Thursday, May 6, 2010

ပျံသန်းသွားတဲ့ ငှက်လေး


၂၀၀၃ခုနှစ်
မိုးဦး...ဒီဒေတာတွေက ဟိုဘက်ရုံးက ဒင်န်နီတွက်ပေးလိုက်တာ၊ အဲဒီအတိုင်း တင်ဖို့ပြင်လိုက်တော့၊ ပြီးရင် မနေ့က ယူလာတဲ့စာရွက်ကို ဒင်န်နီ့ဆီ ဖက်စ်ပို့ပေးလိုက်၊ သူဆက်လုပ်လို့ရအောင်”


၂၀၀၄ခုနှစ်
“ဟိုင်း...ဒင်န်နီ...ငါဒီဘက်ရုံးက မိုးဦးပါ။ ပရောဂျက် အေ နဲ့ပတ်သက်ပြီး နင့်ကိုဆက်လိုက်ဖို့ ငါ့ဘောစ့်ကပြောထားလို့။ နင်လုပ်တာဘယ်အခြေအနေရှိပြီလဲ။ ငါ့ကိုအခြေအနေလေး ပြောပါအုံး။ တခုခုလိုရင်လဲ ငါ့ကိုလှမ်းမေးပါ။”

....
“ဒင်န်နီရေ...ကျေးဇူးတင်ပါတယ်။ နောက်ဆုံးတော့ ငါတို့အချိန်မှီတင်လိုက်နိုင်တယ်။ ရီဇာတ်သိရရင်မင်းကိုလှမ်းပြောမယ်။
.....


၂၀၀၅ခုနှစ်
“ဟိုင်း..ဒင်န်နီ... အတက်ခ်ျဖိုင်တွေသာကြည့်ပါတော့။ အရမ်းကို ရှုပ်နေတယ်။ ဒါပေမယ့် သူတို့ပေးနိုင်တဲ့အချက်အလက်တွေကဒါပဲရှိတယ်။ နင်ငါ့ကိုကူမယ်မဟုတ်လား။ ကျေးဇူးအရင်တင်ထားမယ်နော်။ အော်...ငါတို့ဆီမှာ စကိုက်ပ် ပြောလို့အဆင်မပြေဘူး။ နင် ဂူးဂဲလ် အကောင့်ဖွင့်ထားပါလား။ ငါ့ရဲ့ ဂူးဂဲလ်နာမည်က moeoo..... နင်ငါ့ကို အင်ဗိုက်လုပ်လိုက်နော်”

“ဟိုင်း..မိုးဦး.. ငါတို့လဲ ဒီဘက်မှာအလုပ်အရမ်းရှုပ်နေတယ်။ ဂျိမ်စ်းဒီအပတ်ထဲမှာ အဲဒီကိုလာရင် ငါ့ဆော့ဖ်ဝဲလ် စီဒီထည့်ပေးလိုက်မယ်။ နင့်စက်ထဲမှာ အင်စတောလ်လုပ်ပြီး စမ်းတွက်ကြည့်ပါ။ အခုတော့ နမူနာတွက်ထားတဲ့ ဟာတွေကိုပဲ အတက်ခ်ျလုပ်ပေးလိုက်တယ်။ နင်ကြိုးစားကြည့်ပြီး လိုအပ်ရင် ငါ့ကိုပြန်မေးပါ။ ”

“ဟိုင်း..ဒင်န်နီ..ငါဆောဖ့်ဝဲလ်အင်စတောလုပ်ပြီး စမ်းတွက်ကြည့်တယ်။ အဆင်ပြေမယ်လို့မျှော်လင့်ရတယ်။ နင့်ကိုငါ တခုမေးလို့ရမလား.........”

“ဟိုင်း...ဒင်န်နီ...အိုကေသွားပြီ။ နင်ပြောတဲ့အတိုင်း ဒေတာရိုက်ထည့်လိုက်တာ။ ကျေးဇူး။”

၂၀၀၆ခုနှစ်
Denny is Online.

Denny :ဟိုင်း...မိုးဦး

Moe Oo : ဟိုင်း..ဒင်န်နီ

Denny : နင်မပြန်သေးဘူးလား

Moe Oo : ငါ့အလုပ်တွေမပြီးသေးဘူး၊ ပြန်လို့မရသေးဘူး။ နင်ရော။ နင်တို့ ဘက်မှာ ၁၀နာရီတောင်ခွဲနေပြီ။ ရုံးမှာပဲရှိသေးတာလား။

Denny : ငါလဲပြန်လို့မရသေးဘူး။ နေ့လည်ဘက်ဆို ဘောစ့်က စကားခေါ်ခေါ်ပြောနေလို့အလုပ်တွေပြီးအောင် မလုပ်နိုင်ဘူး။

Moe Oo : အေး၊ ဟုတ်တယ်။ ငါလဲ အတူတူပါပဲ။

Denny : အက်မင်ကပို့လိုက်တဲ့အီးမေလ်းရတယ်။ နင်တို့ဘက်မှာ မြန်မာနယူးရီးယားအတွက် ရုံးတပတ်လောက်ပိတ်မယ်ဆို၊ ကောင်းလိုက်တာ။ နင်ကောင်းကောင်းနားရတော့မှာပေါ့။

Moe Oo : အေး၊အဲဒါကြောင့် ရုံးမပိတ်ခင် အလုပ်တွေ ပြီးအောင် ကြိုးစားနေရတာပေါ့။ ဒါနဲ့စကားမစပ်...နင်တို့ ခရီးထွက်တုံးက ဓါတ်ပုံတွေ ဂျိမ်စ်းလာတုံးက ပြလို့ငါတို့ကြည့်ရတယ်။ နင်အရမ်းပျော်နေတဲ့ပုံပဲ။”

Denny : အေးသေချာတာပေါ့။ ငါတို့အရမ်းပျော်ခဲ့ကြတယ်။ အခုတော့ ရုံးပြန်ရောက်ပြီဆိုတော့ ရောခ့်အင်ရိုးပြန်ကရပြီလေ။ အိုကေ။ နင်လဲဆက်လုပ်လိုက်အုံး။ ငါလဲ ပြီးအောင်လုပ်လိုက်အုံးမယ်။ နောက်မှတွေ့မယ်။

Moe Oo : အိုကေ။ ဘိုင့်


၂၀၀၇ခုနှစ်
Denny is Online.

Moe Oo: ဟိုင်း..ဒင်န်နီ...
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ။ နင့်အတွက် ကျောက်စိမ်းနဲ့လုပ်ထားတဲ့အရုပ်လေး ထည့်ပေးလိုက်တယ်။ နင်က လက်မှုပစ္စည်းလေးတွေကြိုက်တတ်တယ်ဆိုလို့”

Denny: ဟိုင်း..မိုးဦး။ ကျေးဇူးပဲ။ ဘယ်လိုလဲ ။ နင်တို့ဘက်မှာပရောဂျက်အသစ်တွေအရမ်းများတယ်ဆို။ နင်တို့ အရမ်းအလုပ်ရှုပ်နေတယ်ပေါ့။

Moe Oo: အေးဟုတ်တယ်။ အလုပ်ရှုပ်ရတဲ့အပြင် ငါ့ဘောစ့်အကြောင်းနင်သိတယ်မဟုတ်လား။ တခါတလေ ငါစိတ်ဓါတ်ကျမိတယ်။

Denny: စိတ်ဓါတ်မကျပါနဲ့။ နင်လုပ်နိုင်သလောက်အကောင်းဆုံးလုပ်တာ အားလုံးသိတာပဲလေ။ ငါတို့ကူလုပ်ပေးဖို့လိုတာရှိရင်ပြောလေ။

Moe Oo: ကျေးဇူးပဲ။ ငါနင်ရဲ့ အကူအညီတော့လိုတယ်ဟ။ ပြီးရင် အီးမေလ်းပို့လိုက်မယ်။

....

....
၂၀၀၈ခုနှစ်
Denny is Online.

Moe Oo: ဟိုင်း..ဒင်န်နီ...
ငါအလုပ်ထွက်တော့မယ်သိလား

Denny : ရုတ်တရက်ကြီး၊ ဘယ်လိုဖြစ်တာလဲ။ နင်ဘာဆက်လုပ်မလို့လဲ။

.......

.......


Moe Oo: ဒီလကုန်ဒီမှာ နောက်ဆုံးရက်ပဲ။ ပြီးရင် နင်တို့ဆီလာရင်လာဖြစ်မယ်။

Denny: ဟုတ်လား။ တခုခု လိုအပ်ရင်ပြောလေ။ နင်လာမယ်ဆို ဒီရောက်မှ တွေ့ကြမယ်လေ။

....

၂၀၀၉ခုနှစ်
Denny is Online.

Denny: ဟိုင်း..မိုးဦး...နင်ပရောဂျက်ရုံးမှာ အဆင်ပြေတယ်မဟုတ်လား။ နင့်ကို အဲဒီဘက်မှာ ဘယ်လောက်ကြာကြာထားမယ်တဲ့လဲ

Moe Oo: ဟိုင်း...ဒင်န်နီ.. ဒီမှာမဆိုးပါဘူး။ ဒီပရောဂျက်ပြီးထဲ့အထိနေရမှာပေါ့။ ငါးလလောက်ကြာမယ်အုံးနဲ့တူတယ်။ ..ငါသိချင်တာလေးတခုရှိလို့.....
................

................

Denny : အိုကေ။ နောက်နေ့ငါအလုပ်ကိစ္စနဲ့ နင်တို့ရုံးနားလာစရာရှိတယ်။ ရောက်ရင် ဖုံးဆက်လိုက်မယ်။ နေ့လည်စာအတူစားကြတာပေါ့။

Moe Oo : အိုကေ။ နောက်မှ တွေ့မယ်။

၂၀၁၀ခုနှစ်
Marina Square
“မိုးဦး၊ နင်မှာထားတာတွေအများကြီးပဲ။ ငါတို့ကုန်နိုင်ပါ့မလားမသိဘူး”

“နင်တို့ကို မြန်မာအစားအစာတွေစမ်းစားကြည့်စေချင်လို့ပါ။ နဲနဲစီပဲဥစ္စာ၊ ငါတို့ ရှဲ ကြတာပေါ့။”

“ဒါက လပ်ဆာနဲ့တူတယ်။ ဒါက စပရင်းရိုးလ်ပဲ၊ အရသာဘယ်လိုလဲ၊ နင်တို့စားလို့ရလား”

“စားလို့အိုကေပါတယ်။ အရသာတွေကတော့ နဲနဲပြင်းတယ်နော်”

“ဒါတောင်၊ ဒီဆိုင်က အများစားလို့ရအောင် အရသာပေါ့ပေါ့ချက်ထားတာ။ ငါတို့ အိမ်မှာပုံမှန်စားတဲ့ဟင်းတွေက ဒီထက်အရသာ ပိုပြင်းတယ်”

...............

...............

“ဒါနဲ့.။...ဒင်န်နီ နင် ဘယ်နေ့သွားရမှာလဲ၊ ဟိုမှာ အတန်းက ဘယ်ရက်စမှာလဲ၊ အခုရက်ပိုင်းမှာ နင်အ၇မ်းအလုပ်ရှုပ်နေမှာပေါ့”

“တနင်္လာနေ့မနက်ပိုင်းငါ့ စားပွဲသွားရှင်းပြီးရင် ငါရုံးကိုလာစရာမလိုတော့ဘူးလေ။ နောက်လ (၁၉) ရက်နေ့မှာ အတန်းစတက်ရမှာဆိုတော့ အဲဒီရက်မတိုင်ခင် လေးငါးရက်လောက်တော့ကြိုသွားရမယ်။ (၁၄) ကို လက်မှတ် ဘွတ်ကင်လုပ်ထားတယ်၊ အခန်းကိုလဲရှင်းခဲ့ရအုံးမယ်”

“အင်းဟုတ်တာပေါ့ ၊ နင် သင်တန်းတနှစ်ပြီးသွားရင် ဒီကိုပြန်လာရမှာလား”

“သင်တန်း တနှစ်ပြီးရင် အဲဒီမှာ (၂)နှစ်လုပ်ဖို့ စာချုပ်ရှိတယ်၊ အနည်းဆုံးတော့ (၃) နှစ်ကြာမှာပေါ့၊ ဒီမှာသူတို့ လာပြီး ရုံးခွဲမဖွင့်ဘူးဆိုရင်လေ။ ငါတို့ သင်တန်းပြီးချိန် ဒီမှာ ရုံးခွဲလာဖွင့်မယ်ဆိုရင်တော့ ငါတို့ပြန်လာလုပ်ရမှာပေါ့”


“နင့်အမ မိသားစုလဲ အဲဒီမှာဆို နင်တခါကပြောဖူးတယ်မဟုတ်လား”

“ငါ့အမက နယူးယောက်ဘက်မှာ”

“နင်ပြီးရင်... ဘာဘီလိုအရုပ်မျိုးကို ဒီဇိုင်းထုတ်ရမှာလား။ ဒီဇိုင်းအသစ်တွေထုတ်ပြီးရင် ငါတို့ဆီကို အီးမေလ်းနဲ့ပို့လိုက်၊ ငါတို့အပြင်မှာ အရင်ရောင်းစားထားမယ်...ဟားဟား”

“ဘာဘီမဟုတ်ပါဘူးဟာ၊ ထရမ်စဖော်မာလိုမျိုး ဒီဇိုင်းပါဟ”

......

“မိုးဦးရေ...ညစာအတွက်ကျေးဇူးတင်ပါတယ်။ ငါတော့ဆိုင်တွေလျှောက်ကြည့်လိုက်အုံးမယ၊် နင်တို့ရော”

“ငါတို့တော့ အမ်အာတီနဲ့ပဲပြန်တော့မယ်...ဘိုင့်ဘိုင်”

“ဘိုင့် ဘိုင့်...”



ကျွန်မတို့ကို လက်ပြနှုတ်ဆက်ပြီး ကျောခိုင်းထွက်သွား တဲ့ ဒင်န်နီ့ရဲ့နောက်ကျောကိုငေးကြည့်ပြီး ရင်ထဲမှာ တီးတိုးစကားဆိုမိပါတယ်။ ငါ့သူငယ်ချင်းရည်မှန်းရာ ပန်းတိုင်ကို အောင်အောင်မြင်မြင်ပျံသန်းနိုင်မှာပါလို့။ မြင့်မားလှတဲ့ သူ့အရပ်ကြောင့် ဟိုးခပ်ဝေးဝေးထိ သူ့နောက်ကျောကိုလူတွေကြားထဲမှာ လှမ်းတွေ့နေရတုံး။

“သူငယ်ချင်းရေ....လုပ်ဖော်ကိုင်ဖက်တယောက်အနေနဲ့ ဆိုရင်တော့ နင်ထွက်သွားတဲ့အတွက် အရမ်းကိုစိတ်ထိခိုက်ရတယ်။ ဒါပေမယ့် သူငယ်ချင်းတယောက်လို ဆိုရင်တော့ နင့်ရဲ့ အိပ်မက်ပန်းချီကား အရောင်စုံလာဖို့ အခွင့်အရေးကောင်း ဖြစ်တဲ့အတွက် ဂုဏ်ယူပြီး ပျော်ရွှင်ပါတယ်။ စိတ်ထားဖြူစင်တဲ့၊ နွေးထွေးတဲ့ နှလုံးသားပိုင်ရှင်၊ အရာရာကိုအကောင်းမြင်နိုင်အောင်ကြိုးစားပြီး ရိုင်းပင်းကူညီတတ်သူ မင်းဟာရောက်ရာအရပ်မှာ အောင်မြင်ပျော်ရွှင်နိုင်မှာပါ။”

“လမ်းချင်းတူရင် လူချင်းတွေ့မှာပါတဲ့။ ငါတို့ရဲ မြန်မာကဗျာလေးတပုဒ်ပေါ့။ မင်းနဲ့ငါနဲ့ကတော့ လျှောက်မယ့် လမ်းချင်း
မတူတော့တဲ့အတွက်...............”

Monday, May 3, 2010

အင်းဆားမီးဆုခံ-အက

အဆီးစားချင်....အပင်စိုက်
လူပျိုရချင်....တို့နောက်လိုက်။
(တို့နောက်လိုက် ဟေ့ တို့နောက်လိုက်)

ဟိုအပျိုလည်း...ငွေတွဲလွဲ
ဒီအပျိုလည်း...ငွေတွဲလွဲ
(ဟဲယာပွဲ၊ ဟဲဟာပွဲ)
(ဓါးသိုင်းကဖို့ ဓါးနှစ်လက်နဲ့ MRT ထဲဝင်သွားတော့ ပုလိပ်ရဲ့အစစ်ကို ခံလိုက်ရသေးတယ်တဲ့။ ပုလိပ်တွေစိုးရိမ်မယ်ဆိုလဲ စိုးရိမ်စရာပဲ။ ဓါးတွေကအကြီးကြီးတွေကိုး)

အောက်ကပုံတွေကတော့ အင်သားမီးဆုခံအကပုံတချို့ဖြစ်ပါတယ်။ ဒီအကကို ကျွန်မတို့ဆီမှာ ရှင်ပြုအလှူပွဲပြီးသွားရင် ရပ်ကွက်ထဲက အပျိုလူပျိုတွေက အလှူအိမ်မှာ အုပ်စုလိုက်သွားကလေ့ရှိပါတယ်။ ၀တ်တဲ့အ၀တ်အစားကလဲ ဓါတ်ပုံကအတိုင်းပါပဲ။ မိန်းခလေးဆိုရင် ဟဲယာထမီနဲ့ ပင်နီအင်္ကျီနဲ့၊ ယောက်ျားလေးဆိုရင် ရှမ်းဘောင်းဘီနဲ့ ကော်လာကတုံးနဲ့ (ဒါမှမဟုတ်ရှမ်းတိုက်ပုံနဲ့)။ အကသမားက ငါးစုံတွဲ၊ခြောက်စုံတွဲလောက်၊ အတီးသမားက လေးငါးယောက်လောက်နဲ့ မီးဆုခံကလေ့ရှိကြတယ်။

အုပ်စုလိုက်ကနေရင်းနဲ့ တယောက်က ငွေဖလားကိုလက်ထဲမြှောက်ကိုင်ပြီး အလှူ့ရှင်တွေရှေ့မှာလှည့်ပတ် ကပြီး အလှူခံတယ်။ လိုချင်တဲ့အလှူငွေမပြည့်မချင်း အက၊အတီးမနားပဲ ဆက်တိုက်က၊ တခါတလေတော့ အကသမားကမောနေပြီ၊ အတီးသမားတွေကလဲမရပ်၊ အလှူ့ရှင်တွေကလဲ တမင်နောက်ပြီး အလှူငွေကို တဖြည်းဖြည်းနဲ့ နည်းနည်းချင်းထည့်တာ။ မောကြရင် ခဏနား၊ ဧည့်ခံတာတွေစားသောက်ပြီး တခါထပ်ကကြ၊။ အလှူ့ရှင်တွေဆီကတင်မဟုတ်ပဲ အလှူရှင်ရဲ့ အမျိုးတွေကိုပါ အလှူခံတာရှိသေးတယ်။ ကိုယ်အလှူခံချင်တဲ့ တယောက်ကိုပဲ အလှူငွေမထည့်မချင်းလှည့်ပတ်ကနေ၊ ဘေးနားကလူတွေကမြှောက်ပေးနဲ့ပေါ့။ နောက်ဆုံးတီးတဲ့ကတဲ့လူတွေလဲ မော၊ ကျေနပ်လောက်တဲ့အလှူငွေလဲရ၊ အလှူ့ရှင်အိပ်ကပ်ထဲမှာလဲ ပြောင်တော့မှ ရပ်တော့ တာ။

အဲဒီ့အလှူငွေက ရပ်ကွက်အပျိုလူပျိုတွေရဲ့ ရံပုံငွေဖြစ်ပြီး၊ ရပ်ကွက်ပိုင်ပစ္စည်းတွေဝယ်တဲ့အခါ ဒါမှမဟုတ် အများအတွက် လိုအပ်တဲ့နေရာမှာ သုံးကြပါတယ်။

ကျွန်မတို့ဆီမှာက အလှူတခုလုပ်ရင် ရွာကအပျိုလူပျိုတွေက ဝေယျာဝိစ္စကူလုပ်ကြရတယ်။ ကျွန်မတို့ရွာက လူ နေအိမ်ခြေများတဲ့ရွာကြီးဆိုတာ့ ရပ်ကွက် (၁၂)ရပ်ကွက်ရှိပြီး စုစုပေါင်းအိမ်ခြေ တစ်ထောင်လောက်ရှိပါတယ်။ ဝေယျာဝိစ္စလုပ်ဖို့ တာဝန်ခွဲတဲ့အခါမှာ အလှူ့ရှင်ရဲ့ရပ်ကွက်နဲ့အနီးဆုံးရပ်ကွက်တွေကို ၊ တာဝန်ခွဲပေးလေ့ ရှိပါတယ်။ ဒီရပ်ကွက်က ထမင်းကျွေးတဲ့တာဝန်ကျရင် နောက်တရပ်ကွက်က လက်ဖက်ရည်ဧည့်ခံတဲ့တာဝန်၊ နောက်ရပ်ကွက်ကတော့ ဘာပေါ့။

တခြားဒေသမှာတော့ ရှိမရှိမသိဘူး။ ကျွန်မတို့ဆီမှာက ရေနွေးကြမ်းကို လက်ဖက်ခြောက်အစိမ်းနဲ့ခတ်မှ သောက်တဲ့လူနဲ့ လက်ဖက်ခြောက်ကို လှော်ပြီးသားခတ်မှသောက်တဲ့လူ နှစ်မျိုးကွဲနေတယ်။ အစိမ်းသောက်တဲ့ လူကလဲ အလှော်ကို မသောက်ဘူး၊ အလှော်သောက်တဲ့လူကလဲ အစိမ်းအိုးကိုမထိဘူး။ အဲဒီတော့ လက်ဖက်ရည်ပွဲဧည့်ခံရတဲ့လူတွေမှာ တ၀ိုင်းကို ရေနွေးအိုး (၂) အိုး မပြတ်ဖြည့်ပေးရတယ်၊ လက်ဖက်အကြော် လိုက်ရတယ်။ ဆေးလိပ်၊ကွမ်းအစ် လျော့သွားတိုင်းဖြည့်ရတယ်။ လက်သုတ်ပုဝါ အသစ်လဲရတယ်။ ထွေးခံ၊ ဆေးလိပ်ပြာခွက်သွန်ရတယ်။

ထမင်းကျွေးတာကတော့ ပဲလုံးဆေးခါး၊ ၀က်သားဟင်း ဒါမှမဟုတ် ငါးခြောက်ဟင်း၊ ငရုတ်သီးကြော်၊ ငါးမုန့်ကြော်၊ သရက်ချဉ်သုတ် စတဲ့ဟင်းတွေနဲ့ တောင်းထဲမှာ ငှက်ပျောဖက်နဲ့အုပ်ပြီးထည့်ထားလို့ ငှက်ပျောဖက်နံ့လေးသင်းနေတဲ့ပေါင်းထမင်းပူပူနဲ့ကျွေးလေ့ရှိကြတယ်။ တခါစားပြီးတဲ့ဝိုင်းကို စားပွဲခင်းပေရင်စားပွဲခင်းအသစ်လဲ၊ လက်ဆေးဇလုံအသစ်လဲ၊ ထမင်းပွဲ ဟင်းပွဲအသစ်ပြင်ပြီး တသုတ်ပြီးတသုတ်ကျွေးဖို့ပြင်ရတယ်။ ဧည့်သည်တွေစားနေတုံးလဲ ထမင်း၊ ဟင်း လိုတာလိုက်။ ထမင်းစားပြီးရေသောက်ဖို့ သပ်သပ်တန်းစီချထားတဲ့ စားပွဲတွေပေါ်မှာ ပန်းအိုးလှလှလေးတင်ပြီး ဖန်ခွက်တွေကိုရေမပြတ်တန်းဖြည့်ဖို့၊ လက်သုတ်ပုဝါတွေ အသစ်လဲဖို့ကတော့ အပျိုပေါက်လေးတွေရဲ့ တာဝန်ပေါ့။

ရပ်ကွက်အလိုက် အဲလိုဧည့်ခံတာမှာ ထောင့်စေ့ရင်စေ့သလို ချီးကျူးခံရပြီးနာမည်ကောင်းရသလို တခုခုလစ်ဟာ ရင်လဲ ကဲ့ရဲ့တာခံရတတ်တာမို့ တာဝန်ပေးခံရတဲ့ရပ်ကွက်တိုင်းက ကြိုးစားပြီး အကွက်စေ့အောင် လုပ်ကြရပါတယ်။ ဥပမာ ဘယ်ရပ်ကွက်ကတော့ ထမင်းကျွေးတာတော်တယ်။ ဘယ်ရပ်ကွက်ကတော့ ဘယ်အလှူမှာ ရေနွေးတည်တာ ဘယ်လိုပေါ့။ တချို့ဧည့်ခံတာနာမည်ကြီးတဲ့ရပ်ကွက်တွေကိုဆို တခြားရွာတွေကတောင် သူတို့အလှူမှာ လာ ကူညီပေးဖို့ ဖိတ်ကြတယ်။

ကျွန်မတို့ဆီမှာ ပုံမှန် အလှူပွဲရက်က အလှူပြင်နေ့ (ရှင်လောင်းကန်တော့နေ့လို့လဲ ခေါ်တဲ့ ရှင်လောင်းလှည့်နေ့)၊ လက်ဖွဲ့စွပ်နေ့၊ တရားနာနေ့ (ရေစက်ချတဲ့နေ့) ဆိုပြီး (၃)ရက်ရှိတယ်။ တရက်ကို နေ့တ၀က်လောက် ဧည့်ခံရတာမို့ ဝေယျာဝိစ္စလုပ်ရတဲ့လူတွေမစားသာပါဘူး။ တခါတလေ တော့ လက်ဖွဲ့စွပ်နေ့နဲ့ တရားနာနေ့ကိုပေါင်းပြီး တရက်ထဲ လုပ်လိုက်တော့ အလှူကတော့၂ ရက်ထဲပေါ့ ။ ဒါပေမယ့် မနက်စာထမင်းရော၊ နေ့လည်စာထမင်းရော တရက်ထဲမှာ ၂ခါကျွေးရတော့လည်း မသက်သာပါဘူး။

ဒါကြောင့်မို့လို့ အလှူတခုပြီးမြောက်သွားတဲ့အခါ ပင်ပန်းကြတဲ့ လူငယ်တွေ အပန်းလဲပြေ၊ ပျော်လဲပျော်ရအောင် တီးမှုတ်ကခုန်ကြ၊ စားသောက်ကြဖို့ မီးဆုခံ အကဆိုပြီး ကကြတဲ့ ဓလေ့ဖြစ်လာတယ်လို့ ထင်ပါတယ်။ အလှူ့ရှင် တွေဘက်ကကြည့်တော့လဲ အလှူအောင်ပွဲအထိမ်းအမှတ်ဖြစ်သလို အလှူမှာ ၀ိုင်းဝန်းကူညီလုပ်ကြတဲ့ လူငယ်တွေကို ပြန်ပြီးကျေးဇူးတုံ့ပြန်တဲ့သဘောလဲပါမှာပါ။

အဲဒီတော့ အလှူတခုပြီးသွားပြီဆိုရင် သက်ဆိုင်ရာ ရပ်ကွက်တွေက ညနေစောင်းဆိုရင် လူစုပြီး အလှူအိမ်ကို အတီးအမှုတ်တွေနဲ့ သွားကြ။ ဒီနေ့ကဒီရပ်ကွက်က ကတယ်ဆိုရင် နောက်နေ့ တခြားရပ်ကွက်အလှည့်ပေါ့။ အဲဒီတော့ အလှူကြီးရင် ကြီးသလို အလှူပြီး တပတ်လောက်အထိက အလှူအိမ်မှာ ရှမ်းအိုးစည်သံတညံညံ ကြားရတုံး။

ကျွန်မတို့ငယ်ငယ်ကဆို အလှူတခုပြီးသွားရင်ညနေဘက် မီးဆုခံကမယ်ဆိုတာကြားတာနဲ့ ရှေ့ဆုံးကနေ ပြေးပြီး ကြည့်ကြတာ။ ကိုယ့်အမျိုးအလှူဆိုရင်တော့ ပိုလို့တောင်ပျော်သေး။ အပျိုချောချောလေးတွေ ချွေးတစိုစို၊ အပြုံးမပျက် ငွေဖလားကို လှည့်ပတ်ကနေတာကို ငေးရင်း အားကျပျော်ရွှင်ခဲ့တာပေါ့။

ခုထိမျက်စိထဲမှာမြင်ယောင်နေသေးတဲ့အမတယောက်ဆို သူက တက္ကသိုလ်ကျောင်းပိတ်လို့ပြန်လာတဲ့ အချိန်နဲ့ကျွန်မတို့အမျိုးတယောက်အလှူလုပ်တဲ့ အချိန်နဲ့တိုက်ဆိုင်တော့ မီးဆုခံကချိန်မှာဝင်ကတာ။ နဂိုကလဲ ချောတဲ့လူ၊ သူ့ကို လဲ မြင်ရခဲတော့ သူကတာလေးကို ကြည့်လို့ကို မ၀ခဲ့ဘူး။ ကျွန်မတို့ ဦးလေးလူပျိုတယောက်ကလဲ သူ့ကိုပိုးပြီး အလှူငွေတွေ မငြင်းတမ်းထည့်တော့ ရပ်ကွက် ရံပုံငွေလဲ အတော်ရသွားတယ်။ အဲလိုမျိုးလေးတွေလဲရှိပါတယ်။ :) ။ ဒါပေမယ့် အဲဒီအမကြီးက ကျောင်းဖွင့်တော့ မန္တလေးပြန်သွားပြီး ဇာတ်လမ်းက ဆက်ရန်မရှိဖြစ်သွားတယ်နဲ့တူပါတယ်။

ဒီဓါတ်ပုံလေးတွေကတော့ ဓါတ်တော်တိုက် ၂၀၁၀ နှစ်သစ်ကူးမင်္ဂလာပွဲမှာ ကျွန်မရဲ့မောင်နှမတွေ ပါဝင်တင်ဆက်ခဲ့တဲ့ အမှတ်တရ ပုံလေးတွေဖြစ်ပါတယ်။

မိုးဦးရော ကဖူးလားလို့မမေးပါနဲ့။ ကဖူးပါတယ်။ ဒါပေမယ့် မိန်းခလေးလိုတော့မဟုတ်ဘူး။ ရပ်ကွက်ထဲမှာ အပျိုတွေကများပြီး၊ တွဲကဖို့ ယောက်ျားလေးမလောက်တော့ အရပ်ရှည်ရှည်ကလန်ကလားနဲ့ ရှစ်တန်းကျောင်းသူ ကျွန်မကို ရှမ်းဘောင်းဘီနဲ့ တိုက်ပုံ ဆင်ပေးပြီး လူကြီးတွေက ချော့ပြီးကခိုင်းခဲ့တာလေ။ :)



Sunday, May 2, 2010

အင်းဆားမီးဆုခံ

ခေါင်းစဉ်ကိုဖတ်ရုံနဲ့ ခေါင်းစားသွားရင် တောင်းပန်ပါတယ်။ လွမ်းရင်းလွမ်းရင်း Scope ကနည်းနည်းကျဉ်းသွားတော့ တောင်ကြီး၊ အင်းလေးဘက်ကလူတွေမဟုတ်ရင် နားလည်ဖို့မသေချာတဲ့ စကားလုံးတွေ ရေးချလိုက်မိတယ်။ ခွင့်လွှတ်ပေးပါ။ မနေ့က အင်းထဲပြန်ရောက်သွားတာ.... အရှိန်မသေသေးလို့ပါ။

အုန်းဆီးစားချင်...အုန်းပင်စိုက်
အပျိုရချင်...ငါ့နောက်လိုက်
(ငါ့နောက်လိုက် ဟေ့ ငါ့နောက်လိုက်)

အင်းဆားရိုးရာ...တတုံးကျန်
မိန်းမရမှ...မီးပုံးပျံ
(မီး..ပုံးပျံ၊...မီး..ပုံးပျံ)

ချဉ်ခြားဆီး...ပိုးထိုး
ရွှာမဆူမ...ရအောင်ပိုး
(ရအောင်ပိုး ဟေ့ ရအောင်ပိုး)

ချဉ်ခြားဆီး...ဆားရေစိမ်
မိန်းမလက်ကို...ရအောင်ကိုင်
(ရအောင်ကိုင် ဟေ့ ရအောင်ကိုင်)

ဟောအလှူလည်း ... ၀င်ကာမြူး
အဲအလှူလည်း...၀င်ကာမြူး
(ဂျူး...မြစ်လူး၊ ဂျူး...မြစ်လူး)

ဟိုအပျိုလည်း...ငွေတွဲလွဲ
ဒီအပျိုလည်း...ငွေတွဲလွဲ
(ဟဲယာပွဲ၊ ဟဲဟာပွဲ)

ဟိုးနားလူခဲ...အလွယ်လိုက်
မိန်းမရလည်း...ready made
(ready made..ready made)

ဟိုဟာဝယ်လည်း...အပိုပေး
ဆည်ဟာဝယ်လည်း...အပိုပေး
(ရေ..ပေါ်ဈေး၊ ရေ..ပေါ်ဈေး)

မိန်းမ၀၀...ရေထဲကလ
(ပတ်ခေဆီး...ပတ်ခေဆီး)
မိန်းမပိန်ပိန်...ရေထဲစိမ်
(အီကြာကွေး..အီကြာကွေး)


ပင်စိမ်းဆီး...ပိုးထိုး
အင်းလေးဆူမ...ရအောင်ပိုး
(ရအောင်ပိုး ဟေ့ ရအောင်ပိုး)

ပင်စိမ်းဆီး...နေဆာလောင်
မိန်းမလက်ဆောင်..ပေးရအောင်
(ပေးရအောင် ဟေ့ ပေးရအောင်)

ဘိလပ်ရေ...အမြှုပ်ထ
ငါယူမှာက...အင်းဆူမ
(အင်းဆူမ ဟေ့ အင်းဆူမ)

ဘိလပ်ရေ...ချိုချိုလေး
ငါယူမှာက...အပျိုလေး
(အပျိုလေး ဟေ့ အပျိုလေး)

သပြေပန်း...ဘုရားမှာလှူ
ရွှာမဆူမ...ရအောင်ယူ
(I Love You...I Love You)

Tuesday, April 20, 2010

လွမ်းနေတဲ့မောင်နှမများအတွက်.....

တကယ်တမ်းတော့ လွမ်းနေတဲ့မောင်နှမတွေအတွက်တင်မဟုတ်ပါဘူး။ မရောက်ဖူးသေးတဲ့မောင်နှမတွေ ရောက်ဖူးချင်စိတ်ပိုပေါက်သွားအောင်၊ ရောက်ဖူးပြီးသားမောင်နှမတွေလဲ ထပ်သွားချင်သွားအောင် လက်ကျန်ပုံလေးတွေကိုမွှေနှောက်လိုက်တာပါ။

အဲဒါကတော့အပြန်မနက်စောစောမှာ ရိုက်ထားတဲ့ပုံပါ။


ကျောက်ပန်းပြာ လို့ကျွန်မတို့ခေါ်ကြတဲ့ ဘလူးဗင်ဒါတွေပါ။

ဖဲကြိုးဖြတ်၊ ရမုဒ်နှိပ်ပြီး ဖွင့်ပွဲကျင်းပခဲ့တဲ့တံတား မဟုတ်မှာတော့သေချာတယ်။


ဖောင်တော်ဆိပ်

တချိန်ချိန်ကျရင် အဲဒီတောင်တန်းတွေတလျှောက် လျှောက်သွားချင်တယ်။






အင်းထဲသွားလည်ပြီး အေးအေးဆေးဆေးညအိပ်နေချင်သူတွေအတွက် တည်းခိုဖို့အတွက်တော့မပူပါနဲ့။ (ဟိုတယ်တွေမှအများကြီး)

ရှမ်းအိုးစည်တီးကြည့်ချင်လဲရမယ်။ ဒေါင်းလန်းထဲက အသီးတွေတော့စားလိုက်တာ ကုန်ပေါ့။

ရေထဲမှာ ညအိပ်ညနေ နေရမှာကြောက်သူတွေအတွက် ညောင်ရွှေမှာ ညအိပ်ပြီး မနက်စောစောမှ အင်းထဲဆင်းသွားချင်ရင်လဲ ရတယ်နော်။
ဟိုတယ်ကြော်ငြာနေတယ်လို့မထင်ပါနဲ့နော်။ အေးအေးဆေးဆေးသွားနေချင်သူတွေကတော့ အကြိုက်တွေ့မှာပါ။

အသွားတုံးက တက်ကြွခဲ့သလောက် အပြန်ခရီးမှာတော့........ :(


ဟဲဟိုးလေဆိပ်နားနေဆောင်ကမြင်ရတဲ့မြင်ကွင်း။ အရင်တုံးက ရှေ့မှာတန်းစီစိုက်ထားတဲ့အပင်တွေ မရှိခင်တုံးက နားနေဆောင်ကနေမြင်ရတဲ့ရှုခင်းကမြင်ကွင်းကျယ်...ရှင်းလင်းပြီး အရမ်းလှတာ။ တကယ့်ကို တောလေဆိပ်သေးသေးလေးပဲ ဒါပေမယ့် နွေးထွေးတယ်။ လေယာဉ် Delay ဖြစ်တာက (၃)နာရီတောင်စောင့်ရပေမယ့်စိတ်မတိုခဲ့ဘူး။ နောက်ထပ်၁နှစ်လောက် ဒီရှုခင်းတွေမမြင်ရမှာ၊ အေးချမ်းတဲ့ဒီရာသီဥတုကိုမခံစားရမှာ၊ ထင်းရှုးနံ့သင်းတဲ့ ဒီလိုလေတွေကိုမရှုရမှာ၊ ဒီစကားသံဝဲ၀ဲတွေကိုမကြားရမှာသေချာနေတော့ နေခွင့်ရှိသရွေ့ပျော်ပျော်နေလိုက်တယ်။ အေးအေးဆေးဆေး ကော်ဖီထိုင်သောက်တယ်၊ စာအုပ်ဖတ်တယ်။ စကားပြောတယ်။ လာတဲ့လေယာဉ်ကလဲ ကျွန်းပတ်ဖြစ်နေလို့ မန္တလေးကိုတောင် ရောက်ခဲ့သေးတယ်။ မန္တလာမြေကိုခြေတော့မချခဲ့ရပါဘူး။ လေယာဉ်ဘီးပဲချခဲ့တာ။ ပုဂံညောင်ဦးကိုပါလေယာဉ်ဆင်းမယ်ဆိုရင်လဲ ကောင်းသားပဲနော်။ အဲဒါမှ တောင်ကြီး၊အင်းလေး၊ မန္တလေး၊ ပုဂံညောင်ဦး ကိုသွားခဲ့တာလို့ပြန်ကြွားလို့ရမှာ။

ဓါတ်ပုံတွေကုန်သွားပေမယ့် အလွမ်းတွေကမကုန်သေးပါလား။ ဒီပုံ၂ပုံက ၂၀၀၈ Company Tripကပုံတွေ။ ပင်းဒယ ရွှေဥမင်လှိုဏ်ဂူအတက်လမ်းကနေ ရိုက်ခဲ့တာ။

ကလော မြင်းမထိတောင်။ နေ၀င်ရီသရောမှာ တောင်ခြေနားကအကြော်ဆိုင်မှာ လူသုံးဆယ်ကျော်လုံးစကားသံတိတ်လို့ အတွေးကိုယ်စီနဲ့ငေးနေခဲ့ကြတယ်။ ဆိုင်ရှင်တွေက ဆိုင်သိမ်းချင်နေပြီ။ အလိုက်တသိနဲ့ ကားထွက်ရအောင်လို့ဘယ်သူမှ စပြီး မလောဆော်ကြဘူး။
ဒါပေမယ့် အချိန်တန်တော့လဲ အိမ်ပြန်ခဲ့ကြရတာပါပဲ။

Saturday, April 17, 2010

ကောက်သင်းကောက်ခြင်း

(www.planitude.fr/journal/index.p...-fevrie)

ကျွန်မအသက် ငါးနှစ်ကနေ ဆယ့်လေးနှစ်လောက်ထိက ကြီးမေနဲ့အင်းထဲမှာနေပြီးကျောင်းတက်ခဲ့တာဆိုတော့ ကျွန်မရဲ့ငယ်ဘ၀ကရန်ကုန်မှာကြီးပြင်းခဲ့တဲ့တခြားသူငယ်ချင်းတွေနဲ့တော့တော်တော်ကွာခြားပါတယ်။ တခါတလေသူငယ်ချင်းတွေ ငယ်ဘ၀ကအမှတ်တရတွေကိုပြန်ပြောဖြစ်ကြရင်း ငါငယ်ငယ်တုံးကံကောက်သင်းကောက်ဖူးတယ်လို့ပြောရင် ကောက်သင်းကောက်ဆိုတာဘာလဲလို့ပြန်မေးခံရတာ။

၈၈အရေးအခင်းဖြစ်လို့ကျောင်းတွေပိတ်တော့ ကျွန်မက (၆)တန်းကျောင်းသူ။ ခါတိုင်းနွေကျောင်းပိတ်ရက်ဆို ဖေဖေတို့မေမေတို့က အင်းထဲလာနေကျ၊ ဒါမှမဟုတ်ရင်ကျွန်မကရန်ကုန်ကိုသွားနေနေကျဆိုတော့ ညီမလေးနဲ့ကစားလိုက်၊ဖေဖေနဲ့ မေမေကိုအတိုးချပြီး နွဲ့ဆိုးဆိုးလိုက်နဲ့ ကျောင်းပိတ်ရက်တွေက ဘယ်လိုအချိန်ကုန်လို့ကုန်မှန်းမသိခဲ့ပါဘူး။ ဒါပေမယ့် အရေးအခင်းဖြစ်တော့ ဖေဖေတို့ကလဲ အင်းထဲမလာနိုင်ဘဲ လူကြုံရှိရင်၊ ဖုန်းရရင်သာ စိတ်မပူဖို့ အချင်းချင်း သတင်းစကားတွေပါးရင်းသာ နေနေခဲ့ရတဲ့ကာလပေါ့။

ကျွန်မတို့ရွာက အများစုက စိုက်ပျိုးရေးလုပ်တဲ့လူတွေ မဟုတ်ကြဘူးလေ။ အဲဒီအချိန်က တော်တော်များများ အိမ်စီးပွါးရေးက ရက်ကန်းစင်ထောင်တဲ့လူ၊ ပန်းထိန်ဖိုထောင်တဲ့လူ၊ ကိုယ်တိုင်ရက်ကန်းစင်၊ ပန်းထိမ်ဖိုမထောင်နိုင်လဲ သူများဆီမှာ အခစားယူပြီး လုပ်တဲ့လူတွေ၊ စတဲ့အိမ်တွင်းမှု လက်မှုပညာအလုပ်နဲ့ပဲ အသက်မွေးကြတယ်။ ပြီးတော့ အင်းထဲတခုလုံးတင်မက အောင်ပန်း၊ ကလောထိ ငါးရက်တဈေး လူသုံးကုန်၊ အ၀တ်သွားရောင်းတဲ့ဈေးသည်တွေလဲရှိတယ်။

ကြီးမေကအိမ်မှာ ရက်ကန်းစင်တွေ ထောင်တာမို့ ကျောင်းလဲပိတ်ရော၊ အလုပ်တွေလဲရပ်ရလုနီးပါးဖြစ်တာပေါ့။ ပထမပိုင်းအချိန်တုံးကတော့ လက်ကျန်ရှိတဲ့ ချည်တွေ၊ သိုးမွှေးချည်တွေနဲ့ ၊ ရက်ကန်းရက်တဲ့လူတွေလဲ အလုပ်ရှိအောင် ဆက်လုပ်နေသေးပေမယ့်၊ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ လွယ်အိတ်ဆိုင်တွေက ဘယ်အချိန်မှပစ္စည်းပြန်ဝယ်မယ်မှန်းမသိတော့ နောက်ပိုင်းတော့ ရက်ကန်းစင်တွေလဲအကုန်နားထားရတာပေါ့။

တစ်သက်လုံး အလုပ်လုပ်လာတဲ့ကြီးမေက အလုပ်မရှိတော့ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး ကျွန်မတို့ကို တချောင်းထိုးတွေသင်လိုက်၊ နှစ်ချောင်းထိုးတွေထိုးခိုင်းလိုက်၊ ရှိစုမဲ့စုပန်းပင်တွေကိုပြုစုလိုက်နဲ့ နေနေပေမယ့် ကြာလာတော့သူလဲမနေနိုင်တော့ဘူး။ အဲဒီအချိန်မှာ သူ့အပေါင်းအသင်းတွေတချို့က ကောက်တက်ကောက် (ကောက်သင်းကောက်) ထွက်ကြတယ်လဲဆိုရော သူလဲအဲဒီအုပ်စုနဲ့ ဂျွိုင်းချင်ပါလေရော။

ကောက်သင်းကောက်တယ်ဆိုတာ သိတဲ့လူတွေလဲသိကြမှာပေါ့။ စပါးခင်းတွေမှည့်လာလို့ လယ်ပိုင်ရှင်တွေ ရိတ်ပြီးခဲ့အခါမှာ ကျန်နေခဲ့တဲ့ စပါးနှံတွေကို ဘယ်သူမဆိုဝင်ဖြတ်ခွင့်ပြုတယ်လေ။ အဲဒါလဲ ပန့်သကူလှူတာတမျိုးလို့ ထင်တယ်။ စပါးရိတ်တဲ့အချိန်တုံးက စပါးနှံတွေကို တံဇဉ်နဲ့ရိတ်သလို ရွှီးခနဲရွှီးခနဲ့ လက်တဆုပ်စာတခါထဲ ရိတ်လို့တော့ မရတော့ဘူးပေါ့။ ဟိုအပင်၊ ဒီအပင်မှာ တံဇဉ်ထဲမပါသွားပဲ ကျန်ခဲ့တဲ့ စပါးနှံ တနှံချင်းစီကို ကတ်ကြေးထက်ထက်နဲ့ဖြတ်ရင်ဖြတ် ...တံဇဉ်အသေးလေးနဲ့ဖြတ်ရင်ဖြတ်ပေါ့။

ကျွန်မတို့ဆီကစပါးစိုက်တဲ့ရာသီက ဗမာပြည်ဘက်ကစပါးစိုက်ချိန်နဲ့တွေနဲ့မတူဘူး။ စပါးမျိုးချင်းလဲ မတူဘူးနဲ့တူတယ်။ ကျွန်မတို့ဆီမှာက နွေရာသီမှာ လယ်ထွန်စိုက်ပြီး မိုးရာသီမှာ လယ်ရိတ်ရတာ။ လယ်ရိတ်ပြီး ကောက်သင်းကောက်ချိန်ဆို စပါးခင်းတွေမှာ ရေ၀င်ပြီး လယ်ကန်သင်း ကိုတောင်မော်တော် ဖြတ်မောင်းလို့ရနေပြီလေ။ စပါးပင်တ၀က်လောက်နဲ့ စပါးနှံလေးတွေကတော့ ရေမမြုပ်ဘူး။ လယ်တွေရှိတဲ့ ကျွန်မတို့ရွာရဲ့အနောက်ဘက်က ရေနွေးရွာ၊ ကျွန်းစင်ကြီးရွာ၊ တောင်ခြေရွာ၊ အင်းတိမ်ရွာတွေက ရွာသာဆိုတယ်။ အိမ်တွေက လယ်တွေထဲမှာဆောက်ထားတာ။ လယ်တဲမဟုတ်ဘူးနော်။ သစ်သားအိမ်အခိုင်အခန့်တွေပဲ။ တစ်အိမ်နဲ့တစ်အိမ်အော်ခေါ်ရင်တောင် မကြားရတတ်ဘူး။ ကောင်သင်းကောက်မယ့်လူတွေက လှေတွေနဲ့ ဒီနေ့ဘယ်ရွာဘက်သွားမယ်ဆိုပြီး ငါးယောက်ခြောက်ယောက် တအုပ်စုစုပြီး သွားတတ်တယ်။

အဲဒီမှာကောက်သင်းမကောက်ရသေးတဲ့လယ်ကွက်တွေ့ရင် လှေတွေခွဲပြီး စပါးနှံတွေဖြတ်ကြ၊တလှေနဲ့တလှေ စကားပြောကြ။ နေ့လည်ထမင်းစားချိန်ကြရင် အိမ်တွေနဲ့နီးရင် အိမ်တွေ ဘက်ကိုလှေလှော်ပြီး အဲဒီအိမ်တွေမှာသွားနားရင်းစားကြ။ ရွာချင်းသာမတူလို့ မရင်းနှီးရင်သာရှိရမယ်။ အကုန်လုံးက သိနေကြတဲ့လူတွေချည်းပဲလေ။ ပြီးတော့ နှစ်စဉ် လာနေကြလူတွေကိုဆိုရင် ရင်းနှီးနေပြီလေ။ နေပူနေရင်ခဏတဖြုတ်နား၊ ရေနွေးသောက်၊ ခဏနားပြီးရင်လယ်ထဲပြန်သွား၊ နေ၀င်ခါနီးရင် ရွာကိုလှော်ပြန်ပေါ့။ အခု ခါတော်မှီ ကောင်သင်းကောက်အသစ်တွေကိုတော့ အဲဒီရွာကလူတွေ လက်ဖျားခါတယ်။ နင်တို့လာတာလဲ ပျော်ပွဲစားထွက်လာတာကြနေတာပဲတဲ့။

ပုံမှန်ဆို အရင်တုံးက ဒီလိုကောက်သင်းကောက်တယ်ဆိုတာမျိုးက ကျွန်မတို့ရွာမှာ ရက်ကန်းရက်ရင် သိပ်မတွင်တဲ့ အမျိုးသမီးတွေ၊ မိသားစုများတဲ့လက်လုပ်လက်စား မိသားစုက အမျိုးသမီးကြီးတွေပဲ စပါးပေါ်ပြီးချိန် တလ လောက်မှ ၀မ်းစာဆန်လေးရရင်ရသလောက်ဆိုပြီး ထွက်ကောက်ကြတာ။ အခုတော့ အလုပ်တွေတော်တော်များများကရပ်ထားရဆိုတော့ အိမ်မှာနေ အလကားနေအလကားဆိုပြီး အရင်တုံးက ကောက်သင်းကောက်ဆိုတာ တခါမှမလုပ်ဘူးတဲ့ အမျိုးသမီးကြီးငယ်မရွေးထွက်ကြတာ၊ အလုပ်ရှိပြီးရောဆိုပြီး လုပ်ကြတာ။

အဲဒါနဲ့ ကျွန်မရဲ့ ကြီးမေလဲ သူ့ရဲ့သူငယ်ချင်းအပေါင်းအသင်းတွေရဲ့အားပေးမှုနဲ့ ကတ်ကြေး၊ တံဇင်တွေရှာ၊ စပါးနှံထည့်ဖို့ စစ်ဆေးသုပ် ၀ါးကပ်တောင်းသေးသေးကို ဖုန်ခါ၊ ရေဆေးနဲ့ လက်နက်ကိရိယာတွေ စပြင်ဆင်ပါတော့တယ်။ သူကောက်သင်းကောက်လိုက်မယ့်နေ့ မနက်စာစောစောစား၊ ထမင်းချိုင့်၊ ရေနွေးဓါတ်ဘူး၊ လက်ဖက်အုပ်၊ ချိုချဉ်၊ နေ့လည်စာစားပြီးရင်အချိုတည်းမယ့် ငှက်ပျောသီးဖီးကြမ်း ပါမကျန်၊ ရေနွေးကြမ်းနဲ့ မြည်းဖို့ အာလူးကြော်ထုပ်နဲ့။ လပြည့်လကွယ် ဥပုသ်စောင့်သွားရင် ပြင်သွားတဲ့အတိုင်းပဲ။ နေ့လည်နေပူရင်လှေထဲမှာဆောင်းဖို့ပုံမှန်ဆောင်းနေကျခမောက်အပြင်၊ကျွန်မအဖွားဈေးရောင်းတုံးကသုံးခဲ့တဲ့ စစ်ဆေးသုပ်ထားတဲ့ ပုထိမ်ထီးအကြီးကြီးတောင်ပါလိုက်သေး။ အဲဒီထီးကြီးသာဖွင့်ထားရင် လှေ နှစ်စင်းစာတော့ ကောင်းကောင်းလုံတယ်လေ။

မနက်သူ့အပေါင်းအသင်းတွေကအိမ်ရှေ့ချောင်းကနေကလာအော်ခေါ်တော့ ကျွန်မကလှေထဲကိုပစ္စည်းတွေ ကူထည့်ပေးပေါ့။ အဲဒီတော့မှ အိမ်နောက်အိမ်၊ ဘေးအိမ်က သူ့မောင်တွေညီမတွေကသိသွားရော။ သူတို့က ..မမညိုဘယ်သွားမလို့လဲ...
..ငါကောက်တက်ကောက်လိုက်သွားမလို့...
...ဟင်...မဖြစ်ဘူးထင်တယ်နော် မမညို။ တခါမှလဲမသွားဖူးဘဲနဲ့။ နေ့လည်ကျ နေကလဲပူမှာ။ မသွားပါနဲ့...
...ဘာမှမဖြစ်လောက်ပါဘူး။ နေပူရင်တအိမ်အိမ်မှာ ၀င်ခိုနေမှာပေါ့။ မပူနဲ့..
..မဟုတ်ဘူး မမညို၊ တော်ကြာလယ်ပြင်မှာမူးလဲနေလို့ ကျွန်တော်တို့လာခေါ်နေရအုံးမယ်...

သူ့ရဲမောင်အငယ်က အဲလိုပြောလိုက်တော့ ကြီးမေ ပိုတင်းသွားတယ်။ ဟုတ်တယ်လေ။ တသက်လုံး ဘယ်သူ့သြဇာမှမခံလာတဲ့လူ။ မောင်နှမအရင်းတွေထဲမှာတင်မက မောင်နှမ၀မ်းကွဲတွေထဲမှာပါ အကြီးဆုံးနေရာရပြီး ဘယ်သူ့စကားမှ သိပ်နားမ၀င်တတ်တဲ့လူဆိုတော့ သူ့ကိုတော်ရုံတန်ရုံ ဘယ်သူမှ ဖြောင့်ဖြလို့မရတတ်ဘူး။

..နင်တို့ကလဲဘာမှမဖြစ်ပါဘူး။ သူများတွေလည်းသွားနေတာပဲ။ ငါအိမ်မှာနေရတာပျင်းလို့...ဆိုပြီး လှေလှော် ထွက်သွားပါလေရော။ ကျွန်မကတော့ သူငယ်ချင်းတွေနဲ့ကစားလိုက်၊ အဖေ့ဗီဒိုထဲက စာအုပ်တွေ ထုတ်ဖတ်လိုက်၊ ရန်ကုန်ကကျောင်းပိတ်လို့ပြန်လာတဲ့ အကိုဝမ်းကွဲတွေဟောတဲ့တရားသွားနာလိုက်၊ လွတ်လပ်ရေးအပြည့်အ၀ရနေတာပေါ့။

ကြီးမေကောက်တက်ကောက်ထွက်တယ်လို့ကြားရော... အရင်ကျွန်မတို့အဘိုးအဘွားလယ်တွေကိုလုပ်ပေးခဲ့ပြီး နောက်ပိုင်း လယ်လုပ်သူလယ်ပိုင်ဆိုင်ရေးဥပဒေအရ လယ်ပိုင်ရှင်တွေဖြစ်သွားတဲ့ အဘိုးရွှေတို့မိသားစုက နောက်တနေ့မှာရောက်လာပြီး မညိုရယ်...လူကြားမကောင်းပါဘူး။ ငါတို့ရှိနေရဲ့သားနဲ့ ကောက်တက်ကောက်ထွက် ရတယ်လို့ဆိုပြီး စပါးတွေကြိတ်ပြီးလာပို့တယ်။ ကြီးမေက မဟုတ်ဘူး။ ငါကိုကအလုပ်မရှိရင်မနေတတ်လို့ပါဆိုတော့ ဆန်တွေထားခဲ့ပြီး တဖျစ်တောက်တောက်နဲ့ပြန်သွားတယ်။ ကြီးမေကတော့ ဟိုရေသည်ပြဇာတ်ထဲက ရေသည်ယောင်္ကျားလိုပေါ့။ မင်းကြီးပေးတဲ့တိုင်းပြည်တ၀က်ကိုလဲ ယူမယ်၊ ငါ့ငွေလေးပဲလဲယူမယ်ဆိုသလိုပဲ။ လာပို့တဲ့ဆန်တွေကိုယူထားပေမယ့် နေ့တိုင်း တတောင်းတတောင်းရလာတတ်တဲ့ စပါးနှံ လေးတွေကိုလဲ စိတ်မဖြတ်နိုင်ဘူး။

အဲလိုနဲ့ နှစ်ပတ်၊သုံးပတ်လောက်ကြာတော့ ကျွန်မလဲ အိမ်မှာနေရတာပျင်းလာတော့ ကြီးမေနဲ့လိုက်ချင်တယ် ဆိုပြီးပူဆာရော။ သူကအဲဒါတော့ လွယ်လွယ်နဲ့လက်မခံဘူး။ ဘာလုပ်မှာလဲ။ နေပူတယ်။ အိမ်မှာပဲနေတဲ့။ သူဟာသူသာ လုပ်ချင်တာလုပ်မယ်၊ ကျွန်မနေမကောင်းဖြစ်မှာ၊ ပြီးတော့တကယ်လို့ကျွန်မနေမကောင်းဖြစ်ရင် သူတယောက်ထဲသွားနေတာတောင်တားမရလို့ကြည့်ကြေတဲ့သူ့မောင်တွေ၊ ညီမတွေက အကြီးအကျယ် ကွန်ပလိန့်တက်မှာတော့ စိုးရိမ်ပုံရတယ်။ ဒါပေမယ့်ကျွန်မတယောက်ထဲ အိမ်မှာထားခဲ့တာလည်း သူသိပ်စိတ်ချပုံ မရဘူး။ အရင်တုံးကတော့ ရက်ကန်းရက်တဲ့အမကြီးတွေအိမ်မှာရှိတော့ သူတောင်ကြီးသွားတာတို့၊ တခြားရွာသွားတာ တို့ဆိုလဲကျွန်မကနေခဲ့နေကျ။ အခုတော့အရမ်းကို နားပူနားဆာလုပ်လိုက်တော့ ..တရက်တော့လိုက်ကြည့်တဲ့။ ဒီတခါတော့ ကျွန်မတို့တူဝရီးနှစ်ယောက်ကို ဦးလေးတွေ၊ အဒေါ်တွေကကြည့်ရုံပဲကြည့်နေတော့တယ်။

အဲလိုနဲ့ကျွန်မလဲ လယ်ထဲလိုက်သွားရောဆိုပါတော့။ ကျွန်မက လှေဦးကထိုင်၊ ကြီးမေကပဲ့ကနေလှော်ပေါ့။ ပြန်တွေးကြည့်ရင် အတော်ကြည်နူးဖို့ကောင်းတယ်။ ဘာ stress မှမရှိ။ အရင်ရက်ကသွားပြီးသား လယ်ကွက်တွေဘက်မသွားပဲ ဘယ်သူမှ မကောက်ရသေးတဲ့ လယ်တွေကိုတော့ ခန့်မှန်းရတာပေါ့။ တခါတလေ တခြားအုပ်စုနဲ့တွေ့တော့..အချင်းချင်းသတင်းပေးကြပေါ့။ဘယ်ဘက်ကတော့ကောက်သင်းကောက်ဖို့မရှိတော့ဘူး။ ဘယ်ဘက်မှာတော့အများကြီးဆိုတာတွေပေါ့။ တခါတလေ လှော်ရင်းလှော်ရင်း စပါးနှံတွေမတွေ့ဘဲ နေ့လည်စာစားချိန်ရောက်သွားလဲအေးဆေးပဲ။ စားသောက်ပြီး နောက်တနေရာထပ်လှော်ပေါ့။

ကြီးမေနဲ့ကျွန်မနဲ့ပြသနာတခုပဲရှိတယ်။ သူကပဲ့ကထိုင်၊ ကျွန်မကလှေဦးကထိုင်ပြီး စပါးနှံတွေဖြတ်တဲ့အခါ၊ သူနဲ့ကျွန်မက ကျောပေးရက်လိုဖြစ်သွားတယ်လေ။ တခါတလေ ကျွန်မက ဟိုရှေ့ကစပါးနှံကို ဖြတ်ချင်လို့ တဖက်ကိုလှော်၊ သူကလဲသူ့ဖက်ကို လှော်နဲ့ ဆန့်ကျင်ဖက်အရပ်ကိုတပြိုင်နက်လှော်နေကြတာဆိုတော့ လှေကဘယ်မှ မရွေ့။ အဲဒီအချိန်မှာဆို တူဝရီးနှစ်ယောက်တယောက်ကိုတယောက်စိတ်တိုကြတယ်။ ငါ့သွားဖြတ်မယ့် စပါးနှံကပိုကြီးတာကိုပေါ့။ မကျေမနပ်တွေဖြစ်လို့။

အဲလိုနဲ့ကျွန်မကောက်သင်းကောက်တဲ့သုံးရက်မြောက်နေ့မှာပေါ့။ ညနေ လေးနာရီလောက်မှာ ကျွန်မတို့ အုပ်စုရောက်နေတာ ရွာနဲ့တော်တော်ဝေးဝေး တောင်ခြေအစပ်လောက်ရောက်နေပြီဆိုတော့ ရွာဘက်ကို ပြန်တော့မယ်လို့ အချင်းချင်းတိုင်ပင်နေတုံး ကျွန်မနားထဲမှာ ၀ုန်းဝုန်းဆိုတဲ့အသံစကြားတယ်။ လူကြီးတွေကိုပြောတော့ သူတို့လဲနားထောင်ပြီး ဟုတ်တယ်၊ မိုးလာလားမသိဘူးတဲ့.။ (မိုးလာတယ်ဆိုတာ မိုးပြေးရွာတာကိုပြောတာ)၊

ကျွန်မတို့ဆီမှာ မိုးပြေးရွာပြီဆိုရင် တ၀ုန်းဝုန်းနဲ့အသံမြည်လာပြီး နီးလာလေ အသံကျယ်လာလေနဲ့ မိုးကတော့ခဏလေးဖြတ်ရွာသွားတတ်တာ၊ အဲဒီအချိန်မှာ လှေနဲ့ဆိုရင်လှေကိုလှော်ပြေးကြတာ။ တခါတလေတော့လဲ မိုးပြေးရွာတဲ့ဘက်နဲ့ကိုယ်လှော်တဲ့ဘက်နဲ့ လွဲသွားရင်လဲမိုးလွတ်တာပေါ့၊ သူလာမယ့်ဘက် တည့်တည့်လှော်ပြေးမိရင်တော့ရွှဲပေါ့။မိုးလာမယ်ဆိုတာနဲဘယ်ဘက်ကနေလာပြီးဘယ်ဘက်ကိုပြေးမလဲမသိတဲ့ မိုးပြေးကိုရှောင်ဖို့  ကျွန်မတို့ အုပ်စုကရှိသမျှလှေခြောက်စင်းလောက်ဟာ အပြိုင်လှော်ပြေးကြတာပေါ့။

ကျွန်မတို့ တူဝရီးနှစ်ယောက်လဲ နောက်ကျတော့ဘယ်ခံမလဲ။ ကြီးမေက လှော်လှော်၊ သမီးဆိုတော့ လှော်လိုက်ရတာ။ ကျွန်မတို့လှေက တတိယလောက်တော့စွဲပါတယ်။ ဒါပေမယ့်လှော်နေရင်းနဲ့ အသံကပိုပိုကျယ်လာတာ။ အဲဒီလောက်ကျယ်တဲ့အသံနဲ့ဆို ရွာရမယ့်မိုးကကိုယ့်အပေါ်ရောက်လောက်ပြီ။ ခုတော့ မိုးကတော့ တပေါက်မှမကျဘဲ တ၀ုန်းဝုန်းနဲ့အသံကအတော့်ကိုကျယ်တာဆိုတော့ ပိုလန့်တာပေါ့။ ကျွန်မမှာလှော်လိုက်ရတာ လက်ပန်းတောင်ကျလာပြီး နောက်တော့ ဘယ်လိုမှ မလှော်နိုင်တော့ဘဲ ရှေ့ကကျွန်းမျောအသေးလေးပေါ်ကိုလှေဦးကို ထိုးဆိုက်လိုက်တယ်။ ဟုတ်တယ်လေ။ ဒီတိုင်းဆက်သွားရင် ကြီးဒေါ်ကြီးကလှော်လှော်ဆိုပြီးလုပ်နေအုံးမှာ။

အဲဒီတော့မှ ရှေ့ကနေအသည်းအသန်လှော်နေကြတဲ့ လှေတွေကလဲ နား၊ နောက်ကနေ အမှီလိုက်လာတဲ့လှေ တွေကလဲ ဖြည်းဖြည်းချင်းလှော်လာပြီး အားလုံးပတ်ဝန်းကျင်ကို သေချာကြည့်မိတော့မှ ကျွန်မတို့ရောက်နေတာက လယ်ကွက်တွေအလယ်မှာ ထီးထီးကြီးရှိနေတဲ့ ဆန်စက်ကြီးနားရောက်နေတာကိုး။ ကျွန်မတို့ ခပ်ဝေးဝေးရောက်နေတဲ့အချိန်မှာ သူကစက်စလည်တာဆိုတော့ ၀ုန်းဝုန်းဆိုပြီး စကြား၊ ကျွန်မတို့က ကြောက်ကြောက်နဲ့စွပ်လှော်လာတော့ ဆန်စက်နဲ့ပိုနီးလာလေ အသံကပိုကျယ်လာလေနဲ့ အကြီးအကျယ် ဒုက္ခပေးတာလေ။ သူ့ဆန်စက်က တောင်တွေနဲ့နီးတော့ ပဲ့တင်သံကြောင့်အဲလောက်ပိုကျယ်သွားတာ။ အဲဒီ့တော့မှ အားလုံးမှာ ငိုအားထက် ရီအားသန်ဖြစ်ကုန်တာပေါ့။ အကုန်လုံးလဲရှိသမျှအားတွေထုတ် လှေပြိုင်ပွဲဝင်လိုက်ရလို့ အတော်မောသွားပြီး ရွာအပြန်မှာ ယဲ့ယဲ့ပဲရှိတော့တယ်။

လှေကိုဦးပဲ့ဆန့်ကျင်ဘက်လှော်တုံးက သည်းခံနိုင်သေးသလောက်၊ ခုတခါ လှေပြိုင်ပွဲဝင်ခိုင်းတာကိုတော့ အတာ့်ကို စိတ်နာသွားတာမို့အဲဒီညမှာတော့ ကြီးတော်ကြီးကိုကြေညာလိုက်တယ်။ သမီးနောက်နေ့ မလိုက်တော့ဘူးလို့။ ကြီးတော်ကြီးကလဲ အေးလေတဲ့။ ကြီးမေလဲ တရက်တော့နားလိုက်အုံးမယ်တဲ့။ အဲဒီထဲက တူဝရီးနှစ်ယောက် ကောက်တက်ကောက်ဆိုတဲ့ လေသံတောင်မဟတော့တာ ခုထိပါပဲ။ ပြောမရလို့ ကြည့်နေရတဲ့ ဦးလေးတွေအဒေါ်တွေလဲ အဲဒီရက်နောက်ပိုင်းမှ စိတ်အေးသွားတဲ့ပုံပဲ။

အဲဒီတုံးကရခဲ့တဲ့စပါးတွေကို ကြိတ်ပြီး အဲဒီနှစ်ကအင်းထဲကဘုန်းကြီးကျောင်းတွေ ဆွမ်းဆန်စိမ်းအလှူခံတိုင်း လောင်းခဲ့ရတာတော့ တကယ်ကို ကြည်နူးစရာပါ။ ဆွမ်းချက်ပြီး ရွာက ဘုရားရယ်၊ ဖောင်တော်ဦးဘုရားရယ်ကို လဲ ဆွမ်းကပ်သေးတယ်။

အဲဒီတုံးက အတူ လှေပြိုင်ပွဲဝင်ခဲ့တဲ့ကြီးမေရဲ့အပေါင်းအသင်း ကြီးကြီးရွှေတို့ ဒေါ်ဒေါ်နုတို့ တို့ဆို ကျွန်မ ရွာကိုပြန်သွားတိုင်း..မိုးမိုးရေ...ကောက်တက်ကောက်သွားမယ်။ လိုက်အုံးမလားဆိုပြီးနောက်တတ်သေးတယ်။ အဲဒီတုံးက အသက်ထွက်မတတ်လှော်ပြေးခဲ့ကြတာကိုလည်းပြောပြောပြီး ရီနေတုံး။

အင်း...အခွင့်သင့်ရင်...တရက်လောက်ကောက်တက်ကောက်ထွက်ချင်ပါသေးတယ်။

ကျွန်မနဲ့ Gtalk Message များ


ကျွန်မ Gtalk ကိုစသုံးတဲ့အချိန်ကစပြီး မနှစ်ကအထိ အထူးအထွေ Message တင်လေ့မရှိခဲ့ပါ။ ရုံးမှာကမြန်မာရုံးနဲ့ပြောဖို့ Gtalk နဲ့ Skype ကိုအမြဲဖွင့်ထားဖို့လိုအပ်တော့ကျွန်မအကောင့်ကအမြဲတမ်း online၊ Available ပဲ။ ကျွန်မရဲ့အကောင့်ထဲမှာရှိတဲ့လူတွေအားလုံးကလဲ တရုံးထဲလူတွေနဲ့၊ ရင်းနှီးတဲ့ သူငယ်ချင်းတွေချည်းပဲ။

မနှစ်ကစပြီး ကျွန်မ စက်မှာ စိတ်ကူးပေါက်ရင်ပေါက်သလို Gtalk မှာမြန်မာလို custom message တွေတင်လေ့ရှိတယ်။ အင်္ဂလိပ်လိုတော့မတင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရုံးက HR နဲ့ တခြား dept. က တချို့လူတွေကလဲ Gtalk သုံးတယ်လေ။ ကိုယ်ပေါတာ ကမ္ဘာသိလို့တော့မဖြစ်ဘူး။

ခရီးသွားဝါသနာပါပေမယ့် အခန့်မသင့်ရင် ကားမူးလွယ်တဲ့ကျွန်မကိုကျွန်မညီမလေးပြောသလိုပေါ့။ မကြီး ကားမူးတာ ကမ္ဘာသိဖြစ်နေပြီတဲ့။ Company Trip ၊ဒါမှမဟုတ် အလုပ်ကိစ္စနဲ့ခရီးထွက်လို့ကားနဲ့ သွားရတဲ့အခါတိုင်း ကားမမူးအောင် ကြိုတင်ပြီးဆေးတွေသောက်ရ၊ စာမဖတ်ရဲ၊ တီဗွီမကြည့်ရဲတဲ့ ကျွန်မအကြောင်းအတူခရီးသွားဖူးတဲ့လူတိုင်းသိနေကြပြီတယ်။ တခါတလေ အဲလိုကြိုတင်ကာကွယ်မှုတွေ လုပ်နေတဲ့ကြားထဲက အကွေ့အပတ်များတဲ့ လမ်းဆိုရင် မအီမသာဖြစ်တတ်သေးတယ်။ ဘယ်လောက်ထိ sensitiveဖြစ်တတ်လဲဆိုရင် Ion Orchard က လေးထပ်မှာရှိတဲ့ taste paradise မှာannual dinner သွားတော့ကားကခြောက်ထပ်မှာမှရပ်ဖို့နေရာရှိတယ်။ ကားပတ်ကင်ရဖို့ကွေ့ဝိုင်တက်လာရင်း ငါးထပ်လောက်ရောက်တော့ ကျွန်မဘေးမှာထိုင်တဲ့တယောက်က မိုးဦး၊ Are u OK? တဲ့ Genting သွားတုံးက ကျွန်မဘေးမှာထိုင်ခဲ့တဲ့ ကံဆိုးသူလေ။ ဆေးသောက်ဖို့၊ ချိုချဉ်ငုံဖို့ အတော့်ကို ပြုစုခဲ့ရသူဆိုတော့ လန့်မှာပေါ့။ ကျွန်မက still ok ဆိုတော့ ကားမောင်းတဲ့တယောက်ကဟာသပြောတယ်။ နောက် ၂ထပ်လောက်ဆက်တက်ရရင်ကော အိုကေအုံးမှာလားတဲ့။ ကားမူးတတ်တာကမ္ဘာသိဖြစ်ပေမယ့်...ပေါတာတော့ ကမ္ဘာသိအောင်ပေါလို့မဖြစ်ဘူး။

အခုလဲပေါက်ကရတွေးမိတာတွေ အင်္ဂလိပ်လိုတင်လို့ကတော့ ရုံးက လူတွရဲ့ အထူးအဆန်း ၀ိုင်းကြည့်ခြင်းကိုခံရမယ်။ ဒီတခုတော့ ဆင်ခြင်မှ။ ဗမာသူငယ်ချင်းတွေကတော့ အကြောင်းသိတွေဆိုတော့.. .မထူးတော့ပါဘူး။

ပထမဆုံး တင်ခဲ့တဲ့ message က August လမှာ မှတ်မှတ်ရရ ခတ္တာပန်းပုံလေးတွေ့တော့ ခိုင်ထူးရဲ့ ခတ္တာသီချင်းကို သတိရမိလို့ခတ္တာပန်းပုံလေးကို Icon တင်ပြီး
...သိဟ်ရာသီ ၀ါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ...ဆိုတဲ့ စာသားလေး။

အဲဒီmsg တင်ပြီးတာနဲ့ ကလောင်ကလောင်ဆိုပြီး ...တယောက်က
"Moe Oo, How are you? Something Wrong wih you?" တဲ့ တယောက်က တော့
"မိုးကြီး...သိပ်နုမနေနဲ့တဲ့"

ပိတ်ရက်မှာ Gtalk ကို online ၀င်ထားရဲ့သားနဲ့ ဘယ်သူမှ လာမပြောကြရင် သီချင်းစာသား တခုခုသာကောက်တင်ထားလိုက်။ အလျှိုအလျှိုတက်လာပြီး နှိပ်ကွပ်ကြပါလိမ့်မယ်။ ဒါပေမယ့် ကြာတော့လည်း သူတို့လဲ သိပ်အာရုံမစိုက်တော့ပါဘူး။

မှတ်မှတ်ရရ..ဆရာချစ်ဦးညို၊ နေ၀င်းမြင့်နဲ့ ဂျူးတို့ရဲ့စာပေဟောပြောပွဲက ပြန်လာပြီး ဆရာမ ဂျူးရွတ်ပြခဲ့တဲ့ မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ သောကခြေရာကဗျာတပုဒ်ကို နားထောင်ပြီး ဆရာ့ရဲ့ ကဗျာလေးတွေကို ပြန်ဖတ်ဖြစ်တယ်။ အဲဒီထဲမှာမှ

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါ၀ါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်

ဆိုတဲ့ msg တင်လိုက်တော့တော်တော်ဟော့သွားတယ်။ မိုးဦးကို အဲလိုခံစားတတ်သွားအောင် ဘယ်သူလုပ်လိုက်တာလဲဆိုပြီးသိချင်တဲ့လူကလဲရှိသေး။အော်...ကိုယ်ရဲ့အပြင်ပန်းသွင်ပြင်ကပဲအဲလောက်တောင် မာကြောနေလို့လား။ ဘယ်သူမှလုပ်တာမဟုတ်ဘူး။ အစထဲက ခံစားတတ်တဲ့ နှလုံးသားရှိပြီးသား ဆိုတာမသိကြဘူး။ တိုက်ဆိုင်မှုရှိရင် ခံစားတတ်တာအဆန်းလား။


တယောက်ကတော့ ပန်းခြောက်ကိုတောင်ချမ်းသာမပေးပါလားတဲ့။ တယောက်ကတော့ မိုးဦး သိမ်းထားတာ ပလတ်စတစ်ပန်းပဲဖြစ်ရမယ်တဲ့။နောက်တယောက်ကတော့ လုပ်မနေနဲ့တဲ့။ အထင်မကြီးဘူးတဲ့။ အော်...သူများရဲ့ ခံစားချက်ကိုပျက်ရယ်ပြုရက်ကြတယ်။ သူတို့ပဲ ခံစားတတ်တာကျလို့။ စိတ်နာတယ်။

ဒီသင်္ကြန် ဧပြီ (၁၃) ရက်နေ့မှာ တင်လိုက်တဲ့ msg ကတော့ အဟော့ဆုံးဖြစ်သွားတယ်။ လူက အတော့်ကို ငူငေါင်နေလို့
"ပိတောက်လဲမလွမ်းဘူး၊ သင်္ကြန်လဲမလွမ်းဘူး၊ ဘာကိုမှလဲ မလွမ်းဘူး" လို့တင်ထားပစ်လိုက်တာ မေတ္တာပို့တဲ့လူတွေတော်တော်များသွားတယ်။

တယောက်ကလာပြောတယ်။။ ဘာကိုမှ မလွမ်းဘူးဆိုတာအဓိပါယ်မရှိဘူးတဲ့။ အနည်းဆုံးမိသားစုကိုတော့ လွမ်းရမယ်တဲ့။ ခုနကပဲဖုန်းပြောပြီးတယ်။ မလွမ်းပါဘူးဆိုလဲမရဘူး။ ဖုန်းပြောတာနဲ့ ပြည့်စုံတာမှ မဟုတ်တာတဲ့။ သူပြောမှလား။ ကိုယ့်ဟာကို စိတ်တင်းထားချင်လို့ တင်ထားတယ်ဆိုကာမှ ဇွတ်ပဲ။အဲဒါနဲ့ပဲ.. အေးအေးလွမ်းတယ်ဟာဆိုတော့ သူ့ကိုရော မလွမ်းဘူးလားတဲ့။ အင်းပါ နင့်ကိုလဲ လွမ်းတယ်၊ နင့်ညီလေးကိုလဲ လွမ်းတယ်၊ နင့်အကို ကိုလဲလွမ်းတယ်ဆိုတော့ မကျေမနပ်နဲ့ ထွက်သွားလေရဲ့။

နောက်တယောက်ကတော့ ..လုပ်မနေနဲ့တဲ့။ လွမ်းစရာလူရှိတာလိုက်လို့။ ထင်ယောင်ထင်မှားဖြစ်အောင် မရေးပါနဲ့တဲ့။ အင်းပါ..ငါကလဲ လွမ်းတယ်လို့မရေးပါဘူး။ မလွမ်းဘူးလို့ပဲရေးတာကို..လာရစ်မနေနဲ့ဆိုတော့ ဒါရိုက်ရှင်က ပြောင်းသွားတယ်။ အဲဒါဆို ဘယ်သူ့ကိုမလွမ်းတာလဲ၊ နာမည်ပြောတဲ့။မလွမ်းတဲ့လူတွေထဲမှာ ထိပ်ဆုံးကတော့ နင်ဘဲဆိုတော့ သူ့ကို ရန်စ ရမလားဆိုပြီး ဒေါကန်သွားလေရဲ့။

နောက်တယောက်ကလဲ မိုးကြီး..အပျိုကြီး ဇယားတွေသိပ်မလုပ်နဲ့ ဆိုပဲ။ အေးပါ..အအိုကြီးရယ်... အပျိုကြီးဇယားဆိုတာဘာလဲပြောပြစမ်းပါ။ ငါရှောင်ချင်လို့ပါဆိုတော့ ရှောင်မနေနဲ့တော့ ဆေးမမှီတော့ဘူးတဲ့။

နောက်ဆုံးအကိုတယောက်ကတော့ နဲနဲ ပြင်းထန်တယ်။ စထဲက "Are you Crazy" ဆိုပြီးစလာတယ်။ If you don't miss any, then you don't need to live any more. What is the life for?" တဲ့။ If the person don't have that kind of feeling what is the meaning of living for" တဲ့။ အဲဒီအချိန်ကျမှ ဘွာတေး ကျွန်မတင်မိအပြစ်ရှိလို့လဲ ပြောလို့ကမရ။ သူ့ကိုလဲ အစထဲကငယ်ကြောက် ဆိုတော့ အပေါ်ကလူတွေလို ဘုတောလို့လဲမဖြစ်၊ ရူးချင်ယောင်ဆောင်လို့လဲမရ။

"အော်..မိုးဦးဆိုလိုချင်တာက အခုအချိန်မှာမရနိုင်တာ၊ မဖြစ်နိုင်တာကို လွမ်းမနေဘဲ ရှိနေတဲ့ လက်ရှိအခြေအနေမှာပဲ ပျော်အောင်နေဖို့ကြိုးစားမယ်လို့၊ အဲလိုပဲဖြစ်သင့်တယ်မဟုတ်လား၊" လို့မေးလိုက်တော့ အကိုတော်ဘုရားက ကိုယ်ဟာကိုမှန်နေတယ်ထင်ရင်လဲ ပြီးရောလေတဲ့။ သူကတော့မှန်တယ်လို့မထင်ဘူးလားမသိ။ ပြန်တော့မမေးရဲတော့ဘူး။

အော်.. ဒါတောင် Gtalk Msg နေရာလေးမှာရေးထားတာလေးနဲ့ပတ်သက်ပြီး အားပေးခံနေရတာတွေနော်။ အခုလို့ ဘလော့မှာ ကိုယ်ရေးချင်တာတွေစိတ်တိုင်းကျချရေးနေတာသိကြရင် ဘယ်လိုအားပေးခံရမယ်မသိဘူး။

နောက်တော့လဲစဉ်းစားမိပါတယ်။ သူတို့ပြောတာလဲမလွန်ပါဘူးလို့။ ငါ့စာသားကအဆိုးမြင်ဝါဒီဖြစ်နေတာလို့ ကိုယ့်ဟာကိုတော့ဝန်ခံမိပါတယ်။ ဒါပေမယ့် ခေါင်းမာတတ်တာအကျင့်ဖြစ်နေပြီဆိုတော့။ မထူးတော့ပါဘူး သင်္ကြန်အတက်နေ့ပဲရောက်နေပြီ။ ဆက်ထားလိုက်ပါတော့မယ်ဆိုပြီး မကြိုက်တော့ပေမယ့်မဖြုတ်ပဲပေပြီး ထားလိုက်တယ်။ မနက်ကတော့Msg ပြောင်းတင်လိုက်ပါပြီ။

"HAPPY MYANMAR NEW YEAR"



Tuesday, April 13, 2010

အိမ်အပြန်-(၅) (သို့) အင်းတိမ်ဘုရား

အင်းတိမ်ဘုရားကကျွန်မတို့ရွာရဲ့ အနောက်ဘက် တောင်တန်းအစပ်မှာရှိတာလေ။ အရင်တုံးကနာမည်ကြီးတဲ့ ရွှေဥဒေါင်းတောင်ဆရာတော်သီတင်းသုံးခဲ့တဲ့ရွှေဥဒေါင်းတောင်ကိုတက်ချင်ရင်လဲအဲဒီကတဆင့်တက်ရတာလေ။ ကျွန်မတို့အိမ်ရှေ့က ချောင်းအတိုင်းမော်တော်မောင်းတက်သွားရင် ရွာအပြင်ရောက်တာနဲ့ချောင်းရိုးက ပုံထဲကအတိုင်းပဲ။ ချောင်း ကမ်းစပ်ရဲ့ဘေးတဖက်တချက်ကတော့ လယ်ကွင်းတွေပေါ့။ အရင်အနှစ်ငါးဆယ် လောက်တုံးက အင်းတိမ်ချောင်းဆိုတာမော်တော်လှေ နှစ်စင်းစာလောက်ပဲကျယ်တယ်ဆိုပေမယ့် အခုတော့ မော်တော် ရှစ်စင်းအကျယ်လောက်ဖြစ်နေပြီ။ ရေတိုက်စားလို့ ကမ်းပါးပြိုတာလေ။ အခုသစ်ပင်ကြီးဆိုရင်လဲ နောက် ၂နှစ်လောက်ဆို ရေထဲပါလောက်ပြီထင်တယ်။ မပြိုခံနိုင်ရိုးလား။ ဘာတာတမံမှကာမထားပဲနေ့စဉ် ဒေသခံမော်တော်တွေ၊ ခရီးသွားမော်တော်တွေဒီလောက်မောင်းနေတာ။
တချို့နေရာတွေမှာအဲလိုမျိုးသစ်သားချောင်းကူးတံတားလေးတွေ ရှိတယ်။ မော်တော်လာနေရင်တော့ မဖြတ်နဲ့အုံးပေါ့နော်။ ကြမ်းခင်းက သစ်သားခပ်ကျဲကျဲခင်းထားတာနော်။ ကျွန်မတို့ငယ်ငယ်တုံးကတော့ ၀ါးလုံး သုံးလုံးလောက်ခင်းပြီး လက်ကိုတဖက်တချက် ၀ါးလုံးတလုံးစီကာထားတဲ့ တံတားလေးတွေများပါတယ်။ မော်တော်ဖြတ်ပြီးခါစဆိုရင် တံတားက တလှုပ်လှုပ်နဲမို့ ရင်တခုန်ခုန်နဲ့ ဖြတ်ခဲ့ရတာပေါ့။

ချောင်းအပေါ်ဖက်ရောက်လာရင် တဖြည်းဖြည်းနဲ့ ကမ်းစပ်မှာ ၀ါးတောတွေထူလာတယ်။
မော်တော်ကမ်းကိုကပ်ပြီ။ လှေအဆင်း၊ မြင်းအတက်တဲ့နော်။ သတိထား။

မော်တော်ဆိပ်ကနေတက်ပြီး ဘုရားစောင်းတန်း။ ဘုရားစောင်းတန်းကအရှည်ကြီး။ ရေစပ်ကနေ တောင်ရဲ့အောက်ခြေထိတောက်ရှောက်စောင်းတန်းဆောက်ထားတာလေ။ ရှေးလူကြီးတွေ ကောင်းမှုပေါ့။ အခုတော့ တော်တော်များများနေရာတွေက ယိုယွင်းနေပြီ။ စောင်းတန်းတောက်လျှောက်ကြီးကို ပြင်နိုင်ဖို့ မလွယ်ဘူးနဲ့တူတယ်။ စောင်းတန်းက မမတ်စောက်ပဲ ပြေပြေလေးနဲ့အရှည်ကြီးတက်ရတာ။ မိနစ်သုံးဆယ်လောက်တက်ရမယ်နဲ့တူတယ်။ သီတင်းကျွတ်ဆွမ်းလောင်းပွဲချိန်ဆို စောင်းတန်းဘေးတဖက်တချက်မှာ ရွာတိုင်းက ဆွမ်းလောင်းရုံတွေလာဆောက်ပြီး ဆွမ်းလောင်းကြတာပေါ့။ ကျွန်မတို့ရွာလိုရွာကြီးမျိုးဆို တရပ်ကွက်ကို ဆွမ်းလောင်းရုံတရုံ။ ဆွမ်းလောင်းရုံနေရာတွေက ဟိုးအရင်ထဲကသတ်မှတ်ပြီးသား။
စောင်းတန်းတလျှောက် အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်တွေ၊ အဓိက ကပ်စတမ်မာကတော့ နိုင်ငံခြားသား ဧည့်သည်တွေပေါ့။ ခုတလောဧည့်သည်ပါးလို့တဲ့ ဈေးသည်တွေညည်းနေကြတယ်။ တော်တော်များများ ဈေးသည်တွေက ကျွန်မတို့ရွာကပါ။ ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့တွေ့ချင်ရင် ဒီကိုသာလာခဲ့။ တ၀က်ကျော်ကျော် လောက်ကိုဒီမှာ တွေ့ရမယ်။
စောင်းတန်းရဲ့အဆုံးအာရုဏ်ခံ တန်ဆောင်းမှာ သီတင်းသုံးနေတဲ့ ရုပ်ပွါးတော်ကို ဆွမ်းအရင်ကပ်ကြပါတယ်။ စောင်းတန်းတလျှောက်တက်ရတဲ့ခရီးကဝေးလွန်းလို့ ဒီဘုရားကို ဆွမ်းတော်ကပ်ပြီဆိုရင် ဆွမ်းတော်ပွဲကို အိမ်ကနေပြင်မလာပဲ ကလပ်ကိုသပ်သပ်၊ ဆွမ်းအုပ်ကိုသပ်သပ်၊ လှူဖွယ်ပစ္စည်းတွေကို သပ်သပ်ထည့်ပြီး လူခွဲသယ်ပြီး ဘုရားကိုရောက်မှ ပြင်ပြီးကပ်ကြလေ့ရှိပါတယ်။ ဒီနေ့လဲ ဆွမ်းတော်ပွဲတပွဲနဲ့ ဆွန်းအုပ်တအုပ်ပဲ ကပ်ဖြစ်ပါတယ်။ ဒါပေမယ့် ၂ခါ ပြင်ပြီးကပ်ရတာပါ။ အခုရုပ်ပွါးတော်ရှိရာ စေတီကိုတော့ ဘုရားမ(အဓိကပင်မ) လို့ခေါ်ပါတယ်။
ဘုရားမကနေ ဘေးကိုဆက်ဝင်လိုက်ရင် ဒီစေတီကို တွေ့ရမယ်။ ပထမ ဘုရားလို့ခေါ်တယ်။ အမှန်ဆို ပထမဘုရားကို အရင် ဆွမ်းတော်ပွဲကပ်၊ ပြီးမှ ပင်မဘုရားကိုကပ်ရမှာတဲ့။ ကျွန်မတို့ကတော့မသိ။ မေမေနဲ့ ဒေါ်လေးက စောင်းတန်းတက်ရင်းနောက်ကျန်ရစ်ခဲ့တာဆိုတော့ ကျွန်မတို့ မောင်နှမတတွေကတော့ ဘုရားတွေ့တာနဲ့ ဆွမ်းတော်ပွဲပြင်ပြီး အရင်တွေ့တဲ့ဘုရားအရင်ကပ်လိုက်တာဆိုတော့ ပရိုစီဂျာအောက် သွားတာပေါ့။
အခါကြီးရက်ကြီးမဟုတ်ပဲ ကြားရက်ဆိုတော့ ဆွမ်းတော်ကပ်တဲ့လူက ကျွန်မတို့အပြင် နောက်တဦးပဲရှိတယ်။
အာရုဏ်ခံတန်ဆောင်းရဲ့ မုခ်ဦးစာတမ်းကို ဓါတ်ပုံရိုက်လာတယ်။

ို ပထမဘုရားရဲ့ ဘေးတံခါးကိုထွက်လိုက်ရင်တော့ ပအိုဝ့်၊ တောင်သူတွေရဲ့ ဌာနေ တောင်တန်းတွေပေါ့။ ဒီတောင်တန်းတွေပေါ်က နနွင်း၊ ကြက်သွန်ဖြူ၊ ဂျင်း၊ လက်ဖက်ခြောက်၊ထောပတ်သီး၊ သစ်တော်သီး၊ ပဲစေ့၊ ပိန်းဥ၊ ဆူးပုပ်၊ စွယ်တော်ရွက်၊ဆီးဖြူသီး စသဖြင့် ဟင်းသီးဟင်းရွက်တွေကို မျိုးစုံထွက်တာပေါ့။ ဒီတောင်ကျောပြီးရင်နောက်ထပ်တောင်ကျောတိုင်းမှာ သွပ်မိုးဖွေးဖွေးနဲ့ရွာတွေ၊ စိုက်ခင်းတွေရှိမယ်။ ဟိုးအရင်မြန်မာဘုရင်တွေခေတ်က အင်းထဲကနေပြီး မန္တလေးဘက်သွားရင် အဲဒီတောင်တွေကိုဖြတ်ပြီး တောလမ်းအတိုင်းသွားရတာလို့ပြောတယ်။ဒီနယ်မြေတွေအကုန်လုံးကပအိုဝ့်ငြိမ်းချမ်းရေးနယ်မြေ ထဲမှာပါတယ်။

အသွားလား၊ အပြန်လား၊ ရင်ခွင်ထဲမှာတယောက်၊ ကျောပိုးလို့ကတယောက်။
ရှေးဟောင်းစေတီတွေ ပြိုပျက်နေတာတွေ့တော့လဲစိတ်မကောင်းဘူး။

အခုလို ခေတ်သစ်ပုံစံပြင်ထားတာလဲ မကြိုက်ဖူး။ ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား၊ ငါလဲမလုပ်တတ်ဖူး ဆိုတဲ့စကားအတိုင်းပဲ။


ပတ်ဝန်းကျင်တခုလုံးက စိမ်းစိုပြီးတောပန်းလေးတွေကအစလှနေတယ်။

အပြန်ကျတော့ စောင်းတန်းတ၀က်လောက်မှာ ဆက်မဆင်းတော့ပဲ ဘေးကို ဆင်းပြီး ထွက်လာတယ်။ အင်းတိမ်ချောင်း(ဘီလူးချောင်း) ရဲ့ အစပိုင်းကို သွားကြည့်မလို့လေ။ တကယ့်အစတော့မဟုတ်ဖူးပေါ့။ လူသွားလူလာရှိတဲ့ ရေလွှဲဆည်အပေါ်ပိုင်းနားလောက်ထိပေါ့။ ၀ါးရုံပင်အုပ်နဲ့၊ ရေစီးသံနဲ့၊ အေးစိမ့်နေတဲ့ ရာသီဥတုနဲ့။ အဲလိုတော့လဲ လောကကြီးကအရမ်းအေးချမ်းနေသလိုပဲ။

ပလိုင်းထဲမှာဘာမှမတွေ့ရဘူး။ တခုခုရောင်းပြီးအိမ်အပြန်လား၊ ဒါမှမဟုတ်အခုမှယာခင်းထဲသွားမှာလား။
ရေလွှဲဆည်အထက်ပိုင်းမှာ ရေကအီနေတယ်။ နောက်လဲနောက်နေတယ်။ တခါတလေကြည်နေရင် အရမ်းလှတယ်။ ဒီချောင်းအတိုင်းအပေါ်ကိုဆက်တက်သွားရင် ဘီလူးမရေထွက်ဆိုတာရှိတယ်တဲ့။ ဘယ်လောက် ဆက်တက်ရမလဲတော့မသိပါ။ ဘီလူးမအရုပ်ထုထားပြီး ဘီလူးမဆီက ရေတွေထွက်နေတာတဲ့။ (အင်း.. တဲ့တွေသိပ်များနေပြီနော်။ ဘာလော့ရေးတာမဟုတ်ပဲရီပို့ရေးတာဆိုရင်တော့ သိပ်မရွှီးပါနဲ့ဆိုပြီး မှတ်ချက်ပေးခံရမှာသေချာတယ်) ကျွန်မကိုယ်တိုင်ကလဲ ပုံပြင်တွေနဲ့ကြီးပြင်းလာရသူ ဆိုတော့ သူများကိုလဲ အဲလို ပဲ ပုံပြင်ပြောရတာဝါသနာပါတယ်။

ဒီမှာရေလွှဲဆည်။ တချို့လူတွေကပြောကြမယ်။ ဒီနေရာက၊ ဒီချောင်းကလူစိမ်းဆိုရင်ရေကူးရင် လူစားတယ်လို့။ စဉ်းစားကြည့်မယ်ဆိုရင်တော့ ဒေသခံတွေဆိုတာ ဒီမှာကြီးပြင်းလာကြပြီးဘယ်နေရာဆို ရေနက်တယ်၊ ဘယ်နေရာဆိုရေတိမ်တယ်ဆိုတာသိပြီးသား။ အဲဒီတော့ သူတို့ရေကူးရင် အန္တရာယ်ကင်းတဲ့နေရာမှာ ကူးကြမှာလေ။ သူစိမ်းတွေကတော့ အနေအထားကိုမသိပဲ ရေမြင်ရင်ပျော်ပြီးဆင်းကူးတော့ ရေနက်မှန်းမသိ၊ တိမ်မှန်းမသိ၊ ၀ဲရှိမှန်းမသိပဲ ၀ုန်းဆိုဆင်းကူးကြရော။ အဲဒီမှာ အဆင်မသင့်ရင် အန္တရာယ်တွေ့တာဘဲ။
အင်းတိမ်ချောင်းက ရေလွှဲဆည်ပြီးဆက်စီးလာရင် အောက်ကပုံအတိုင်း ချောင်း ၂မွှာ ဖြစ်သွားပါတယ်။ ဖောင်တော်ဦးဘုရားဒေသစာရီကြွရင် ကရ၀ိတ်ဖောင်တော်က ကျောင်းတော်ကထွက်ပြီး အင်းတိမ်ကိုကြွလာရင် လက်ယာဘက်ချောင်းအတိုင်းဆန်တက်လာပြီးအင်းတိမ်ကနေကျွန်မတို့ရွာကိုကြွလာရင်လက်ဝဲဘက်ချောင်းအတိုင်း ပြန်စုန်ဆင်းလာတာပါ.
ဒီတံတားရဲ့ဘေးတဖက်က ၀ါးရုံတွေရဲ့နောက်မှာ လိမ္မော်ခြံတွေတောက်လျှောက်ရှိတာပေါ့။ ကျွန်မ အလယ်တန်းကျောင်းသူဘ၀တုံးကဆို ကျောင်းပိတ်ရက်ဆိုရင် ဦးလေးတွေ လိမ္မော်ခြံသွားမလားပဲ ချောင်းနေတာ။ သူတို့အိမ်က မော်တော်ထဲကို ပစ္စည်းတွေထည့်သံကြားပြီဆိုတာနဲ့ ကျွန်မကလဲ အင်္ကျီ၊ ဘောင်းဘီ အပိုတစုံယူပြီး မော်တော်ထဲခုန်ဆင်းပြီးလိုက်သွားနေကျ။ ဟိုရောက်ရင် ချောင်းထဲမှာ ၀တ်စုံပြည့် ရေကူးမယ်။ ပြီးရင်ယူသွားတဲ့အ၀တ်ပိုကိုလဲ...သစ်ပင်ရိပ်မှာ အိမ်ကယူသွားတဲ့စာအုပ်ထိုင်ဖတ်၊ ထမင်းစားချိန်ကျရင် အိမ်ကထည့်ပေးလိုက်တဲ့ဟင်းကိုမစားဘဲ ခြံစောင့်မိသားစုရဲ့ဟင်းခွက်ထဲက ငရုတ်စပ်စပ်၊ နနွင်းဝင်းဝင်းနဲ့ချက်လေ့ရှိတဲ့ဟင်းကိုနှိုက်စား၊ ရေနွေးသောက်၊ ခြံထဲမှာ ဟင်းသီးဟင်းရွက်လိုက်ခူး။ ညနေပြန်ရင် ဂေါ်ရခါးသီး၊ သဘောင်္သီး ဖရုံသီး၊ တခုခုတော့ပိုက်ပြန်တာပဲ။ အဲဒီတုံးကဆို ဘယ်လောက်ပေပေတေတေ နေလဲဆိုရင် နောက်သုံးလေးနှစ်ကြာပြီး ကျွန်မဆယ်တန်း ဖြေပြီး (ပဲ စများတတ်ချိန်ဆိုပါတော့) ခြံထဲလိုက်သွားတော့ ခြံစောင့်မိသားစုက ကျွန်မကို အရင်တုံးက သူတို့ခြံထဲ လိုက်လိုက်လာတဲ့ ကောင်မလေးဆိုတာမမှတ်မိဘူး။ အခုတော့လဲခြံထဲကိုမရောက်ဖြစ်တော့ပါဘူး။ အဲဒီတုံးက ကျွန်မနဲ့ရွယ်တူ သူတို့သားသမီးတွေက အခုခလေး ၂ယောက်၊ ၃ယောက်တွေရနေကြပြီဆိုပဲ။

မော်တော်ဆိပ်နားက ထမင်းဆိုင်မှာပဲအိမ်ကထည့်ယူသွားတဲ့ထမင်း၊ ဟင်းတွေနဲ့၊ ဆိုင်ကဟင်းတွေထပ်မှာပြီး စားတယ်။ အဲလောက်တောင် ချောင်ချတဲ့နေရဆိုပြီး အစားအသောက်အတွက်တော့စိတ်မပူနဲ့။ တိုရ်းတွေက နေ့တိုင်းဝင်နေတာ။ ပက်ကေခ်ျ့တိုရ်းတွေကတော့ ဟိုတယ်က စီစဉ်ပြီးကျွေးတာရှိသလို အက်ဖ်အိုင်တီတွေအတွက်လဲ ဗမာဆိုင်၊ တရုတ်ဆိုင်အစုံရှိပါတယ်။ ဟာသတခုပြောနေတာကြားတယ်။ မနေ့က တိုးရစ် စုံတွဲတတွဲလာတာ ဂိုက်လဲမပါဘူးတဲ့။ အီတလီလား၊ ဘာလားလဲမသိ။ အင်္ဂလိပ်စကားလဲ ကောင်းကောင်းမပြောနိုင်ဘူးတဲ့။ အဲဒါဆိုင်ထဲဝင်လာပြီး ဘိုမက ငှက်ပျောသီးအမှည့်အဖီးလိုက် ဆွဲယူစားလိုက်တော့ ဘာပြသနာမှမရှိဘူးပေါ့။ နောက်တယောက်က သူပြောတဲ့ဘိုလို ဆိုင်ရှင်ကနားမလည်၊ ဆိုင်ရှင်ပြောတဲ့ဘိုလိုလဲသူက နားမလည်နဲ့ နောက်ဆုံးအကြော်ဒယ်အိုးနားလာ၊ ခေါက်ဆွဲကိုလက်ညှိုးထိုး၊ ပန်းဂေါ်ဖီနဲ့ ပဲသီးလက်ညှိုးထိုး၊ ကြက်ဥလက်ညှိုးထိုးပြီး လက်၂ဖက်နဲ့ ကြော်တဲ့ပုံ လုပ်ပြမှပဲ အော်ဒါမှာခန်းပြီးတော့တယ်တဲ့။ လက်စသတ်တော့ သူက ခေါက်ဆွဲကြော်ကို အသားမထည့်ပဲကြော်ဖို့ ပြောတာကိုး။

ကျွန်မတို့နေ့လည်စာကတော့ အင်းလေးရောက်တုံးပဲစားရတဲ့ အသားကင်ချက်(အသားကင်ကို ငရုတ်ဆီ၊ ကြက်ဥ၊ ပန်းဂေါ်ဖီနဲ့ကြော်ထားတာ) ၊ တို့ဖူးသုပ် ၊ထမင်းဖြူနဲ့၊ မနေ့ကတောင်ကြီးက၀ယ်လာတဲ့မှိုကို အိမ်ကနေချက်ယူလာတာနဲ့၊ ဆိုင်ကအလကားပေးတဲ့ဟင်းချိုရည်ကျဲနဲ့။

ထမင်းစားပြီး ဟိုဟိုဒီဒီလျှောက်ကြည့်ပြီးပြန်လာတော့ အိမ်ရောက်တော့ နေ့လည်၁နာရီကျော်ပြီ။ နောက်တရက်အိမ်မှာနေပြီး နောက်နေ့ဆို ပြန်ရတော့မယ်။