပိုရောဂါတက်နေမှာစိုးလို့ ပျော်စရာ သိပ်မကောင်းခဲ့တဲ့ အေးစက်စက် ခရီးတခုက ဓါတ်ပုံလေးတွေကိုပဲပြန်ကြည့်ပါတော့မယ်။

၂၀၀၉ ဖေဖော်ဝါရီလတုံးက တရုတ်ပြည် ရှန်းကျန့် (အဲလိုပဲအသံထွက်မယ်တူပါတယ်) ကိုလေးငါးရက်လောက် သွားခဲ့ရပါတယ်။ တကယ်တော့ ကိုယ့်အလုပ်နဲ့လဲသိပ်မပတ်သက်ပဲနဲ့ သူများရုံးခွဲအတွက်နဲ့ တရုတ်ပြည်ကို သွားခဲ့ရတာ တရုတ်စကားတတ်လို့မဟုတ်ပါဘူး။ မြန်မာစကားတတ်လို့ပါ။ မြန်မာပြည်ကဆရာသမားက ဂျာမဏီပြပွဲသွားတုံးကတော့ ကိုယ့်တပည့်ကျော်ကိုခေါ်သွားဖို့သတိမရပဲ၊ တရုတ်ပြည်ကိစ္စရှိမှပဲ ဒီခရီးကတော့ မိုးဦးထက်သင့်တော်တဲ့လူ မရှိဆိုပဲ။ ကျွန်မကလည်း တရုတ်ပြည်က ပြန်လာပြီးရင် မြန်မာပြည်ကို (၁၀)ရက်လောက် ခွင့်ယူစရာမလိုပဲ ပြန်ရမယ်ဆိုတဲ့ မက်လုံးလေးကိုသဘောကျပြီး သွားပေးဖို့ သဘောတူလိုက်ပါတယ်။

ရှန်းကျန့်ကိုလေယာဉ်ဆိုက်တော့ ည(၁၁)နာရီထိုးနေပါပြီ။ လေဆိပ်အ၀င်မှာအရာရှိကမေးအင်္ဂလိပ်သံပြတ်နဲ့ ဘယ်လောက်ကြာနေမှာလဲတဲ့။ (၁)ပတ်လို့ ပါးစပ်ကဖြေလိုက်ပေမယ့်၊ စိတ်ထဲမှာတော့ အမလေး...သူတို့က အဲဒီထက်ကြာကြာနေပေးပါလို့ တောင်းပန်ပြီးခေါ်ထားရင်တောင် မနေဘူး၊ စိတ်ချလို့ ပြောမိပါတယ်။ အပြင်ထွက်လာတော့ အဲဒီ့ဘက်ရုံးက၀န်ထမ်းတယောက်က ကျွန်မ နာမည်ရေးထားတဲ့ စာရွက်လေးကိုင်ပြီးကြိုနေပြီး တည်းရမယ့်ဟိုတယ်ကိုပို့ပေးပါတယ်။

လာကြိုတဲ့ လူက ကုတ်၊ နက်(ခ်)တိုင် ၀တ်စုံပြည့်နဲ့ ကားကလဲ ပြောင်လက်နေတဲ့ ဘီအမ်ဒဗလျူနဲ့ဆိုတော့ ပထမတော့ ငါ့ကို မြန်မာရုံးရဲ့ ဂျီအမ်များမှတ်နေလားလို့ ဘ၀င်မြောက်မိပါသေးတယ်။ နောက်မှသိရတာက တရုတ်ပြည်မှာ ဒရိုင်ဘာတိုင်းက အနောက်တိုင်းဝတ်စုံပြည့်ဝတ်တယ်ဆိုဘဲ။ ကားကလဲ သူတို့ရုံးက အဆင်ပြေသလိုစီစဉ်တာ၊ နောက်ရက် စင်္ကာပူရုံးက ဒါရိုက်တာရောက်လာပြီးတော့ ကျွန်မတို့ (၂)ယောက် ကိုစက်ရုံသွားဖို့လာကြိုတော့ ပေါင်မုန့်ကားလိုကားမျိုးတလှည့်၊ ဆလွန်းကားတလှည့် အဆင်ပြေသလိုပါပဲ။

မနက်အိပ်ရာကနိုးလို့ မှန်ပြတင်းပေါက်က လှမ်းကြည့်လိုက်တော့ အပြင်မှာမြူခိုးတွေဝေပြီး တောင်တွေကို လှမ်းမြင်ရတော့ နည်းနည်းစိတ်ကြည်နူးသွားတယ်။ တောင်ကြီးလိုလိုဘာလိုလိုပေါ့။
တကယ်တမ်းက အဲဒီမြို့က စီးပွါးရေးဇံလိုမျိုး၊ စက်မှုဇုံလိုမျိုးသက်သက်ပါပဲ။ ဘာမှသမိုင်းဝင် အထင်ကရနေရာလဲမရှိ။ ရောက်စတုံးမနက်ပိုင်းကြည့်တုံးကတော့ တောင်ကြီးနဲ့တူသလိုလိုပဲ၊ နောက်ပိုင်းစက်ရုံသွားရင်း ဖြတ်သွားဖြတ်လာ လမ်းတွေ ကြည့်တော့ မန္တလေးနဲ့တူသွားတယ်။

မနက်စာဆင်းစားပြီးအခန်းပြန်ရောက်တော့ ဟောင်ကောင်ကနေလာမယ့် ဒါရိုက်တာက ဖုန်းလှမ်းဆက်တယ်။ သူက ညဘက်မှရှန်းကျန့်ကိုရောက်မှာမို့လို့ စက်ရုံကိုတော့ မနက်ဖြန်မှသွားရမယ်တဲ့။ အဲဒီတော့ ဒီနေ့တနေ့လုံးဘယ်မှ မသွားပဲနဲ့ ဟော်တယ်ထဲမှာပဲနေပြီး Manual ကိုကြိုဖတ်ထားတဲ့။ စားချင်တာ ဟိုတယ်ထဲမှာပဲကြိုက်တာမှာစား၊ အပြင်ကိုတော့ လုံးဝမသွားပါနဲ့တဲ့။ အိုခေ လို့ပြောပြီး ဖုန်းချတာနဲ့ အင်တာနက်ဝင်၊ကိုနဗနရဲ့Blogမှာမဖတ်ရသေးတဲ့ပိုစ့်တွေဝင်ဖတ်နေလိုက်တာနေ့လည်စာနဲ့ ညစာကိုတောင် ပေါင်းပြီးစားဖြစ်တယ်။ ညဘက်ကျမှ သတိရပြီးသူ့Manual စာအုပ်ကို ၁၀မိနစ်လောက်ဟိုလှန်၊ဒီလှန် ကြည့်လိုက်တယ်။

နောက်သုံးရက်တော့ ဘာမှမထူးခြားပါဘူး။ စက်ရုံကပို့ပေးထားတဲ့ဟိုတယ်ကနေ ကျွန်မတို့စင်္ကာပူရုံးကလူတွေ လာရင်တည်းနေကျ လူနဲနဲပိုစည်တဲ့နေရာကဟိုတယ်ကိုနောက်ရက်မှာပြောင်းပေးတယ်။ နေ့တိုင်းမနက်စာစား၊ လာကြိုတဲ့ကားနဲ့စက်ရုံသွား၊ တရုတ်အင်ဂျင်နီယာကတရုတ်ဗားရှင်းတင်ထားတဲ့စက်ကိုဖွင့်ပြီးရှေ့ကပြ၊ ကျွန်မကအင်္ဂလိပ်ဗားရှင်း တင်ထားတဲ့ စက်နဲ့နောက်ကလိုက်လုပ်။ နှစ်ယောက်သား နားမလည်နိုင်တော့ဘူးဆိုရင် bilingual ရတဲ့ ဒါရိုက်တာက ၀င်ရှင်းပေးနဲ့။ လေးရက်မြောက်နေ့ နောက်ဆုံးရက်မှာတော့ နေ့တ၀က်လောက်လုပ်ပြီးတာနဲ့ ပြီးသွားပါပြီ။ လေယာဉ်ချိန်ကလဲ ညဆယ်နာရီမှ။

နေ့လည်စာစားပြီး ဟိုတယ်ပြန်ရောက်တော့ ဒါရိုက်တာက သူ့ကိစ္စနဲ့အပြင်သွားအုံးမယ်ဆိုတော့ ကျွန်မလဲ ထမင်းစားခန်းကနေလှမ်းမြင်နေရတဲ့ (အောက်ကပုံ) နေရာကိုပြပြီး ငါဒီနေရာတော့ သွားလျှောက်ကြည့်လို့ရတယ် မဟုတ်လားဆိုတော့ ရပါတယ်တဲ့။ ဒီနေရာက ခရီးသွားတွေ လာနေကျနေရာဆိုတော့ လုံခြုံတယ်ဆိုတော့ ကျွန်မတယောက်ထဲတံတားအနီပေါ်ဖြတ်လျှောက်ခဲ့တယ်။ ညနေလေးနာရီလောက် အုံ့အုံ့မှိုင်းမှိုင်းနဲ့ပေမယ့် ရာသီဥတုကအေးနေတော့ လမ်းလျှောက်လို့တော့ ကောင်းပါတယ်။

တရုတ်လိုလဲနားမလည်၊ မြေပုံလဲမပါ၊ အဖော်လဲမပါပဲ တယောက်ထဲ ယောင်လည်လည် မသိခြင်းများစွာနဲ့ပဲ လျှောက်လည်တယ်လို့ပြောရယုံ လျှောက်လည်ခြင်းပေါ့။


တံတားဆုံးတော့ ဘာရေးထားမှန်းမသိတဲ့ ဆိုင်းဘုတ်နားရောက်သွားရော။ တရုတ်စာတတ်တဲ့ သူငယ်ချင်းကို ဒီပုံပြန် ပြကြည့်တော့ သူက တိုင်းရင်းသားကျေးရွာလိုဟာမျိုးလို့ပြောတာပဲ။ အထဲမှာကားနဲ့လျှောက်လည်လို့ ရတယ်ဆိုပေမယ့် အချိန်ကုန်မှာစိုးလို့ မ၀င်တော့ပါဘူး။

အပေါက်ဝမှာ တယောက်ထဲဟိုငေးဒီငေးနဲ့ ထိုင်နေရင်း ရှေ့ကိုနည်းနည်းဆက်လျှောက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ မနက်တိုင်း ဒီလမ်းတလျှောက် ကားဖြတ်သွားနေကျဆိုတော့ တည့်တည့်လျှောက်သွားရင် နောက်ထပ် ဘာကြီးမှန်းမသိတဲ့လူစည်ကားရာနေရာတခုရှိတာ သိတယ်လေ။ လူသွားလူလာမပြတ်တဲ့ လမ်းမကြီးဆိုတော့ တယောက်ထဲပေမယ့် မကြောက်မိဘူး။


လျှောက်လာရင်းနဲ့ မိနစ်သုံးဆယ်လောက်ကြာတော့ ဒီကြေးရုပ်တွေနားရောက်လာရော။ ဘယ်နှခုနှစ်က ဘာအတွက် လုပ်ထားတာမှန်းမသိဘဲ ဓါတ်ပုံရိုက်လိုက်ရော။



ဒီတယောက်က ချစ်ကောင်းလိုလို၊ ဒွေးလိုလိုနော်။
ဟော...နောက်ဆုံးမှာ လူတွေအများကြီးရှိတဲ့ နေရာကိုရောက်လာပါတယ်။ Window of The World လို့ဆိုင်းဘုတ်တင်ထားတယ်။
ဂိတ်မှာ ၀င်ကြေးပေးပြီး တောင်ကုန်းပေါ်ကိုတက်လို့ရပေမယ့် အဲဒီ့ကိုလဲမ၀င်ခဲ့ဘူး။ ကြည့်ရတာအပေါ်မှာ ကမ္ဘာအရပ်ရပ်က နာမည်ကြီးပစ္စည်းတွေ၊ နေရာတွေကို အတုလုပ်ထားပုံပဲ။ အပြင်ကကြည့်ရင်လဲ မြင်သင့်သလောက်မြင်ရတာပဲလေ။

ဗီးနပ်စ်လဲတောင်ကုန်းပေါ်မှာအလှပြလို့၊ ဒေးဗစ်ကတော့ ဘေးကနေဘော်ဒီဂတ်လားတော့ မသိဘူး။ အီဂျစ်ကအရုပ်နဲ့ ပြင်သစ်က တာဝါလဲ တရုတ်ပြည်ကိုရောက်လို့။



ရင်ပြင်မှာတော့ လာလည်တဲ့လူတွေတော်တော်များတယ်။ ကြည့်ရတာပြည်တွင်း ခရီးသွားတွေများပုံရတယ်။
အပြန်ကျတော့ လမ်းကိုကူးပြီး တဖက်ခြမ်းကနေပြန်လျှောက်လာတယ်။
ဘာပန်းမှန်းမသိတဲ့ ပန်းလေးတွေလှလို့။ သေသေချာချာရပ်ကြည့်ခဲ့သေးတယ်။
တောင်ကြီးမှာဆောင်းတွင်းလမ်းလျှောက်ရသလိုပဲ။ အနွေးထည်ဝတ်ထားတာတောင် အေးတယ်။
ဒါကတော့ သေချာတယ်။ မြေအောက်ရထား ဘူတာရုံပဲ။
နောက်တနေရာရောက်တော့ ရုံးတရုံးရှေ့ ကြေးသွန်းရုပ်လို့ထင်ရတဲ့ မြင်းတွေ။ ကြည့်လို့တော့ကောင်းသားပဲနော်။


ဒါလဲ လမ်းတဖက်မှာရှိတဲ့ ဘာအတွက်ဆောက်ထားမှန်းမသိတဲ့ လှေကြီး(သင်္ဘောကြီး) ပဲ။

ရှော့ပင်းမောလ်လား ရုံးကြီးကြီးလားတော့ မသိဘူး။
သူတို့တွေက အဆောက်အအုံတွေရှေ့မှာ ရုပ်တုတွေထားတာ အတော်ဝါသနာပါပုံရတယ်။
ပြန်ရောက်ပါပြီ။
အဲလိုလျှောက်သွားလိုက်တာ ပျော်တယ်လို့လဲမဟုတ်ပေမယ့်နည်းနည်းတော့ကျေနပ်သွားပါတယ်။




Sunday, May 16, 2010

မိုး......မိုး........မိုး

(photo : google)

့်(photo: http://www.demowaiyan.co.cc/2010/05/blog-post_3769.html)

ဒီဓါတ်ပုံနှစ်ပုံက ရိုက်ထားတဲ့ နေရာချင်း၊ယူထားတဲ့ ရှုထောင့်ချင်းမတူပေမယ့် အပြင်မှာတော့ ချောင်းတခုထဲ တဆက်ထဲပါ။ အပေါ်ပုံကနေ မီတာ ၂၀၀လောက်သွားလိုက်ရင် အောက်ကပုံရဲ့နေရာကိုရောက်ပါပြီ။ အပေါ်ပုံကတော့ ပုံမှန်ချောင်းထဲမှာရေရှိနေတဲ့အချိန်မှာ ရိုက်ထားတာဖြစ်ပြီး အောက်ကပုံကတော့ ခုလောလောဆယ်ဖြစ်နေတဲ့ အခြေအနေပါ။

ကျွန်မတို့အင်းလေးမှာနေတဲ့လူတွေတင်မကပဲ အင်တာနက်မှာ၊ ဂျာနယ်တွေမှာ အင်းလေးကန်ရဲ့ ရေခန်းနေတဲ့ပုံတွေကြည့်ရတဲ့လူတိုင်းစိတ်မကောင်းဖြစ်ကြ၊ စိတ်ညှိုးနွမ်းပူပန်မှုကို ခံစားကြရတာ။ လွန်ခဲ့တဲ့တလလောက်ထဲက ကျွန်မတို့အချင်းချင်း တွေ့ကြရင်ဖြစ်ဖြစ်၊ ဖုန်းဆက်ဖြစ်ရင်ဖြစ်ဖြစ် အများဆုံးပြောဖြစ်ကြတဲ့အကြောင်းအရာက အင်းထဲမှာဘယ်လောက် ရေခြောက်နေပြီဆိုတဲ့အကြောင်းပဲ။ ရွာကိုဖုံးဆက်ဖြစ်ရင် မေးဖြစ်တဲ့ အကြောင်းကလဲ ရေအကြောင်းပဲ။

နှစ်တိုင်း နွေရာသီဆိုပုံမှန်ရှိနေကျရေထက်နည်းသွားတတ်တာသဘာဝပေမယ့် ဒီနှစ်ကတော့ စံချိန်တင် လိုက်တာပါပဲ။ သမိုင်းပေစာအထောက်အထားအရ ဒီနှစ်မှာ ရွာသက်တမ်း နှစ်၅၀၀ပြည့်ပြီဖြစ်တဲ့ ကျွန်မတို့ရဲ့ဟဲယာရွာမမှာ ဒီလောက်ရေခမ်းခြောက်တဲ့အဖြစ်မျိုးဟာ ဒီတခါပဲဖြစ်ဖူးတယ်။ မွေးကထဲက ဘယ်နေရာကြည့်ကြည့် တောင်တန်းနဲ့၊ ရေနဲ့ဆိုတာ အမြဲမြင်တွေ့နေရတဲ့ လူတွေအခုလိုအဖြစ်မျိုးကြုံရတော့ လူတိုင်းစိတ်ထိခိုက်၊ ၀မ်းနည်းကြပါတယ်။

ပြီးခဲ့တဲ့အပတ်က အဒေါ်တွေနဲ့ ဖုံးပြောဖြစ်လို့မေးရင်း သူတို့ဆိုပြောရင်းနဲ့ ငိုသံတောင်ပါလာပါတယ်။ ကျွန်မငယ်ငယ်တုံးက တချို့အမျိုးတွေ ရန်ကုန်လာလည်ရင် တအံ့တသြပြောတာက နင်တို့ဆီမှာ ရေလဲမရှိဘူး၊ တောင်လည်းမရှိဘူးနော်တဲ့။ ရန်ကုန်ကို တခေါက်မကရောက်ဖူးလဲရေမရှိ၊ တောင်မရှိတဲ့အဖြစ်ဟာ သူတို့အတွက်ထူးဆန်းနေတုံးပဲ။ ရန်ကုန်မှာနေလို့တပတ်၊ နှစ်ပတ်လောက်ရှိလာရင်တောင်တွေ၊ ရေတွေကိုလွမ်းလာကြပါပြီ။ သူတို့ကို ပြန်ရွှင်လန်းစေချင်ရင်တော့ အင်းလျားကန်၊ ကန်တော်ကြီး၊ ကျောင်တန်းရေလည်ဖက်ခေါ်သွားရင်နည်းနည်း အလွမ်းပြေသွားကြရော။ အဲဒါကိုကြည့်ရင် သူတို့ဘ၀က ရေထဲမှာနေရတာ ဘယ်လောက်အသားကျနေလဲလို့ သိနိုင်ပါတယ်။

မြန်မာနိုင်ငံအရပ်ရပ်က၊ ကမ္ဘာအရပ်ရပ်ကလူတွေကတော့ တောင်ပေါ်မှာရှိတဲ့ရေကန်ကြီးဆိုပြီး အထူးအဆန်း အနေနဲ့ လာလည်ကြပေမယ့် တခြားဒေသကိုသိပ်အရောက်အပေါက်မရှိတဲ့ ကျွန်မတို့ရဲ့အမျိုးတချို့ကတော့ တခြားနေရာမှာ ငါတို့လို ရေလဲမရှိဘူးဆိုပြီး အံ့သြကြတယ်။

တကယ်တော့ အင်းလေးကန်ရဲ့ အဓိကရေအရင်းအမြစ်က ကန်ရဲ့ ပတ်ပတ်လည်မှာ ရှိတဲ့တောင်တန်းတွေက နေစီးဆင်းလာတဲ့ချောင်းတွေကပါ။နွေရာသီရောက်ရင်မိုးမရွာတာရယ်၊နေပူရှိန်ကြောင့်ရေငွေ့ပျံတာရယ်ကြောင့် ကန်ရေပြင် တိမ်သွားတတ်တာ၊ ချောင်းတွေမှာရေနည်းသွားတတ်တာ နှစ်စဉ်ဖြစ်နေကျ သဘာဝဆိုပေမယ့် လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကစပြီးမှတချို့ချောင်းထဲတွေမှာရေမရှိသလောက် ခန်းသွားမျိုးစကြုံခဲ့ရပါတယ်။

ကျွန်မတို့အိမ်ရှေ့ကချောင်းဆိုရင် လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကစပြီး တချို့နှစ်နွေရာသီမှာ လုံးဝခြောက်သွားလိုက်၊ တချို့နှစ် နွေရာသီမှာတော့ မော်တော်တစင်း၊ နှစ်စင်း သွားရုံလောက်တော့ ရေကျန်လိုက်နဲ့။

ဒါပေမယ့် ၂၀၀၈ခုနှစ် မေလမှာ ကျွန်မအင်းလေးပြန်တုံးက အပေါ်ကဓါတ်ပုံထဲမှာပါတဲ့ ရေခြောက်နေတဲ့ချောင်းမှာ မော်တော်မောင်းလို့ရခဲ့ပါသေးတယ်။ အဲဒီချောင်းကကျွန်မတို့ရွာကနေ ဖောင်တော်ဦးဘုရားကိုသွားတဲ့ ချောင်းမကြီးတခုပေါ့။ ရွာပြန်ခါနီး ဖုန်းဆက်မေးရသေးတယ်။ အိမ်ရှေ့ချောင်းမော်တော်ဝင်လို့ရလားလို့။ ရေတော့နည်းနေပေမယ့် ရေကြောင်းသိတဲ့ မော်တော်သမား ဆိုရင်တော့မောင်းလို့ရတယ်ဆိုပြီး ကျွန်မတို့ကို ရွာကမောင်လေးတွေကပဲ ဖောင်တော်ဦးဘုရားမှာ မော်တော်နဲ့ လာကြိုပြီး သူတို့မော်တော်ကရှေ့ကမောင်း၊ ညောင်ရွှေကမော်တော်သမားက သူတို့မောင်းတဲ့ လမ်းကြောင်းအတိုင်းနောက်ကလိုက်မောင်းလို့ ရင်တထိတ်ထိတ်နဲ့ အိမ်ရောက်ခဲ့တယ်။ ဒီနှစ်တော့ အဲဒီချောင်းက ရေတစက်မှတောင်မရှိတော့ဘူး။ အိမ်ရှေ့ကချောင်းကတော့ ပက်ကြားအက်တောင်ပေါ်နေပါပြီ။

ကံကောင်းတယ်လို့ပဲပြောရမလား၊ ဒုက္ခတွေကို ဝေမျှမခံစားဘူး လို့ပဲပြောရမလား။ အဲလောက်ရေခမ်းတဲ့အချိန်မှာ တခါမှ ရွာကိုမပြန်ဖြစ်ခဲ့ဘူး။ ပြန်သွားဖြစ်တဲ့အချိန်မှာ ဆိုလဲ ဒီနှစ်နွေမှာတော့ ရေဘယ်လိုနည်းတာဆိုတဲ့ခေါင်းစဉ်နဲ့ ပြောပြခဲ့ကြပေမယ့် သူတို့ကလဲ ဓါတ်ပုံရိုက်ထားတာတို့၊ ဘာတို့မလုပ်ထားတော့ ကိုယ့်မျက်စိနဲ့ တွေ့ဖူးလိုက်ရတာတော့ ဒီနှစ်မှပါပဲ။

ပုံမှန်ဆိုရင်တော့ သင်္ကြန်ပြီးလို့ နှစ်သစ်တရားနာပြီးချိန်ဆိုရင် မိုးတခါလောက်ရွာ၊ မေလလယ်လောက် တောင်ပေါ်မှာလဲ မိုးစရွာပြီဆိုရင် ချောင်းရေ တွေဆင်းပြီး ဇွန်၊ ဇူလိုင်လောက်ဆိုရင် ချောင်းတွေမှာ ရေတဖြည်းဖြည်းပြန်ပြည့်လာပါတယ်။ စက်တင်ဘာ၊ အောက်တိုဘာကတော့ ရေအပြည့်ဆုံး လတွေပေါ့။ ဆောင်းတွင်းမှာ ရေပုံမှန်ရှိနေပြီး နွေစ၀င်တာနဲ့ ရေတဖြည်းဖြည်းပြန်နည်းသွားတတ်တာ နှစ်စဉ်လည်နေကျ သဘာဝစက်ဝိုင်းပါ။
အင်းထဲမှာမိုးမရွာပေမယ့် တောင်ပေါ်တွေမှာမိုးရွာရင်လဲ ချောင်းရေတွေဆင်းလာတာမို့ မိုးရွာဖို့သာအဓိကပါ။ အခုသင်္ကြန်ပြီးနောက်ပိုင်း ရွာတိုင်းရွာတိုင်းမှာ နှစ်သစ်တရားနာတွေဆက်တိုက်လုပ်နေကြတယ်လို့သိရပြီး ဒီမနက်ကတော့အင်းလေးကိုဖုံးဆက်ပြီးတဲ့အကိုတယောက်ဆီကသတင်းကောင်းကြားလိုက်ရလို့ နဲနဲစိတ်ချမ်းသာသွားပါတယ်။ မနေ့ကတောင်ကြီးအင်းလေးမှာမိုးရွာတယ်တဲ့။






Thursday, May 6, 2010

ပျံသန်းသွားတဲ့ ငှက်လေး


၂၀၀၃ခုနှစ်
မိုးဦး...ဒီဒေတာတွေက ဟိုဘက်ရုံးက ဒင်န်နီတွက်ပေးလိုက်တာ၊ အဲဒီအတိုင်း တင်ဖို့ပြင်လိုက်တော့၊ ပြီးရင် မနေ့က ယူလာတဲ့စာရွက်ကို ဒင်န်နီ့ဆီ ဖက်စ်ပို့ပေးလိုက်၊ သူဆက်လုပ်လို့ရအောင်”


၂၀၀၄ခုနှစ်
“ဟိုင်း...ဒင်န်နီ...ငါဒီဘက်ရုံးက မိုးဦးပါ။ ပရောဂျက် အေ နဲ့ပတ်သက်ပြီး နင့်ကိုဆက်လိုက်ဖို့ ငါ့ဘောစ့်ကပြောထားလို့။ နင်လုပ်တာဘယ်အခြေအနေရှိပြီလဲ။ ငါ့ကိုအခြေအနေလေး ပြောပါအုံး။ တခုခုလိုရင်လဲ ငါ့ကိုလှမ်းမေးပါ။”

....
“ဒင်န်နီရေ...ကျေးဇူးတင်ပါတယ်။ နောက်ဆုံးတော့ ငါတို့အချိန်မှီတင်လိုက်နိုင်တယ်။ ရီဇာတ်သိရရင်မင်းကိုလှမ်းပြောမယ်။
.....


၂၀၀၅ခုနှစ်
“ဟိုင်း..ဒင်န်နီ... အတက်ခ်ျဖိုင်တွေသာကြည့်ပါတော့။ အရမ်းကို ရှုပ်နေတယ်။ ဒါပေမယ့် သူတို့ပေးနိုင်တဲ့အချက်အလက်တွေကဒါပဲရှိတယ်။ နင်ငါ့ကိုကူမယ်မဟုတ်လား။ ကျေးဇူးအရင်တင်ထားမယ်နော်။ အော်...ငါတို့ဆီမှာ စကိုက်ပ် ပြောလို့အဆင်မပြေဘူး။ နင် ဂူးဂဲလ် အကောင့်ဖွင့်ထားပါလား။ ငါ့ရဲ့ ဂူးဂဲလ်နာမည်က moeoo..... နင်ငါ့ကို အင်ဗိုက်လုပ်လိုက်နော်”

“ဟိုင်း..မိုးဦး.. ငါတို့လဲ ဒီဘက်မှာအလုပ်အရမ်းရှုပ်နေတယ်။ ဂျိမ်စ်းဒီအပတ်ထဲမှာ အဲဒီကိုလာရင် ငါ့ဆော့ဖ်ဝဲလ် စီဒီထည့်ပေးလိုက်မယ်။ နင့်စက်ထဲမှာ အင်စတောလ်လုပ်ပြီး စမ်းတွက်ကြည့်ပါ။ အခုတော့ နမူနာတွက်ထားတဲ့ ဟာတွေကိုပဲ အတက်ခ်ျလုပ်ပေးလိုက်တယ်။ နင်ကြိုးစားကြည့်ပြီး လိုအပ်ရင် ငါ့ကိုပြန်မေးပါ။ ”

“ဟိုင်း..ဒင်န်နီ..ငါဆောဖ့်ဝဲလ်အင်စတောလုပ်ပြီး စမ်းတွက်ကြည့်တယ်။ အဆင်ပြေမယ်လို့မျှော်လင့်ရတယ်။ နင့်ကိုငါ တခုမေးလို့ရမလား.........”

“ဟိုင်း...ဒင်န်နီ...အိုကေသွားပြီ။ နင်ပြောတဲ့အတိုင်း ဒေတာရိုက်ထည့်လိုက်တာ။ ကျေးဇူး။”

၂၀၀၆ခုနှစ်
Denny is Online.

Denny :ဟိုင်း...မိုးဦး

Moe Oo : ဟိုင်း..ဒင်န်နီ

Denny : နင်မပြန်သေးဘူးလား

Moe Oo : ငါ့အလုပ်တွေမပြီးသေးဘူး၊ ပြန်လို့မရသေးဘူး။ နင်ရော။ နင်တို့ ဘက်မှာ ၁၀နာရီတောင်ခွဲနေပြီ။ ရုံးမှာပဲရှိသေးတာလား။

Denny : ငါလဲပြန်လို့မရသေးဘူး။ နေ့လည်ဘက်ဆို ဘောစ့်က စကားခေါ်ခေါ်ပြောနေလို့အလုပ်တွေပြီးအောင် မလုပ်နိုင်ဘူး။

Moe Oo : အေး၊ ဟုတ်တယ်။ ငါလဲ အတူတူပါပဲ။

Denny : အက်မင်ကပို့လိုက်တဲ့အီးမေလ်းရတယ်။ နင်တို့ဘက်မှာ မြန်မာနယူးရီးယားအတွက် ရုံးတပတ်လောက်ပိတ်မယ်ဆို၊ ကောင်းလိုက်တာ။ နင်ကောင်းကောင်းနားရတော့မှာပေါ့။

Moe Oo : အေး၊အဲဒါကြောင့် ရုံးမပိတ်ခင် အလုပ်တွေ ပြီးအောင် ကြိုးစားနေရတာပေါ့။ ဒါနဲ့စကားမစပ်...နင်တို့ ခရီးထွက်တုံးက ဓါတ်ပုံတွေ ဂျိမ်စ်းလာတုံးက ပြလို့ငါတို့ကြည့်ရတယ်။ နင်အရမ်းပျော်နေတဲ့ပုံပဲ။”

Denny : အေးသေချာတာပေါ့။ ငါတို့အရမ်းပျော်ခဲ့ကြတယ်။ အခုတော့ ရုံးပြန်ရောက်ပြီဆိုတော့ ရောခ့်အင်ရိုးပြန်ကရပြီလေ။ အိုကေ။ နင်လဲဆက်လုပ်လိုက်အုံး။ ငါလဲ ပြီးအောင်လုပ်လိုက်အုံးမယ်။ နောက်မှတွေ့မယ်။

Moe Oo : အိုကေ။ ဘိုင့်


၂၀၀၇ခုနှစ်
Denny is Online.

Moe Oo: ဟိုင်း..ဒင်န်နီ...
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ။ နင့်အတွက် ကျောက်စိမ်းနဲ့လုပ်ထားတဲ့အရုပ်လေး ထည့်ပေးလိုက်တယ်။ နင်က လက်မှုပစ္စည်းလေးတွေကြိုက်တတ်တယ်ဆိုလို့”

Denny: ဟိုင်း..မိုးဦး။ ကျေးဇူးပဲ။ ဘယ်လိုလဲ ။ နင်တို့ဘက်မှာပရောဂျက်အသစ်တွေအရမ်းများတယ်ဆို။ နင်တို့ အရမ်းအလုပ်ရှုပ်နေတယ်ပေါ့။

Moe Oo: အေးဟုတ်တယ်။ အလုပ်ရှုပ်ရတဲ့အပြင် ငါ့ဘောစ့်အကြောင်းနင်သိတယ်မဟုတ်လား။ တခါတလေ ငါစိတ်ဓါတ်ကျမိတယ်။

Denny: စိတ်ဓါတ်မကျပါနဲ့။ နင်လုပ်နိုင်သလောက်အကောင်းဆုံးလုပ်တာ အားလုံးသိတာပဲလေ။ ငါတို့ကူလုပ်ပေးဖို့လိုတာရှိရင်ပြောလေ။

Moe Oo: ကျေးဇူးပဲ။ ငါနင်ရဲ့ အကူအညီတော့လိုတယ်ဟ။ ပြီးရင် အီးမေလ်းပို့လိုက်မယ်။

....

....
၂၀၀၈ခုနှစ်
Denny is Online.

Moe Oo: ဟိုင်း..ဒင်န်နီ...
ငါအလုပ်ထွက်တော့မယ်သိလား

Denny : ရုတ်တရက်ကြီး၊ ဘယ်လိုဖြစ်တာလဲ။ နင်ဘာဆက်လုပ်မလို့လဲ။

.......

.......


Moe Oo: ဒီလကုန်ဒီမှာ နောက်ဆုံးရက်ပဲ။ ပြီးရင် နင်တို့ဆီလာရင်လာဖြစ်မယ်။

Denny: ဟုတ်လား။ တခုခု လိုအပ်ရင်ပြောလေ။ နင်လာမယ်ဆို ဒီရောက်မှ တွေ့ကြမယ်လေ။

....

၂၀၀၉ခုနှစ်
Denny is Online.

Denny: ဟိုင်း..မိုးဦး...နင်ပရောဂျက်ရုံးမှာ အဆင်ပြေတယ်မဟုတ်လား။ နင့်ကို အဲဒီဘက်မှာ ဘယ်လောက်ကြာကြာထားမယ်တဲ့လဲ

Moe Oo: ဟိုင်း...ဒင်န်နီ.. ဒီမှာမဆိုးပါဘူး။ ဒီပရောဂျက်ပြီးထဲ့အထိနေရမှာပေါ့။ ငါးလလောက်ကြာမယ်အုံးနဲ့တူတယ်။ ..ငါသိချင်တာလေးတခုရှိလို့.....
................

................

Denny : အိုကေ။ နောက်နေ့ငါအလုပ်ကိစ္စနဲ့ နင်တို့ရုံးနားလာစရာရှိတယ်။ ရောက်ရင် ဖုံးဆက်လိုက်မယ်။ နေ့လည်စာအတူစားကြတာပေါ့။

Moe Oo : အိုကေ။ နောက်မှ တွေ့မယ်။

၂၀၁၀ခုနှစ်
Marina Square
“မိုးဦး၊ နင်မှာထားတာတွေအများကြီးပဲ။ ငါတို့ကုန်နိုင်ပါ့မလားမသိဘူး”

“နင်တို့ကို မြန်မာအစားအစာတွေစမ်းစားကြည့်စေချင်လို့ပါ။ နဲနဲစီပဲဥစ္စာ၊ ငါတို့ ရှဲ ကြတာပေါ့။”

“ဒါက လပ်ဆာနဲ့တူတယ်။ ဒါက စပရင်းရိုးလ်ပဲ၊ အရသာဘယ်လိုလဲ၊ နင်တို့စားလို့ရလား”

“စားလို့အိုကေပါတယ်။ အရသာတွေကတော့ နဲနဲပြင်းတယ်နော်”

“ဒါတောင်၊ ဒီဆိုင်က အများစားလို့ရအောင် အရသာပေါ့ပေါ့ချက်ထားတာ။ ငါတို့ အိမ်မှာပုံမှန်စားတဲ့ဟင်းတွေက ဒီထက်အရသာ ပိုပြင်းတယ်”

...............

...............

“ဒါနဲ့.။...ဒင်န်နီ နင် ဘယ်နေ့သွားရမှာလဲ၊ ဟိုမှာ အတန်းက ဘယ်ရက်စမှာလဲ၊ အခုရက်ပိုင်းမှာ နင်အ၇မ်းအလုပ်ရှုပ်နေမှာပေါ့”

“တနင်္လာနေ့မနက်ပိုင်းငါ့ စားပွဲသွားရှင်းပြီးရင် ငါရုံးကိုလာစရာမလိုတော့ဘူးလေ။ နောက်လ (၁၉) ရက်နေ့မှာ အတန်းစတက်ရမှာဆိုတော့ အဲဒီရက်မတိုင်ခင် လေးငါးရက်လောက်တော့ကြိုသွားရမယ်။ (၁၄) ကို လက်မှတ် ဘွတ်ကင်လုပ်ထားတယ်၊ အခန်းကိုလဲရှင်းခဲ့ရအုံးမယ်”

“အင်းဟုတ်တာပေါ့ ၊ နင် သင်တန်းတနှစ်ပြီးသွားရင် ဒီကိုပြန်လာရမှာလား”

“သင်တန်း တနှစ်ပြီးရင် အဲဒီမှာ (၂)နှစ်လုပ်ဖို့ စာချုပ်ရှိတယ်၊ အနည်းဆုံးတော့ (၃) နှစ်ကြာမှာပေါ့၊ ဒီမှာသူတို့ လာပြီး ရုံးခွဲမဖွင့်ဘူးဆိုရင်လေ။ ငါတို့ သင်တန်းပြီးချိန် ဒီမှာ ရုံးခွဲလာဖွင့်မယ်ဆိုရင်တော့ ငါတို့ပြန်လာလုပ်ရမှာပေါ့”


“နင့်အမ မိသားစုလဲ အဲဒီမှာဆို နင်တခါကပြောဖူးတယ်မဟုတ်လား”

“ငါ့အမက နယူးယောက်ဘက်မှာ”

“နင်ပြီးရင်... ဘာဘီလိုအရုပ်မျိုးကို ဒီဇိုင်းထုတ်ရမှာလား။ ဒီဇိုင်းအသစ်တွေထုတ်ပြီးရင် ငါတို့ဆီကို အီးမေလ်းနဲ့ပို့လိုက်၊ ငါတို့အပြင်မှာ အရင်ရောင်းစားထားမယ်...ဟားဟား”

“ဘာဘီမဟုတ်ပါဘူးဟာ၊ ထရမ်စဖော်မာလိုမျိုး ဒီဇိုင်းပါဟ”

......

“မိုးဦးရေ...ညစာအတွက်ကျေးဇူးတင်ပါတယ်။ ငါတော့ဆိုင်တွေလျှောက်ကြည့်လိုက်အုံးမယ၊် နင်တို့ရော”

“ငါတို့တော့ အမ်အာတီနဲ့ပဲပြန်တော့မယ်...ဘိုင့်ဘိုင်”

“ဘိုင့် ဘိုင့်...”



ကျွန်မတို့ကို လက်ပြနှုတ်ဆက်ပြီး ကျောခိုင်းထွက်သွား တဲ့ ဒင်န်နီ့ရဲ့နောက်ကျောကိုငေးကြည့်ပြီး ရင်ထဲမှာ တီးတိုးစကားဆိုမိပါတယ်။ ငါ့သူငယ်ချင်းရည်မှန်းရာ ပန်းတိုင်ကို အောင်အောင်မြင်မြင်ပျံသန်းနိုင်မှာပါလို့။ မြင့်မားလှတဲ့ သူ့အရပ်ကြောင့် ဟိုးခပ်ဝေးဝေးထိ သူ့နောက်ကျောကိုလူတွေကြားထဲမှာ လှမ်းတွေ့နေရတုံး။

“သူငယ်ချင်းရေ....လုပ်ဖော်ကိုင်ဖက်တယောက်အနေနဲ့ ဆိုရင်တော့ နင်ထွက်သွားတဲ့အတွက် အရမ်းကိုစိတ်ထိခိုက်ရတယ်။ ဒါပေမယ့် သူငယ်ချင်းတယောက်လို ဆိုရင်တော့ နင့်ရဲ့ အိပ်မက်ပန်းချီကား အရောင်စုံလာဖို့ အခွင့်အရေးကောင်း ဖြစ်တဲ့အတွက် ဂုဏ်ယူပြီး ပျော်ရွှင်ပါတယ်။ စိတ်ထားဖြူစင်တဲ့၊ နွေးထွေးတဲ့ နှလုံးသားပိုင်ရှင်၊ အရာရာကိုအကောင်းမြင်နိုင်အောင်ကြိုးစားပြီး ရိုင်းပင်းကူညီတတ်သူ မင်းဟာရောက်ရာအရပ်မှာ အောင်မြင်ပျော်ရွှင်နိုင်မှာပါ။”

“လမ်းချင်းတူရင် လူချင်းတွေ့မှာပါတဲ့။ ငါတို့ရဲ မြန်မာကဗျာလေးတပုဒ်ပေါ့။ မင်းနဲ့ငါနဲ့ကတော့ လျှောက်မယ့် လမ်းချင်း
မတူတော့တဲ့အတွက်...............”

Monday, May 3, 2010

အင်းဆားမီးဆုခံ-အက

အဆီးစားချင်....အပင်စိုက်
လူပျိုရချင်....တို့နောက်လိုက်။
(တို့နောက်လိုက် ဟေ့ တို့နောက်လိုက်)

ဟိုအပျိုလည်း...ငွေတွဲလွဲ
ဒီအပျိုလည်း...ငွေတွဲလွဲ
(ဟဲယာပွဲ၊ ဟဲဟာပွဲ)
(ဓါးသိုင်းကဖို့ ဓါးနှစ်လက်နဲ့ MRT ထဲဝင်သွားတော့ ပုလိပ်ရဲ့အစစ်ကို ခံလိုက်ရသေးတယ်တဲ့။ ပုလိပ်တွေစိုးရိမ်မယ်ဆိုလဲ စိုးရိမ်စရာပဲ။ ဓါးတွေကအကြီးကြီးတွေကိုး)

အောက်ကပုံတွေကတော့ အင်သားမီးဆုခံအကပုံတချို့ဖြစ်ပါတယ်။ ဒီအကကို ကျွန်မတို့ဆီမှာ ရှင်ပြုအလှူပွဲပြီးသွားရင် ရပ်ကွက်ထဲက အပျိုလူပျိုတွေက အလှူအိမ်မှာ အုပ်စုလိုက်သွားကလေ့ရှိပါတယ်။ ၀တ်တဲ့အ၀တ်အစားကလဲ ဓါတ်ပုံကအတိုင်းပါပဲ။ မိန်းခလေးဆိုရင် ဟဲယာထမီနဲ့ ပင်နီအင်္ကျီနဲ့၊ ယောက်ျားလေးဆိုရင် ရှမ်းဘောင်းဘီနဲ့ ကော်လာကတုံးနဲ့ (ဒါမှမဟုတ်ရှမ်းတိုက်ပုံနဲ့)။ အကသမားက ငါးစုံတွဲ၊ခြောက်စုံတွဲလောက်၊ အတီးသမားက လေးငါးယောက်လောက်နဲ့ မီးဆုခံကလေ့ရှိကြတယ်။

အုပ်စုလိုက်ကနေရင်းနဲ့ တယောက်က ငွေဖလားကိုလက်ထဲမြှောက်ကိုင်ပြီး အလှူ့ရှင်တွေရှေ့မှာလှည့်ပတ် ကပြီး အလှူခံတယ်။ လိုချင်တဲ့အလှူငွေမပြည့်မချင်း အက၊အတီးမနားပဲ ဆက်တိုက်က၊ တခါတလေတော့ အကသမားကမောနေပြီ၊ အတီးသမားတွေကလဲမရပ်၊ အလှူ့ရှင်တွေကလဲ တမင်နောက်ပြီး အလှူငွေကို တဖြည်းဖြည်းနဲ့ နည်းနည်းချင်းထည့်တာ။ မောကြရင် ခဏနား၊ ဧည့်ခံတာတွေစားသောက်ပြီး တခါထပ်ကကြ၊။ အလှူ့ရှင်တွေဆီကတင်မဟုတ်ပဲ အလှူရှင်ရဲ့ အမျိုးတွေကိုပါ အလှူခံတာရှိသေးတယ်။ ကိုယ်အလှူခံချင်တဲ့ တယောက်ကိုပဲ အလှူငွေမထည့်မချင်းလှည့်ပတ်ကနေ၊ ဘေးနားကလူတွေကမြှောက်ပေးနဲ့ပေါ့။ နောက်ဆုံးတီးတဲ့ကတဲ့လူတွေလဲ မော၊ ကျေနပ်လောက်တဲ့အလှူငွေလဲရ၊ အလှူ့ရှင်အိပ်ကပ်ထဲမှာလဲ ပြောင်တော့မှ ရပ်တော့ တာ။

အဲဒီ့အလှူငွေက ရပ်ကွက်အပျိုလူပျိုတွေရဲ့ ရံပုံငွေဖြစ်ပြီး၊ ရပ်ကွက်ပိုင်ပစ္စည်းတွေဝယ်တဲ့အခါ ဒါမှမဟုတ် အများအတွက် လိုအပ်တဲ့နေရာမှာ သုံးကြပါတယ်။

ကျွန်မတို့ဆီမှာက အလှူတခုလုပ်ရင် ရွာကအပျိုလူပျိုတွေက ဝေယျာဝိစ္စကူလုပ်ကြရတယ်။ ကျွန်မတို့ရွာက လူ နေအိမ်ခြေများတဲ့ရွာကြီးဆိုတာ့ ရပ်ကွက် (၁၂)ရပ်ကွက်ရှိပြီး စုစုပေါင်းအိမ်ခြေ တစ်ထောင်လောက်ရှိပါတယ်။ ဝေယျာဝိစ္စလုပ်ဖို့ တာဝန်ခွဲတဲ့အခါမှာ အလှူ့ရှင်ရဲ့ရပ်ကွက်နဲ့အနီးဆုံးရပ်ကွက်တွေကို ၊ တာဝန်ခွဲပေးလေ့ ရှိပါတယ်။ ဒီရပ်ကွက်က ထမင်းကျွေးတဲ့တာဝန်ကျရင် နောက်တရပ်ကွက်က လက်ဖက်ရည်ဧည့်ခံတဲ့တာဝန်၊ နောက်ရပ်ကွက်ကတော့ ဘာပေါ့။

တခြားဒေသမှာတော့ ရှိမရှိမသိဘူး။ ကျွန်မတို့ဆီမှာက ရေနွေးကြမ်းကို လက်ဖက်ခြောက်အစိမ်းနဲ့ခတ်မှ သောက်တဲ့လူနဲ့ လက်ဖက်ခြောက်ကို လှော်ပြီးသားခတ်မှသောက်တဲ့လူ နှစ်မျိုးကွဲနေတယ်။ အစိမ်းသောက်တဲ့ လူကလဲ အလှော်ကို မသောက်ဘူး၊ အလှော်သောက်တဲ့လူကလဲ အစိမ်းအိုးကိုမထိဘူး။ အဲဒီတော့ လက်ဖက်ရည်ပွဲဧည့်ခံရတဲ့လူတွေမှာ တ၀ိုင်းကို ရေနွေးအိုး (၂) အိုး မပြတ်ဖြည့်ပေးရတယ်၊ လက်ဖက်အကြော် လိုက်ရတယ်။ ဆေးလိပ်၊ကွမ်းအစ် လျော့သွားတိုင်းဖြည့်ရတယ်။ လက်သုတ်ပုဝါ အသစ်လဲရတယ်။ ထွေးခံ၊ ဆေးလိပ်ပြာခွက်သွန်ရတယ်။

ထမင်းကျွေးတာကတော့ ပဲလုံးဆေးခါး၊ ၀က်သားဟင်း ဒါမှမဟုတ် ငါးခြောက်ဟင်း၊ ငရုတ်သီးကြော်၊ ငါးမုန့်ကြော်၊ သရက်ချဉ်သုတ် စတဲ့ဟင်းတွေနဲ့ တောင်းထဲမှာ ငှက်ပျောဖက်နဲ့အုပ်ပြီးထည့်ထားလို့ ငှက်ပျောဖက်နံ့လေးသင်းနေတဲ့ပေါင်းထမင်းပူပူနဲ့ကျွေးလေ့ရှိကြတယ်။ တခါစားပြီးတဲ့ဝိုင်းကို စားပွဲခင်းပေရင်စားပွဲခင်းအသစ်လဲ၊ လက်ဆေးဇလုံအသစ်လဲ၊ ထမင်းပွဲ ဟင်းပွဲအသစ်ပြင်ပြီး တသုတ်ပြီးတသုတ်ကျွေးဖို့ပြင်ရတယ်။ ဧည့်သည်တွေစားနေတုံးလဲ ထမင်း၊ ဟင်း လိုတာလိုက်။ ထမင်းစားပြီးရေသောက်ဖို့ သပ်သပ်တန်းစီချထားတဲ့ စားပွဲတွေပေါ်မှာ ပန်းအိုးလှလှလေးတင်ပြီး ဖန်ခွက်တွေကိုရေမပြတ်တန်းဖြည့်ဖို့၊ လက်သုတ်ပုဝါတွေ အသစ်လဲဖို့ကတော့ အပျိုပေါက်လေးတွေရဲ့ တာဝန်ပေါ့။

ရပ်ကွက်အလိုက် အဲလိုဧည့်ခံတာမှာ ထောင့်စေ့ရင်စေ့သလို ချီးကျူးခံရပြီးနာမည်ကောင်းရသလို တခုခုလစ်ဟာ ရင်လဲ ကဲ့ရဲ့တာခံရတတ်တာမို့ တာဝန်ပေးခံရတဲ့ရပ်ကွက်တိုင်းက ကြိုးစားပြီး အကွက်စေ့အောင် လုပ်ကြရပါတယ်။ ဥပမာ ဘယ်ရပ်ကွက်ကတော့ ထမင်းကျွေးတာတော်တယ်။ ဘယ်ရပ်ကွက်ကတော့ ဘယ်အလှူမှာ ရေနွေးတည်တာ ဘယ်လိုပေါ့။ တချို့ဧည့်ခံတာနာမည်ကြီးတဲ့ရပ်ကွက်တွေကိုဆို တခြားရွာတွေကတောင် သူတို့အလှူမှာ လာ ကူညီပေးဖို့ ဖိတ်ကြတယ်။

ကျွန်မတို့ဆီမှာ ပုံမှန် အလှူပွဲရက်က အလှူပြင်နေ့ (ရှင်လောင်းကန်တော့နေ့လို့လဲ ခေါ်တဲ့ ရှင်လောင်းလှည့်နေ့)၊ လက်ဖွဲ့စွပ်နေ့၊ တရားနာနေ့ (ရေစက်ချတဲ့နေ့) ဆိုပြီး (၃)ရက်ရှိတယ်။ တရက်ကို နေ့တ၀က်လောက် ဧည့်ခံရတာမို့ ဝေယျာဝိစ္စလုပ်ရတဲ့လူတွေမစားသာပါဘူး။ တခါတလေ တော့ လက်ဖွဲ့စွပ်နေ့နဲ့ တရားနာနေ့ကိုပေါင်းပြီး တရက်ထဲ လုပ်လိုက်တော့ အလှူကတော့၂ ရက်ထဲပေါ့ ။ ဒါပေမယ့် မနက်စာထမင်းရော၊ နေ့လည်စာထမင်းရော တရက်ထဲမှာ ၂ခါကျွေးရတော့လည်း မသက်သာပါဘူး။

ဒါကြောင့်မို့လို့ အလှူတခုပြီးမြောက်သွားတဲ့အခါ ပင်ပန်းကြတဲ့ လူငယ်တွေ အပန်းလဲပြေ၊ ပျော်လဲပျော်ရအောင် တီးမှုတ်ကခုန်ကြ၊ စားသောက်ကြဖို့ မီးဆုခံ အကဆိုပြီး ကကြတဲ့ ဓလေ့ဖြစ်လာတယ်လို့ ထင်ပါတယ်။ အလှူ့ရှင် တွေဘက်ကကြည့်တော့လဲ အလှူအောင်ပွဲအထိမ်းအမှတ်ဖြစ်သလို အလှူမှာ ၀ိုင်းဝန်းကူညီလုပ်ကြတဲ့ လူငယ်တွေကို ပြန်ပြီးကျေးဇူးတုံ့ပြန်တဲ့သဘောလဲပါမှာပါ။

အဲဒီတော့ အလှူတခုပြီးသွားပြီဆိုရင် သက်ဆိုင်ရာ ရပ်ကွက်တွေက ညနေစောင်းဆိုရင် လူစုပြီး အလှူအိမ်ကို အတီးအမှုတ်တွေနဲ့ သွားကြ။ ဒီနေ့ကဒီရပ်ကွက်က ကတယ်ဆိုရင် နောက်နေ့ တခြားရပ်ကွက်အလှည့်ပေါ့။ အဲဒီတော့ အလှူကြီးရင် ကြီးသလို အလှူပြီး တပတ်လောက်အထိက အလှူအိမ်မှာ ရှမ်းအိုးစည်သံတညံညံ ကြားရတုံး။

ကျွန်မတို့ငယ်ငယ်ကဆို အလှူတခုပြီးသွားရင်ညနေဘက် မီးဆုခံကမယ်ဆိုတာကြားတာနဲ့ ရှေ့ဆုံးကနေ ပြေးပြီး ကြည့်ကြတာ။ ကိုယ့်အမျိုးအလှူဆိုရင်တော့ ပိုလို့တောင်ပျော်သေး။ အပျိုချောချောလေးတွေ ချွေးတစိုစို၊ အပြုံးမပျက် ငွေဖလားကို လှည့်ပတ်ကနေတာကို ငေးရင်း အားကျပျော်ရွှင်ခဲ့တာပေါ့။

ခုထိမျက်စိထဲမှာမြင်ယောင်နေသေးတဲ့အမတယောက်ဆို သူက တက္ကသိုလ်ကျောင်းပိတ်လို့ပြန်လာတဲ့ အချိန်နဲ့ကျွန်မတို့အမျိုးတယောက်အလှူလုပ်တဲ့ အချိန်နဲ့တိုက်ဆိုင်တော့ မီးဆုခံကချိန်မှာဝင်ကတာ။ နဂိုကလဲ ချောတဲ့လူ၊ သူ့ကို လဲ မြင်ရခဲတော့ သူကတာလေးကို ကြည့်လို့ကို မ၀ခဲ့ဘူး။ ကျွန်မတို့ ဦးလေးလူပျိုတယောက်ကလဲ သူ့ကိုပိုးပြီး အလှူငွေတွေ မငြင်းတမ်းထည့်တော့ ရပ်ကွက် ရံပုံငွေလဲ အတော်ရသွားတယ်။ အဲလိုမျိုးလေးတွေလဲရှိပါတယ်။ :) ။ ဒါပေမယ့် အဲဒီအမကြီးက ကျောင်းဖွင့်တော့ မန္တလေးပြန်သွားပြီး ဇာတ်လမ်းက ဆက်ရန်မရှိဖြစ်သွားတယ်နဲ့တူပါတယ်။

ဒီဓါတ်ပုံလေးတွေကတော့ ဓါတ်တော်တိုက် ၂၀၁၀ နှစ်သစ်ကူးမင်္ဂလာပွဲမှာ ကျွန်မရဲ့မောင်နှမတွေ ပါဝင်တင်ဆက်ခဲ့တဲ့ အမှတ်တရ ပုံလေးတွေဖြစ်ပါတယ်။

မိုးဦးရော ကဖူးလားလို့မမေးပါနဲ့။ ကဖူးပါတယ်။ ဒါပေမယ့် မိန်းခလေးလိုတော့မဟုတ်ဘူး။ ရပ်ကွက်ထဲမှာ အပျိုတွေကများပြီး၊ တွဲကဖို့ ယောက်ျားလေးမလောက်တော့ အရပ်ရှည်ရှည်ကလန်ကလားနဲ့ ရှစ်တန်းကျောင်းသူ ကျွန်မကို ရှမ်းဘောင်းဘီနဲ့ တိုက်ပုံ ဆင်ပေးပြီး လူကြီးတွေက ချော့ပြီးကခိုင်းခဲ့တာလေ။ :)