Wednesday, May 6, 2015

အမေရိကားခရီးစဉ် - ၃





ဗိုက်လဲပြည့်၊ လူလဲလန်းဆန်းသွားပြီး အချိန်ရသေးတာမို့ လေဆိပ်ထဲက ဆိုင်တွေ လျှောက်ကြည့်ကြပါ တယ်။  အရသာမျိုးစုံနဲ့ ရေညှိချပ်တွေ၊ ရေညှိနဲ့လုပ်ထားတဲ့ သွားရည်စာ၊ ခေါက်ဆွဲခြောက်၊ လက်ဖက်ခြောက်တွေ ၀ယ်ချင်စရာတွေချည်းပဲ။  မိုးဦးရဲ့ Handcarry အိတ်က နေရာဆံ့သေးတာမို့ ရေညှိထုပ် တွေဝယ်လိုက်ကြသေး တယ်။ 

Schedule အတိုင်း မနက် ၁၀နာရီ ၅၀ လေယာဉ် စထွက်ပါတယ်။  လေယာဉ်ပေါ်မှာ ခရီးသည် ၃ပုံ ၂ပုံလောက်က ကိုရီးယားလူမျိုးတွေပါ။  ပုံစံကြည့်ရတာ ကိုရီးယားကနေ သွားလည်တဲ့လူတွေထက် အမေရိကားကနေ ကိုရီးယား လာလည်ပြီးပြန်တဲ့လူတွေ ပိုများတယ်ထင်တာပဲ။  မိုးဦးငယ်ငယ်တုံးက ခရီးသွားရင် ကားပဲစီးစီး၊ ရထားပဲစီးစီး အရမ်းမူးတတ်တဲ့သူပေမယ့် လေယာဉ်ဆိုတာတော့ စစီးဖူးထဲက တခါမှ မူးတယ် ဆိုတာမရှိဖူးဘူး။   သနားစရာလေးနော်။  မူးမှာကိုမကြောက်ပေမယ့် ၁၂နာရီကျော်လောက် လေယာဉ်ပေါ် မှာပဲအချိန်ကုန်ရမှာ၊ ဟိုရောက်ရင်လဲ ချီကာဂိုထဲဆက်တိုက်လည်မှာဆိုတော့ အားရှိအောင် စားလို့ရသမျှ အကုန်စားမယ်၊ အိပ်လို့ရသလောက် အိပ်မယ်လို့ စဉ်းစားထားတယ်။ 

ဘာမှ မလုပ်ရဘဲ ဒီတိုင်း ထိုင်နေရတာလဲ ဗိုက်ကဆာတာပဲ။  လေယာဉ်မယ်လေးတွေလာကျွေးတဲ့ ပျားရည်လူး မြေပဲ စားရင်း အအေးသောက်ရင်း နေ့လည်စာ လာကျွေးမယ့်အချိန်ကိုလည်ပင်း ရှည်ပြီး မျှော်နေရင်း ကိုရီးယားလေကြောင်းဆိုတော့  မြေကြီးလက်ခတ်မလွဲ ဘီဘင်ဘတ်တော့ ကျွေးမှာ သေချာတယ်။  ငါစားချင်တာနဲ့ကွက်တိ ပေါ့။  လွဲချင်တော့ အဲ လေယာဉ်မယ်လေး တွေပေါ့။  အင်္ဂလိပ်လိုကို ဘယ်လိုပြောလိုက်သလဲမသိပါဘူး။ ကိုယ်နားလည် လိုက်တာက ဘီဘင်ဘတ်ကို အမဲသားနဲ့ ကြက်သားနဲ့ရမယ်ပေါ့။  မိုးဦးတို့ညံ့ချက်။ နားထောင်တာကလဲ လျှမ်း၊  ကိုရီးယားတွေ ဘီဘင်ဘတ် ကို အမဲသားပဲ လုပ်လေ့ရှိတယ်ဆိုတာလဲ သတိမထားလိုက် မိတဲ့မိုးဦး ကြက်သားလို့ ဖြေလိုက်တာ ကိုယ့်ရှေ့ အစားအသောက်ဗန်းရတော့မှ  လွဲတယ်ဆိုတာသိလိုက်တယ်။  သူတို့က အနောက်တိုင်းစာ ကြက်သား၊ အမဲသား ဘာစားမလဲ။  ကိုရီးယား ဘီဘင်ဘတ်လဲ ပါပါတယ် လို့ပြောတာကိုး။  ညီမလေးကတော့ ပိုင်တယ်။ သူကတော့ အမဲသား၊ ကြက်သားဂရုမစိုက်၊ ဘီဘင်ဘတ်မှ ဘီဘင်ဘတ် ပဲပြောလိုက်တော့ သူကတော့ ကွက်တိ။  အဲဒါနဲ့ ပြန်လဲ မလဲခိုင်းချင်တော့တာနဲ့ ကိုယ်ရတဲ့ ပျစ်ချွဲချွဲ အီတီတီအနှစ် တွေဆန်းထားတဲ့ ကြက်သားပြုတ်နဲ့ အသီးအရွက်တွေကိုပဲ ကျန်းမာရေးနဲ့ ညီညွန်ပါတယ်၊ ဗိုက်နာမှာ စိုးရိပ်စရာမလိုတော့ဘူးပေါ့လို့ အသင့်အတင့် နှလုံးသွင်းပြီး စားလိုက်ရပါတယ်။ ညီမလေးဆီက မြည်းကြည့်တာ စားလို့ကောင်းတယ်။

 စိတ်ရှိတိုင်း စားခွင့်မကြုံလိုက်တဲ့ Inflight Bibimbap

စားပီးတော့အိပ်ပေါ့။  အိပ်ပြီးတော့ရော။  စားစရာထပ်မျှော်ပေါ့။ အဲ လေယာဉ်မယ်ညီမလှလှ လေးတွေက အဆာပြေစားစရာ ကိတ်မုန့်လေးတွေ၊ ရေညှိပတ် ထမင်းသုံးမြောင့်ထုပ်လေးတွေကို ဗန်းထဲထည့်ပြီး  နေ့လည်စာနဲ့ ညစာစားချိန်ကြား လူတွေ ဆာလောက်တဲ့အချိန်ကျရင် လိုက်ကျွေးပေမယ့်   ခရီးသည်တွေကို မေးတာလဲမြန် လမ်းလျှောက်တာလဲ မြန်ဆိုတော့ ပထမအခေါက်မှာ အိပ်ချင်မူးတူးနဲ့ လှမ်းခေါ်တာ မမီလိုက်ဘူး။  ဘာရမလဲ နောက်တခေါက်ပြန်လှည့်လာတော့ ကိုယ့်ခုံမှာ အသင့်အနေအထားနဲ့ စောင့်နေမှပဲ စားချင်တာ စားရတော့တယ်။   မိုးဦးရဲ့ အစာအိမ်က အချဉ်၊ အစပ်နဲ့ အေးစက်စက် ဟာတွေဆို သိပ်စားလို့ မရတဲ့လူဆိုတော့ ရေညှိထမင်းထုပ်ကိုတော့ မစားရဲဘူး။  ဒါပေမယ့် ကြိမ်းဝါးထားတယ်။ နောက်တနပ်ကျွေးရင် ဘီဘင်ဘတ်မှ ဘီဘင်ဘတ်ပဲလို့ ရွတ်နေပါတယ်။  ဒါပေမယ့် ထပ်လွဲပါတယ်။  ညစာကျတော့ ရှမ်းခေါက်ဆွဲဖတ်လို ခေါက်ဆွဲအေးစက်စက်တွေထဲကို  သွားတိုက်ဆေးတောင့်လို အတောင့်ထဲက ငရုတ်သီးအနှစ် တွေညှစ်ထည့်စားရတဲ့ ကိုရီးယား ရိုးရာ ခေါက်ဆွဲ နောက်တမျိုး နဲ့ နောက်တမျိုးက ထုံးစံအတိုင်း အသား၊ အသီးအရွက်ပြုတ်နဲ့ အာလူးပြုတ်။  :(-  ညီမလေးစားနေတဲ့  အေးစပ်စပ် ခေါက်ဆွဲကိုကြည့်ပြီး ဗိုက်နာမှာစိုးလို့ မစားရဲတော့ အနောက်တိုင်းဆန်သူကြီးလုပ်ရပြန်ပါတယ်။  အခုပိုစ့်ကို ရိုက်ရင်းနဲ့မှစဉ်းစားမိတယ်။  ငါဘာလို့များအဲအချိန်မှာတုံးက လေယာဉ်မယ်လေးကို မမေးမိပါလိမ့်လို့။  ဘီဘင်ဘတ် တဗူးလောက်များကျန်သေးရင်ငါ့ကိုကျွေးပါလားဟယ်လို့။  :)

နောက်တနပ်ထပ်စားပြီး နောက်ဘယ်နှစ်နာရီ ထပ်အိပ်ရအုံးမလဲ တွက်ပြီး ထပ်အိပ်ပါတယ်။  တရေးနိုးရင် အဆာပြေမုန့်ထပ်တောင်းစားပါတယ်။  ထပ်အိပ်ပါတယ်။  လေယာဉ်ဘေး ပြတင်းပေါက်တွေလဲ ပိတ်ထားတော့ ညဘက်အိပ်ရတဲ့အတိုင်းပဲ။  အဲဒါနဲ့ လေယာဉ်မယ်မမများက သင့်တော်တဲ့အချိန်ကျလို့ ပြတင်းပေါက်တွေလဲလိုက်ဖွင့်လိုက်ရော မိုးကြီး ထိန်ထိန်လင်းနေပါရော။  အဲဒါနဲ့ မနက်စာ ထပ်စားရပြန်ရော။  ခဏနေကျရင် ချီကာဂို အိုဟဲ လေဆိပ်ကို ဆင်းတော့မယ်လေ။  ဆိုလ်းကထွက်လာတာ သြဂုတ် (၅)ရက် မနက် ၁၀နာရီ၅၀၊ ခု ချီကာဂိုရောက်တော့ လဲ သြဂုတ် (၅)ရက် မနက် ၉နာရီခွဲ။  အရှေ့နဲ့အနောက် အချိန်ကွာခြားချက်ကြားမှာ မိုးဦးတို့ တရက်နောက်ပြန်ရောက်သွားတာလား၊ တရက်ပိုနေလိုက်ရတယ် ပြောမလား။

ချီကာဂိုလေဆိပ်ဆင်းတော့ စိတ်ကတော်တော်အေးသွားပီ။  ငါတို့တော့ အမေရိကားမြေကို နင်းပြီပေါ့။   ဒါပေမယ့်  စိုးရိမ်စိတ်ကတော့ ရှိပါသေးတယ်။  အနီရောင်ပတ်စ်ပို့လေးကိုင်ပြီး ကိုယ့် နိုင်ငံထက် ခေတ်မှီတိုးတက်တဲ့ နိုင်ငံတွေကို ယောင်လည်လည်သွားရတဲ့ လူတွေ တော်တော်များ များ ရဲ့ ခံစားချက်လို့ထင်ပါတယ်။  အကုန်လုံးတော့ အဲလိုခံစားရလိမ့်မယ်လို့ မဆိုလိုပါဘူး။  ကိုယ့်ဟာကို ယုံကြည်ချက်အပြည့်နဲ့ သွားနိုင်တဲ့လူတွေလဲ အများကြီးရှိမှာပါ။  

စိုးရိမ်ကာမှ စိုးရိမ်ရော။  လောလောဆယ် လူကို သပ်သပ်ရပ်ရပ် ကြည့်ပျော်ရှုပျော်ကလဲ လုပ်ချင်သေးတယ်။  တောက်လျှောက်ကြီး လိန်ပိန်အိပ်လာတာ လူက ဘယ်မှာလာ သပ်ရပ်တော့မလဲ။  အဲဒါနဲ့ Immigration မ၀င်သေးဘဲ သန့်စင်ခန်းအရင်ဝင် မျက်နှာသစ်၊ သွားတိုက်၊ အပိုယူသွားတဲ့ အ၀တ် တစုံကိုတောင် ထုတ်လဲလိုက်သေးတယ်။ ပြီးတော့မှ Immigration Counter မှာဝင်တန်းစီပါတယ်။ အဲမှာလဲ မျက်နှာငယ်တယ်လို့ခံစားရပါတယ်။  ကောင်တာထိုင်နေတဲ့အရာရှိကညီမလေးရဲ့ပတ်စ်ပို့ကို  သေချာကြည့်ပြီး ကို ၀င်ခွင့်ထုပေး ဖို့ပြင်နေပါပြီ။ အဲအချိန်မှာ သူ့ထက်စီနီယာကျတယ်ထင်ရတဲ့ တခြားအရာရှိတယောက် က ရောက်လာပြီး မေးခွန်းတွေထပ်မေးပါတယ်။  ဘယ်လောက်နေမှာလဲ။  ညီမလေးကလဲ ရိုးသားစွာ (၂)လနေမယ်ပေါ့။  အဲတော့မှ အရာရှိက နင်တို့အခမ်းအနားတက်ဖို့လာတယ်ဆိုရင်  ၁ပတ်လောက်နဲ့ လုံလောက်တာ (၂)လ နေဖို့လိုလို့လား စသဖြင့်ပေါ့။  ညီမကလဲ စွာပါတယ်။  ငါတို့က အခမ်းအနားကို ကူလုပ် ပေးဖို့လာတာဆိုပေမယ့် ဒီလောက်ခရီးအဝေးကြီးလာပြီးမှတော့ တခြားနေရာတွေပါ လည်ပြီးမှ ပြန်မှာပေါ့လို့ ပြန်ပြောလိုက်ပါတယ်။ မိုးဦးကလဲ စဉ်းစားထားပါတယ်။  ငါ့ကို ရစ်ရင်ငါလဲ  ပြန်တော့ ပြောမှာပဲလို့။  နောက်ဆုံး တုံးမထုပေးရင်တောင်ဒီတိုင်း တော့မခံဘူး။  သူ့ထက်ကြီးတဲ့ Officer နဲ့ တွေ့ခွင့်ရအောင်တွေ့ပြီးပြောမယ်လို့။  ပြီးတော့ ဖိတ်စာ ပို့ထားတဲ့ ဘဘရဲ့ ဖုန်းနံပါတ်ကိုလဲ အဆင်သင့် ရှာထားတယ်။  ငါတို့လဲ ဘာအမှားမှမလုပ်ဘူး၊  သူတို့ Procedure တွေအတိုင်း လိုက်လုပ်ထားလို့ပဲ visa တောင်ရပြီ။  အားနည်းတဲ့လူကို တမင်နှိမ်ချင်တဲ့ပုံစံဆိုတော့ တကယ်ကို မခံချင် ဖြစ်မိတယ်။  နောက်ဆုံးတော့ ညီမလေးရဲ့စာအုပ်ကိုလဲတုံးထု၊ မိုးဦးအလှည့်ကျတော့လဲ ဘာမှမမေးတော့ဘဲ တုံးထုပေးလိုက်ပါတယ်။  ၆လတော့ နေထိုင်ခွင့်တုံးထုပေးလိုက်ပေမယ့် အဲဒီအချိန်မှာ မိုးဦးစိတ်ကတော့ အတော့ကို တိုပါတယ်။ ခုထိ နားမလည်နိုင်သေးတာက အဲလို အပြင်က မတ်တတ်ရပ်ပြီး ဆရာလာလုပ်တဲ့ အရာရှိက တကယ်ပဲ သူ့တာဝန်ဘောင်အတွင်းကလုပ်တာလား၊  ဒါမှမဟုတ် မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေက လာတဲ့ကိုယ်တွေကိုပဲ တမင်နှိပ်ကွပ်တာလား ဆိုတာပဲ။  ခရီးစဉ်တလျှောက် လုံး သူ့တယောက်ပဲ အဲလို ဆက်ဆံတာ ကြုံဖူးတယ်။  

Immigration ကထွက်လာပြီး လက်ဆွဲအိတ်တွေရွေးပြီးတော့ X-ray စက် တခါထပ်ဖြတ်ရပါတယ်။  အကောက်ခွန်မမ က နင့်အိတ်ထဲမှာ အပင်တွေ၊ အရွက်တွေ၊ စားစရာတွေပါလားတဲ့။  မိုးဦးလဲ မုသားမပါပဲ ဖြေလိုက်တယ်။  ကိုရီးယားက၀ယ်လာတဲ့ ရေညှိတွေတော့ပါတယ်လို့။  :).  တကယ်က အိတ် တအိတ်ထဲမှာ လက်ဖက်တွေ၊ ငါးခြောက်တွေအပြည့်ပါ။  မပါဘူးလို့ဖြေတာမှမဟုတ်တာ။  သယ်လာတာကို အကုန်မပြောတာပဲရှိတာ။  ဖြည်ကြည့်နေရင် လွှင့်ပစ် ခံရတာမခံရတာ အသာထား။  အချိန်ကကြာအုံးမှာ။  သူတို့က အသားစိမ်းတို့၊ မျိုးစေ့တို့ အပင်တို့သာ အ၀င်မခံတာပါ။ အခြောက်အခြမ်းတွေတော့ သယ်လို့ ရတယ်လို့ နောက်တော့ သိရပါတယ်။

အထုပ်တွေဆွဲလို့ အပြင်ကိုထွက်ရင်း နောက်တခါ ဘာများလွဲအုံးမလဲလို့ တွေးနေမိပါတယ်။  မလွဲတော့ပါဘူး။  လာကြိုတဲ့ အကိုတွေကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ပါတယ်။  အကိုတွေကလဲ အမြော်အမြင်ကြီးပါတယ်။  ဗိုက်ဆာလာမှာပဲဆိုပြီး မက်ဒေါ်နယ်တွေ အသင့်ဝယ်ထားတော့ မိုးဦးတို့လဲ ခုနက Immigration Officer အကြောင်းကို ရယ်ပွဲဖွဲ့ပြောနိုင်ပြီပေါ့။




Saturday, April 25, 2015

အမေရိကားခရီးစဉ် - ၂

တကယ်သွားတော့မှာ



လေယာဉ်လက်မှတ်
ဗီဇာရတာသေချာပြီဆိုတော့မှ လေယာဉ်လက်မှတ်ဝယ်ဖို့ စီစဉ်ရတယ်။  မိုးဦးတို့ သွားမယ့် ၂ယောက်က ဘယ်လေကြောင်းလိုင်းရယ်လို့မဟုတ်၊ ဈေးသက်သာတာနဲ့ သွားချင်တယ်။ ရန်ကုန်ကနေ တနေရာမှာ transit လုပ်ပြီး ချီကာဂိုလေဆိပ်ရောက်ရင်ပြီးရော။ မိုးဦးတို့နေရမယ့်နေရာက ချီကာဂိုနဲ့ မိုင် (၂၀၀)လောက်ဝေးတဲ့ Springfield မြို့လေးပါ။  လေယာဉ်ပြောင်းစီးမယ်ဆိုရင် မိနစ် (၃၀)လောက်၊ ကားနဲ့သွားမယ်ဆို (၃)နာရီခွဲလောက်မောင်းရမယ့်ခရီးကို မိုးဦးတို့ကိုတော့ ချီကာဂိုမှာပဲ ကားနဲ့လာကြိုမှာပါ။  ဖြစ်ချင်တော့ကိုယ်သွားဖို့ ရည်ရွယ်ထားတဲ့ သြဂုတ်၊ စက်တင်ဘာလက အမေရိကန်ကျောင်းတွေရဲ့နွေရာသီကျောင်းပိတ်ချိန်နဲ့ တိုက်နေတော့ လေယာဉ်လက်မှတ်တွေက တခြားအချိန်ထက် ပိုဈေးကြီးနေတယ်။  နောက်ဆုံးရွေးစရာ ၂ခုက Qatar Airline က US$ 2000ပတ်ဝန်းကျင် ၊ transit စောင့်ရမှာ ၁ညကြာမှာမို့ လေဆိပ်ဟိုတယ်မှာနားဖို့အတွက် ပါပါပြီးသား၊ Korea Airline က US$2600 လောက် အင်ချွန်းလေဆိပ်မှာ transit က ၄နာရီလောက်ပဲစောင့်ရမယ်။  မိုးဦးတို့က ဒေါ်လာ ၆၀၀လောက်သက်သာမယ် ပြီးတော့ CNA မှာကြော်ငြာပါနေကျ Qatar Airline ကိုစီးချင်တာ။ လူကြီးတွေက အကြမ်းဖက်သမားတွေ စိတ်ပူလို့ အနောက်ဘက်ကလှည့်သွားတာထက် အရှေ့ဘက်ကသွားစေချင်တယ်။  ဒီတခါတော့ကိုယ့်ဆန္ဒထက် သူများဆန္ဒကို ဦးစားပေးစဉ်းစားဖြစ်တယ်။  အကြမ်းဖက်မှုဆိုတာ ကိုယ်နဲ့ တဲ့တဲ့တိုးချင်လဲတိုးမယ် မတိုးချင်လဲမတိုးဘူး။  ဒါပေမယ့် တကယ်လို့ ကိုယ်ရွေးချယ်ခဲ့တဲ့ခရီးစဉ်မှာ တခုခုဖြစ်သွားရင် ခါတိုင်းလိုကိုယ်တယောက်ထဲမဟုတ်ဘဲ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်မှာပါ ရိုက်ခတ်မှာ မလိုလားတာနဲ့ Korea AirLine ကိုပဲရွေးလိုက်ပါတယ်။

Korea AirLineက ရန်ကုန်ကနေပြီး ည ၁၁နာရီခွဲထွက်ပြီး အင်ချွန်းလေဆိပ်ကို မနက် ၇နာရီခွဲလောက်ရောက်မှာပါ။  အင်ချွန်းကနေ မနက် ၁၁နာရီလောက်မှာပြန်ထွက်ပြီး ချီကာဂို O'hare လေဆိပ်ကို နောက်မနက် ကိုးနာရီခွဲ လောက်ရောက်မယ်ဆိုတော့ ဟိုဘက်မှာလာကြိုရမယ့်လူတွေ အတွက်အချိန်လည်းအဆင်ပြေတယ် ။   အဲဒီတုံးကတော့ ချီကာဂို အိုဟဲလေဆိပ်ဆိုတာ ကိုယ်အမေရိကားမှာ ဘယ်သွားသွား ၀င်စို့ ထွက်စို့ လုပ်ရမယ့် လေဆိပ်မှန်းမသိခဲ့ပါဘူး။  နောက်တော့ အိုဟဲလေဆိပ်ထဲမှာ ပြေးလိုက်လွှားလိုက်ရတာ မိုးဦးတို့မှာ ချန်ဂီလေဆိပ်နီးပါး အကျွမ်းတ၀င်ဖြစ်သွား တယ်။

အထုပ်ပြင်ပြီ
ခရီးသွားရမယ်ဆိုရင် ရှေ့ဆုံးကဖြစ်နေတဲ့ မိုးဦးတယောက် သွားရက်မယ့်ရက်နီးလာလေတက်ကြွလေပဲ။  Luggage ကလဲ တယောက် ကီလို (၅၀)ရတာဆိုတော့ အကြိုက်ထည့်လို့ရလို့ မိုးဦးကတော့ မီးပူရော၊ ဒရိုင်ရာရော အစုံထည့်တာပဲ။  ဟိုကလူတွေရီရောပဲ။  တခုပဲလိုသွားတာက ဟိုမှာ တွေ့မယ်လူတွေ၊ လိုက်ပို့ပေးမယ့်လူတွေ တော် တော်များများကို ကြိုမသိထားတော့ သူတို့အတွက် လက်ဆောင်လောက်ငှအောင် သယ်မသွားမိတာပဲ။  ဟိုမှာ မိုးဦးတို့နဲ့တွေ့တဲ့လူတိုင်း မြန်မာပြည်က ချည်ထည်ပုဆိုး၊ အချိတ်လုံချည်လေးတွေဆို တန်ဖိုးထားကြတာတွေ့တော့ များများမသယ်သွား မိတာ နောင်တရမိတယ်။ 

မိုးဦးတို့ သွားတဲ့ရည်ရွယ်ချက်က လုပ်အားပေး အတွက်ဆိုတော့ ရိပ်သာမှာနေရမယ်၊ သွားရင်လဲ ရိပ်သာအစီအစဉ်နဲ့သွားရမယ်ဆိုတော့ ဈေးဝယ်ဖို့ အဆင်ပြေချင် မှ ပြေမှာဆိုပြီး ၂လစာ အ၀တ်အစားတွေ၊အသုံးအဆောင်တွေအကုန်ယူသွားတာ။ထွက်လည်ရင်ဝတ်ဖို့ ပေါ့ပေါ့ပါးပါးအ၀တ်အစားတွေ၊ မြန်မာဝတ်စုံဝတ်ဖို့လိုအပ်တဲ့နေရာတွေအတွက်   မြန်မာဝတ်စုံနဲ့ Luggage ကြီးတလုံး။  မြန်မာဝတ်စုံတွေက ကိုယ်လဲဝတ်ဖြစ်၊ အသစ်တွေဆို လက်ဆောင်လဲပေးဖြစ်၊ တချို့ဝတ်ပြီးသားပေမယ့် ရင်းနှီးသွားတော့ ဘာပဲဖြစ်ဖြစ် ယူမယ်ဆိုပြီး ယူတဲ့လူတွေနဲ့ဆိုတော့ သယ်သွားရတာတန်ပါတယ်။  တခြားဘောင်းဘီတွေ အင်္ကျိတွေက တကယ်ဆို ၁စုံ ၂စုံပဲယူသွားရင်တောင်ရတယ်။  ဟိုရောက်မှ ၀ယ်ဝတ်တာ ပိုအဆင်ပြေတယ်။  ၀ယ်မယ့်တူတူ။  မဟုတ်ရင် ပြန်ရင် ဒီကယူသွားတဲ့အ၀တ်တွေလဲပြန်သယ်ချင်၊ ဟိုက၀ယ်တာတွေလဲ ပါအောင်သယ်ရမယ်။  အပြန် ကီလို (၅၀) မလောက်ဘူး။  ဒါတောင် shopping လုပ်ဖို့ ရည်ရွယ်ချက် မပါဘဲသွားလိုက်တာ။ 

မိုးဦးရဲ့ Size က စင်္ကာပူမှာဆို ဘယ်တံဆိပ်က ဘာ Size ဆိုတာသိပြီးသား၊ ဒီရောက်တော့ သူတို့ cutting တွေကအကြီးကြီးတွေဆိုတော့ ကိုယ်နဲ့တော်မယ့်ဟာတော့ တော်တော် ၀တ်ကြည့်ရတယ်။ အထူးသဖြင့် ဘောင်းဘီဆို ခါးကတော်ရင် ပေါင်ကပွသလိုလို၊ ပေါင်ကတော်ရင် ခါးကပဲချောင်သလိုလို တထည်ပြီးထတည်စမ်းဝတ်ကြည့်ပြီး အဆင်ပြေတဲ့ size ရသွားရင်တော့ တော်တော်ဝတ်လို့ကောင်းတယ်။  Levis တွေဆိုတန်မှတန်၊  တထည်ကို ဒေါ်လာ ၄၀၊ ၅၀။  အ၀တ်အစားဖက်ရှင်ကို သိပ်စိတ်မ၀င်စားတဲ့လူမို့ size တွေနဲ့ပတ်သက်ပြီး ဗဟုသုတမရှိဘူး။  မတူတဲ့ဆိုက် လေးငါးထည်လောက်ဆွဲချသွားပြီး သွားဝတ်ကြည့်ရင်တောင် ကွက်တိမကျ၊ တခါတလေ ခုနှစ်ထည် ရှစ်ထည်လောက်ဝတ်ကြည့်မှ ကိုယ်နဲ့တော်တဲ့ size ရတယ်။ လက်ကိုင်အိတ်၊ ဖိနပ် စတာတွေကတော့ size သိပ်စကားပြောစရာမလိုတော့ အဲလို ဒုက္ခသိပ်မများ။     

အကျဉ်းချုပ်ရရင်တော့ အားလုံးသိတဲ့အတိုင်း Brand ချင်းတူရင် မြန်မာပြည်မှာထက် စင်္ကာပူမှာဝယ်လို့ ပိုကောင်းတယ်။ ဈေးပိုပေါတယ်၊ ရွေးချယ်ဖို့ပိုများတယ်။ Discount ချတာလဲပိုများတယ်။ စင်္ကာပူမှာထက် အမေရိကားက ပို၍ ပို၍ ဈေးသက်သာပြီး ၀ယ်ချင်စရာကောင်းတယ်။  စင်္ကာပူ အောချတ်က  shopping mall တွေမှာ တခမ်းတနား showcase လုပ်ထားတဲ့ Brand တွေ၊ အမေရိကားမှာ တော့ သာမန်ပဲ display လုပ်ထားတာ။  ရာသီအကူးအပြောင်းမှာ Brand အကောင်းတွေကိုအလကားနီးပါးဈေးနဲ့ရောင်းတာ ကိုယ်တွေ့သိလိုက်ရတယ်။ မူရင်းဈေး ဒေါ်လာ ၂၉၀လောက်ရှိတဲ့ Ralph Lauren ဂျက်ကက်တထည်ကို ဒေါ်လာ ၃၀နဲ့ ၀ယ်လိုက်ပြီးထဲက မိုးဦးတယောက် shopping သွားရင်  SALE ဆိုတဲ့စာလုံးကိုသာရှာတော့တယ်။  အထုပ်ပြင်နေရင်းနဲ့ ချောတော ငေါ့သွားပြန်ပြီ။ မိုးဦး သင်ခန်းစာရသွား တာတော့ နောက်တခါများ အမေရိကားသွားလည်ဖြစ်မယ်ဆိုရင် လက်ဆောင်ပေးဖို့ ဟိုကလူတွေ အသုံးဝင်မယ့်ပစ္စည်းလေးတွေရယ်၊ ရာသီဥတုအလိုက် ဟိုရာက်ရောက်ချင်းဝတ်မယ့် ၀တ်စုံ၂စုံ လောက်ရယ်၊ မြန်မာဝတ်စုံဝတ်ဖို့လိုမယ်ဆိုရင် မြန်မာဝတ်စုံလေးတွေရယ်ပဲသယ်သွားတော့မယ်။  အိတ်ချောင်ရင်လဲ ချောင်ပါစေ။  အဲဒါမှ ဟိုကပြန်လာရင် ဟိုဟာလဲ မချန်ချင်၊ ဒီဟာလဲမချန်ချင် အကုန်သယ်ချင်ပြီး ပေါင်ပိုပေးရတဲ့ ဒုက္ခကလွတ်မှာ။ 

မိုးဦးက Luggage အသေးတလုံး၊ အကြီးတလုံးကို check-in လုပ်ပါတယ်။  Transit နဲ့သွားရတဲ့ ခရီးရှည်သိပ်သွားနေကျမဟုတ်ပေမယ့် သူများ ခရီးသွားအတွေ့အကြုံ ထားတာတွေကိုဖတ်ထား တာ တော်တော် အထောက်အကူရတယ်။ Handcarry အိတ်ထဲမှာ လိုလိုမယ်မယ် အ၀တ်အစား အပိုတစုံ၊ အနွေးထည်ပါးပါးတထည်၊  ရှောစောင်တထည်၊ သုံးနေကျ Skin care ပစ္စည်း ဗူးသေးလေး တွေထည့်ထားတဲ့ အိတ်သေးလေး၊ လိုလိုမယ်မယ်ဆောင်ထားနေကျ ဗိုက်နာ ခေါင်းကိုက်ပျောက် ဗမာ ဆေး၊ အင်္ဂလိပ်ဆေးနဲ့ ဗိုက်ဆာလာရင် သည်းမခံတတ်သူဆိုတော့  အဆာပြေစားစရာအထုပ်လေးတွေ၊ ဖုန်းcharger နဲ့ ကွန်ပျူတာ စတာတွေထည့်ပါတယ်။  Transit ဆိုလို့ အမေရိကားခရီးစဉ်မတိုင်ခင် မေလမှာ အင်ဒိုနီးရှားသွားတော့ စင်္ကာပူလေကြောင်းလိုင်းစီးလို့ ချန်ဂီလေဆိပ်မှာ transit လုပ်ဖူးတဲ့အတွေ့အကြုံပဲရှိတယ်။  ချန်ဂီလေဆိပ်ကျတော့လဲ ကိုယ်တို့ဗမာတွေအတွက် အကျွမ်းတ၀င်ရှိနေတာဆိုတော့ ထူးထူးခြားခြား မဖြစ်မိဘူး။  အခု ခရီးစဉ်ကျတော့မှ မရောက်ဘူးတဲ့ လေဆိပ်ကနေ Transit လုပ်ရမှာဆိုတော့ နဲနဲတော့ စိုးရိမ်မိတယ်။  ဒါပေမယ့် ဒီဘက်လေယာဉ်ဆိုက်ပြီး ဟိုဘက်လေယာဉ်ထွက်ဖို့  ၃နာရီခွဲလောက် အချိန်ရသေးတာဆိုတော့ တခုခုလွဲမယ်ဆိုလဲ ပြင်ဖို့အချိန်ရသေးတယ်တွက်ရတာပဲ။  :)

Cheik in လုပ်တော့ ကိုယ့်ဟာကို  ထွက်ချင်တဲ့အချိန်ထွက်၊ ထိုင်ချင်တဲ့အချိန်ဝင်ထိုင်လို့ရအောင် Aisle seat ပဲတောက်လျှောက်ရအောင် တောင်းလိုက်တယ်။   မဟုတ်ရင်ကိုယ် အပေါ့အပါးသွားချင်လို့ထွက်ချင် ရင်တောင် လျှောက်လမ်းဘက်မှာထိုင်နေတဲ့လူ အိပ်ငိုက်နေလား အရိပ်အခြည်ကြည့်နေ ရမှာ။  လေယာဉ်ပေါ်မှာ မှတ်မှတ်ရရ ရှိတာကတော့ လုံးဝပြုံးယောင်မပြဘဲ ၀န်ဆောင်မှုပေးတဲ့ လေယာဉ်မောင်ဦးလေးကြီးပါ။  စူပုပ်နေတာမဟုတ်ပေမယ့် ရုပ်ကို အဲလိုတည်နေအောင် ဘယ်လိုများ ကျင့်ထားလဲမသိပါဘူး။  အင်ချွန်းလေဆိပ်ရောက်တော့ ဖဘမှာ ပိုစ့်တင်လိုက်သေးတယ်။ အိမ်ကအာဂျီးမားနဲ့များ ရန်ဖြစ်ထားသလား အာဂျားရှိရယ်လို့။

 အဲလောက်ခရီးရှည်ကြီးတခါမှ မသွားဖူးတော့ ခရီးပန်းပြီး  Jet Lag ရမှာစိုးပြီး အိပ်ပျော်အောင်အိပ်လိုက်တာ တရေးပဲ။  လေယာဉ်မယ်လေးတွေ ဘေးက တံခါးကို ဖွင့်လို့ နိုးလာချိန်မှာ လင်းချင်းနေပြီ။  ကိုရီးယားစံတော်ချိန်က မြန်မာစံတော်ချိန်ထက် ၂နာရီခွဲစောတာမို့ မိုးဦးတို့တွေက မနက်သုံးနာရီခွဲလို့ ခံစားရချိန်မှာ သူတို့အချိန်အတိုင်းဆို မနက်ခြောက်နာရီ ရှိပြီလေ။  ထူးမခြားနား လေယာဉ်မနက်စာကျွေးပြီး (မျှော်လင့်ထားသလို ကိုရီးယားစာမကျွေးပါ)။ ခဏနေတော့ ခုနှစ်နာရီခွဲလောက်မှာ အင်ချွန်းလေဆိပ်ကို  ရောက်ပါပြီ။  Transit လို့ပြထားတဲ့ မျှားအတိုင်းလိုက်၊ သတ်မှတ်ထားတဲ့ဂိတ်မှာ Security Check in လုပ်ရပါတယ်။  

Security ကထွက်လာပြီး နောက်ထပ်စီးရမယ့် ဂိတ်ကို လိုက်ရှာပါတယ်။  ဂိတ်တွေ့တော့မှ ငါတို့တော့ US သွားမယ့် လေယာဉ်နဲ့တော့ မလွဲနိုင် တော့ပါဘူးဆိုပြီး အထုတ်ချ အင်တာနက်သုံး၊  ပြီးတော့အိပ်ငိုက်။ ဟိုငေးဒီငေး။

 ထိုင်ခုံနားက ကော်ဖီဆိုင်
 ဘေးမှာ ခလေးကစားကွင်းလေး။
 
 နောက်တဆိုင်က အရက်ပုလင်း။



ခဏနေတော့ဗိုက်ဆာလာတာနဲ့ ကိုယ့် Hand carry လေးကိုယ်ဆွဲပြီး စားစရာလိုက်ရှာတော့ တွေ့ပါပြီ စားချင်လှတဲ့ကိုရီးယားစာစစ်စစ်။  မိတ်အင် မြန်မာ ကိုရီးယားစာ တို့ မိတ်အင် စင်္ကာပူ ကိုရီးယားစာတို့ မဟုတ်။ ကိုရီးယားမြေမှာ စားရတဲ့ ကိုရီယားစာစစ်စစ်။

 ဒါကမိုးဦးစားတဲ့ ကင်ချီထမင်းကြော်နဲ့ တွဲပေးတဲ့ ဟင်းချိုရည်နဲ့ မုန်လာဥဖြူ ဆားစိမ်။  အရသာက မျှော်လင့်ထားတဲ့အတိုင်း စိတ်ကျေနပ်တယ်။  ကင်ချီထမင်းကြော်ကစပ်စပ်မွှေးမွှေးဆိမ့်ဆိမ့်၊ ဟင်းရည်က ချိုချိုလေးလေး၊ မုန်လာဥက ချိုချဉ်ကြွပ်ကြွပ်။  ခုတောင်ပြန်စားချင်လာပြီ။  ၈ဒေါ်လာ


 ဒါက ညီမလေးစားတဲ့ ဆန်ခေါက်ဆွဲအလုံးကြီးနဲ့ ကင်ချီဟင်းရည်။  သူ့ခေါက်ဆွဲလဲ လေးလေးပင်ပင် ပူပူနွေးနွေးနဲ့ကောင်းတာပဲ။  မြန်မာအကြိုက်နဲ့ တထပ်ထဲ။ ခြောက်ဒေါ်လာခွဲ။

လေဆိပ်ဆိုင်တွေရဲ့ ထုံးစံအတိုင်း ဈေးတော့နဲနဲကြီးတာပေါ့။  ဒါပေမယ့် အရသာရှိတော့ ပေးရတာ တန်ပါတယ်။

စားသောက်ပီးတော့  Toilet ခန်းကိုပဲ ဟိုတယ်ခန်းအမှတ်ထားပြီး မျက်နှာသစ် အလှပြင်ပါတယ်။  တညလုံးနီးပါး လေဆိပ်မှာ ထိုင်စောင့်၊ လေယာဉ်ပေါ်မှာ အချိန်ကုန်နဲ့ ငြီးစီစီဖြစ်နေတာ အခုမှပဲ လန်းဆန်းတက်ကြွသွားပါတယ်။  အနံ့ကြိုက်ရင်၊ ဈေးလဲတန်ရင်ဝယ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ရေမွှေးဆိုင်က Channel အစိမ်းရောင်လေးကို စမ်းဆွတ်ကြည့်ပြီးတဲ့အချိန်မှာတော့ နောက်ထပ် (၁၂)နာရီ လေယာဉ်ခရီးစဉ် အတွက် အင်အားအပြည့်ရှိသွားပါပြီ။  

နောက်ပိုစ့်မှ ဆက်ပါဦးမယ်။ 
















Friday, April 10, 2015

အမေရိကား ခရီးစဉ် - ၁







မယ်မိုးဦးတယောက် အမေရိကားကို မရည်ရွယ်ဘဲ ၂၀၁၄ခုနှစ်ထဲမှာ သွားလည်ဖြစ်ခဲ့ပါတယ်။  အမှတ်တရခရီးလေးမို့လို့ နောက်ကြာရင်မေ့သွားမှာစိုးလို့ ကြိုးစားပြီးရေးတာတောင် လုပ်ခဲ့တဲ့ Procedure၊ အချက်အလက် တွေကိုအခု တော်တော်မေ့နေပြီ။

ဗီဇာလျှောက်ပြီ

ဗီဇာလျှောက်တော့လဲ သူများတွေက ပိုင်ဆိုင်မှု စာရွက်စာတမ်းအထပ်လိုက်တင်တာ မြင်ခဲ့ဖူး၊ သူများကိုလဲတင်ပေးခဲ့ဖူးပေမယ့် ကိုယ့်အလှည့်ကျတော့ ကိုယ့်နာမယ်နဲ့လဲ မယ်မယ်ရရပြစရာမရှိတာမို့ မှတ်ပုံတင်၊ သန်းခေါင်စာရင်း နိုထရီပြန်ထားတာရယ်၊ အမေရိကားက ဖိတ်တဲ့စာရယ်၊ Form ဖြည့်တုံးက အလုပ်လုပ်နေတာလို့ ဖြည့်ထားတော့ အလုပ်က ခွင့် (၂)လ ပေးပါတယ်ဆိုတဲ့စာရယ်ပဲတင်လိုက်ပါတယ်။  သွားဖို့စီစဉ်ထားတာက သြဂုတ်၊ စက်တင်ဘာ (၂)လ ၊ ဗီဇာ form စတင်တာက မေလ၊ အင်တာဗျူးးက ဇူလိုင်လ (၂)ရက်။  ဒါတော့ မှတ်မိသား။ 

          ဗီဇာအင်တာဗျူးးတဲ့မနက်မှာ သူတို့ခေါ်တဲ့အချိန်ထက် (၁၅)မိနစ်စောသွားတော့ ကိုယ့်ထက်စောတဲ့လူတွေက တန်းစီနေပီ။   သားသမီး ဘွဲ့ယူလို့သွားမယ့်မိဘတွေ ၊ ကျောင်းသွားတက်မယ့်ခလေးတွေ၊ အဖွဲ့အစည်းကဖိတ်လို့သွားလည်မယ့်သူတွေ စသဖြင့် ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် စိတ်လှုပ်ရှားနေကြတဲ့ပုံတွေပါ။ မိုးဦးကိုလဲတခြားလူတွေ ဘယ်လိုမြင်မယ်မသိ။ ကိုယ့်ဟာကိုတော့ သိပ်စိတ်လှုပ်ရှားမနေဘူးထင်တာပဲ။  ဗီဇာရရင်လဲသွားလည်မယ်၊ မရတော့လည်း မသွားဘူးဆိုတဲ့စိတ်နဲ့ လုပ်မယ့်လုပ်တော့ အောင်မြင်ချင်တဲ့စိတ် လွန်ဆွဲနေတာပဲ။

          ဗီဇာအင်တာဗျူးးတာက တော်တော်များများသိကြတဲ့အတိုင်း၊ အခန်းထဲမှာ ဗီဇာဝင်တဲ့လူ (၅၀) လောက်က ထိုင်စောင့်လို့၊ ကောင်တာမှာ ကိုယ့်နာမည်ခေါ်သံကြားရင် ဒေါ်လာ (၁၅၀) လား (၁၈၀) လားမသိဘူး၊ အရင်သွားသွင်း၊ ပြီးရင်တခါထိုင်စောင့်၊ နောက်တခါကိုယ့်နာမည်ခေါ်သံကြားရင် ကောင်တာကိုသွား၊ အထဲက officer နဲ့ မှန်တချပ်ခြား အမေးအဖြေလုပ်၊ ကိုယ့်ကိုမေးတဲ့မေးခွန်းတွေ၊ ကိုယ်ဖြေတဲ့အဖြေတွေ အခန်းကထိုင်နေတဲ့လူတွေလဲကြားနေရတာပဲ။ Officer ကျေနပ်လောက်အောင်ဖြေနိုင်ရင် သူတို့ကဗီဇာကြေးသွင်းခိုင်းတယ်။ နောက် (၂) ရက်ကြာရင် ဗီဇာကပ်ထားတဲ့ ပတ်စ်ပို့စာအုပ် သွားယူရုံပါဘဲ။   

စောင့်နေရင်းပျင်းပျင်းနဲ့သူများ မေးနေတာတွေ နားစွင့်ကြည့်တော့ ကောင်လေးတယောက်၊ ဟိုမှာကျောင်းသွားတက်ဖို့ Student Visa သမား၊ သူတို့ အုပ်စုကိုအစထဲက သတိပြုမိတယ်။  အထက်တန်းအောင်ခါစအရွယ် ၁၀ယောက်ကျော်လောက် အားတက်သရော တိုင်ပင်နေကြ၊ စကားပြောနေကြတာ မြင်ရတာ မုဒိတာပွားမိတယ်။  ကိုယ်တွေ အဲအရွယ်တုံးက အဲလိုအခွင့်အရေးမရခဲ့ဘူးလေ။  နိုင်ငံရေးအခြေအနေ၊ မိသားစုအခြေအနေတွေက ပျံချင်တိုင်းပျံဖို့ အခွင့်မသာခဲ့တဲ့ ငှက်မျိုးဆက်တခုပေါ့။

ဘယ်တက္ကသိုလ်တက်မှာလဲ၊ ဘာဆက်လေ့လာမှာလဲ၊ ပိုင်ဆိုင်မှုစာရွက်တွေလှန်ကြည့်၊  ဒါနဲ့ပဲ တယောက်ပီးတယောက် ဗီဇာကြေးသွင်းခွင့်ရသွားကြတယ်။  နောက်သူတို့ထက် ၆နှစ် ၇နှစ်လောက်ကြီးမယ့်ကောင်မလေးတယောက်အလှည့်မှာတော့ မေးတာတော်တော်ကြာပီး စေ့စပ်တယ်။  မေးခွန်းနဲအဖြေတွေ နားစွင့်ကြည့်ရတာ ကောင်မလေးက ဟိုမှာ ကျောင်းတခါတက်ပီး ပြန်လာမှ အခုနောက်တခါ ထပ်သွားဖို့ဗီဇာလျှောက်တာ။  နောက်ဆုံးသူလဲ ဗီဇာကြေးသွင်းခွင့်ရသွားတယ်။

နောက်တခါတော့ အန်တီကြီးတယောက်။  သားဘွဲ့ယူတာတက်ဖို့သွားမှာ။  သူ့ကိုလဲ တော်တော် ကြာကြာမေးတာပဲ။ ပိုင်ဆိုင်မှုတွေစစ်၊ ကိုယ်ပိုင်လုပ်ငန်းမှာ ၀န်ထမ်းဘယ်နှစ်ယောက်ရှိတာလဲ စတာတွေကြားရတော့ ငါတို့လဲမလွယ်လောက်ဘူးထင်မိတယ်။

နောက်တခါ အန်တီတယောက်ကတော့ ဘာသာရေးအဖွဲ့အစည်းတခုက ဖိတ်တာ။  သူ့ယောက်ျားက ဟိုမှာရှိပြီးသား၊ သူကျတော့ ဗီဇာကြေးသွင်းခွင့်မရခဲ့ဘဲ နောက်နေ့မှာ passport ပြန်လာထုတ်ဖို့ ပြောတာကြားလိုက်တယ်။  အင်း…ဒါဆို ငါတို့လဲအဲလိုပြောခံရမလားမသိ။  အိုဘာကြောက်စရာရှိလဲ။  ရရင်လဲရ။  မရတော့လဲ မရပေါ့။    

ခေါ်ပါပီ။ မိုးဦးနာမယ်ကို။  visa officer က မိုးဦးနဲ့အတူသွားမယ့် ညီမလေးနဲ့ ၂ယောက်တူတူ ဖြေမလားဆိုတော့ အင်းပေါ့။ ပိုတောင်ကြိုက်သေး။ အဲ့နေ့မှ ၂ယောက်လုံးက ရိုးရိုးသားသားဖိုးသခွား ဗမာအကျီလေးနဲ့ ရိုးရာထမီလေးတွေနဲ့ သူကြီးသမီးပုံပေါက်နေလို့လားမသိဘူး။  Officer က လက်ဗွေနှိပ်တော့ မြန်မာလို instruction ပေးတယ်။  သင့်ရဲ့ ညာလက်ကို စက်ပေါ်တင်လိုက်ပါ။  လက်မကို နဲနဲဖိပါ။ ဘာညာပေါ့။  သူ့ဟာသူ အင်္ဂလိပ်လိုပြောရင်ဟုတ်တုတ်တုတ်။ သူ့ရဲ့ ၀ဲတဲတဲ မြန်မာစကားကြားတော့မှဘဲ အယောင်ယောင်အမှားမှား၊ ဘယ်နဲ့ ညာနဲ့ ပြန်စဉ်းစားရသေးတယ်။ တကယ်တမ်းတော့ tall & handsome officer ကိုကြည့်ပီး သဘောကျလို့ ယောင်တောင်တောင်ဖြစ်သွားတာလဲဖြစ်နိုင်ပါတယ်။ :)

နောက်တော့မှ အင်္ဂလိပ်လိုပြောတတ်လားဆိုတော့ နည်းနည်းလေးတော့ ပြောတတ်ပါတယ်ပေါ့။    နင်ဖြေးဖြေးပြောပေးလို့ရမလားလို့ ထပ်ကွန့်လိုက်သေးတယ်။  မိုးဦးတို့ကို ဘာကြောင့်သွားမှာလဲ၊ ဘယ်လောက်ကြာနေမှာလဲ၊ နင်က ၀န်ထမ်းဖြစ်ရဲ့သားနဲ့ (၂)လတောင် ခွင့်ရလား၊ ပြန်ရင် အတူတူပြန်လာမှာလား စတဲ့မေးခွန်း (၅) ခု (၆)ခုလောက်မေးပီး ဗီဇာကြေးသွားသွင်းတော့တဲ့။  မိုးဦးတို့ (၂)ယောက်က ကြောင်တောင်တောင်နဲ့ ကြည့်နေတုံး ဘေးက မိုးဦးလိုပဲ ပတ်ဝန်ကျင်လေ့လာရေး စိတ်ဝင်စားပုံရတဲ့ ဦးလေးကြီးတယောက်က သမီးတို့ ဗီဇာရသွားပီ ၊ ကောင်းလိုက်တာဆိုတော့မှ သြော်..ငါတို့ကိုမေးတာပြီးသွားပြီဆိုတာ သဘောပေါက်တော့တယ်။  အဲဒါနဲ့ Thank you ပြောပြီးပြန်ထွက်လာတော့ Have a Nice Trip တွေ ဘာတွေ လုပ်နေသေးတာ။  အခန်းပြင်ရောက်တော့မှ ငါတို့မေးတာ ခဏလေး၊ ငါက ဒီထက်ကြာကြာမေးစေချင်တာနဲ့ပြောပီးရီကြ ရသေးတယ်။  ချောပြီး ပြုံးပြုံးနဲ့သဘောကောင်းပုံရတဲ့ Visa Officer လေးနဲ့ ဒီထက်မက စကားပြောချင်သေးတာ။  ကိစ္စတခုအောင်မြင်သွားလို့ ကျေနပ်သွားတဲ့ရုပ်နဲ့ လူတယောက်ကို ဖြူဖြူစင်စင် သဘောကျနေတဲ့ ရုပ်၊ ၂ခုပေါင်းလိုက်တော့ သိပ်သိသာသွားတယ်နဲ့တူတယ်။  Security Officer ဦးလေးကြီးတွေက သမီးတို့ ဗီဇာရပြီနဲ့တူတယ်တဲ့။ 

တကယ်တော့ မိုးဦးတို့ကိုဖိတ်တဲ့ အမေရိကားက အဖွဲ့အစည်းကဖိတ်တဲ့စာကသိပ်ခိုင်မာလို့ပါ။ ဥက္ကဌ ဘဘက စာမှာ ဖိတ်ရတဲ့အကြောင်းရင်း၊ အဲဒီကအခြေအနေအသေးစိတ်၊ ခရီးသွားရမယ့်အစီအစဉ်စတာတွေ တမျက်နှာရေးထားတာ  Visa Officer တယောက်အနေနဲ့ လက်ခံချင်စရာအချက်တွေချည်းပါဘဲ။  အမေရိကားရောက်တော့ တချို့ မြန်မာအမကြီးတွေ အန်တီတွေက မေးကြတယ်။  ဗီဇာလျှောက်ရတာဘယ်လိုလဲတဲ့။  တချို့သူတို့ အမတွေ၊ အမေတွေကို အလည်ခေါ်ချင်တာ ဗီဇာခက်ကြလို့တဲ့။  ရတဲ့လူတွေဆိုလဲ ၂ခါ ၃ခါပြန်လျှောက်ရတယ်တဲ့။ 

အမေရိကန် ဗီဇာရတာပျော်လားလို့မေးရင် ရိုးရိုးသားသားဖြေရရင်ပထမဆုံးသွားလည်ရမယ့် အတွေ့အကြုံအနေနဲ့ ပျော်ပါတယ်လို့ပြောရမှာဘဲ။  ဆယ်တန်းအောင်ပီး သင်တန်းအတူတက်တဲ့ သူငယ်ချင်းတွေ အမေရိကားမှာကျောင်းသွား တက်ကြတာ၊ တက္ကသိုလ်တွေပိတ်တော့ တခါထွက်သွားကြတာ ကိုယ့်ရှေ့မှာတွေ့နေပေမယ့်ကိုယ်က အားကျရုံဘဲတတ်နိုင်ခဲ့တာ။  ကိုယ့်မိသားစုအခြေအနေက သားသမီးကို အဲလို နိုင်ငံကြီးကိုပို့ကျောင်းထားဖို့တတ်နိုင်တဲ့ အနေအထားမဟုတ်၊ ဆွေမျိုးရင်းချာဆိုတာလဲအဲဒီ့မှာ မရှိ၊ ကိုယ်တိုင်ကလဲ စကော်လာအပြည့်ရလောက်အောင်တော်တဲ့သူ မဟုတ်ဆိုတော့ ကျောင်းသွားတက်ချင်တဲ့ ဆယ်ကျော်သက်အိပ်မက်လေး အကောင်အထည်မပေါ်ခဲ့တာ။   အခုလို ကိုယ့်ရဲ့ချွေးနဲစာလေးကလဲ ခရီးစရိတ်ကို ကာဗာလုပ်နိုင်တုံး၊ ဟိုဘက်ကအဖွဲ့အစည်း ကဖိတ်တဲ့အတိုင်း နေစရာ၊ စားစရာအတွက် ပူစရာမလိုပဲ လုပ်အားပေးလုပ်ရင်း အမေရိကားမှာ (၂)လတာ လည်ရတာ သာမန်လူတယောက်အတွက် ပျော်ရွှင်စရာပဲမဟုတ်လား။  နောက်နှစ်မှာ ပြန်သွားလည်ချင်လို့ လျှောက်လို့ ရရင်တောင် ၂၀၁၄တုံးကလိုတော့ ပျော်မှာမဟုတ်ဘူး။

သြော်.. မြန်မာပြည်မှာ သာမန်လူဖြစ်ရတာ ကံကောင်းတဲ့အချက်ရှိသား။  ပျော်တမ်းခဏခဏ ကစားလို့ရတယ်။  ဗီဇာရလို့ပျော်ရ၊ နိုင်ဂံခြားသွားလို့ပျော်ရ၊ မီးမှန်လို့ပျော်ရ၊ ပတ်စ်ပို့လုပ်တာ ပိုမြန်လာလို့ပျော်ရ။  သူများနိုင်ငံသားတွေ အဲလို အပျော်တွေ နားလည်မှာ မဟုတ်ပါဘူး။ 

ရန်ကုန်ကနေ ဆိုလ်းထိတလမ်းလုံး လုံးဝမပြုံးပဲ Service ပေးတဲ့ အွန်စောရဲ့ဦးလေး လေယာဉ်မောင်ကြီးအကြောင်းတော့ နောက်ပိုစ့်မှဘဲ။ 

Sunday, January 4, 2015

ပြောင်းလဲသင့်တဲ့အမူအကျင့်များ

ပြောင်းလဲသင့်တဲ့ မကောင်းတဲ့ကိုယ့်ရဲ့ အကျင့်တွေ ပြောင်းလဲနိုင်အောင်ကြိုးစားရမယ်။

ဥပမာ...

မနက် စောစောအိပ်ယာထပျင်းတာ

အိမ်ရှင်းရမှာပျင်းတာ

တခါတလေ ဖြစ်ကတတ်ဆန်းဝတ်စားဆင်ယင်တတ်တာ

တထောင် နှစ်ထောင်ကိုကျတော့ ကပ်စေးနည်းပြီး သောင်းဂဏန်း၊ သိန်းဂဏန်းကိုတော့ မထင်မှတ်ဘဲသုံးမိတာ.

အသုံးစရိတ် သတ်မှတ်မထားဘဲသုံးမိတာ (အထူးသဖြင့် ခရီးထွက်ရင်)

ဒေါသထွက်မိရင် ထိန်းလို့မရတတ်တာ။ 

တခုခု ဗြစ်တောက်ဗြစ်တောက်ပြောမိရင် မရပ်နိုင်တာ။

ကိုယ်လုပ်သမျှ ဆုံးဖြတ်သမျှ မှန်တယ်ထင်တာ.

 ....
....

အိုးးး ချရေးမိတော့ငါမကောင်းတာတော်တော်များပါလား။ 




Monday, January 13, 2014

27th SEA Games နှင့် မရည်ရွယ်ခဲ့သော သဲတပွင့် (၁)


ခုနေများ ဘကျောက်တို့ ရှိနေရင် ပါလေရာ မယ်မိုးဦးကိုဘာပြောအုံးမလဲမသိ။

လွန်ခဲ့တဲ့ (၂) နှစ် မယ်မိုးဦးရွာပြန်ပြီးအလုပ်စလုပ်တဲ့အချိန်မှာ ကြားရတဲ့သတင်းတပုဒ်က မြန်မာနိုင်ငံမှာ SEA Games လုပ်မတဲ့လေ။  တီဗွီသရဲ မယ်မိုးဦးက ဟိုအိုလံပစ် ဒီအိုလံပစ် ဖွင့်ပွဲတွေ ပိတ်ပွဲတွေကို အားတက်သရော စောင့်ကြည့်နေကျ၊ အင်တာနက်မှာရေးတဲ့ ဘေဂျင်းအိုလံပစ်က ဘယ်လို၊ လန်ဒန်အိုလံပစ်က ဘယ်လို၊ စသဖြင့် သတင်းတွေ ဟိုစပ်စပ်  ဒီစပ်စပ်လျှောက်ဖတ် နေကျ ဆိုတော့ အမလေး ကိုယ့်တိုင်းပြည်မှာ လူတွေက ဒီလောက် ကျပ်တည်းနေတာ SEA Games ကိုပိုက်ဆံတွေ ဒီလောက် အကုန်ခံပြီးလုပ်ဖို့စဉ်းစားနိုင်သေးတယ် .... ဘလာ...ဘလာပေါ့။ 

ဖြစ်ချင်တော့ မယ်မိုးဦး အလုပ်လုပ်နေတဲ့နေရာက အားကစားအဖွဲ့ချုပ်တခုနဲ့ မဖြစ်မနေ ပတ်သက်ဖို့ဖြစ်လာတယ်။ ဒါပေမယ့် ကိုယ်မလုပ်ချင်တဲ့အလုပ်တခုကို မလုပ်ဘဲနေလို့ရအောင် နည်းလမ်းသုံးလိုက်တော့ မယ်မိုးဦး  တယောက် လွတ်ရာကျွတ်ရာကိုရောက်သွားပြီး ထဲထဲဝင်ဝင် ပတ်သက်စရာမလိုခဲ့ဘူး။  လိုအပ်တဲ့ အားကစားပစ္စည်းမှာရတာတို့၊  တခြားနိုင်ငံကအဖွဲ့ချုပ်တွေနဲ့ ဆက်သွယ်တာတို့စတဲ့  ရုံးလုပ်ငန်းနည်းနည်းပါးပါး လောက်ပဲ လုပ်ခဲ့တယ်။ 

SEA Games လဲတဖြည်းဖြည်းနီးလာပီး အလုပ်တွေပိုပိုရှုပ်လာပေမယ့် ကိုယ့်အတွက်တော့ ရင်ခုန်စရာမကောင်းခဲ့ပါဘူး။  ဖွင့်ပွဲ ဆိုတာကြီးကိုလဲ နေပြည်တော်အထိသွားကြည့်ရလောက်အောင် မတက်ကြွလို့ အားလုံးအတွက် စီစဉ်ပေးပြီး ကိုယ်ကတော့ အိမ်မှာတီဗွီကနေပဲ  ဝေဖန်ရေးနဲ့ လေကန်ရေးပေါ့။  ဖွင့်ပွဲကို ကြိုးစားပမ်းစား အချိန်ကုန်ခံပြီးလာကြည့်တဲ့ စလုံးက ဘောစိကတောင် နင်ကဆီးဂိမ်းကို သပိတ်မှောက်တာလား ဘာလား လာမေးနေသေးတယ်။   ဘာရည်ရွယ်ချက်မှ မရှိပါဘူးလို့။  အပင်ပန်းခံ သွားပြီး ကြည့်ရလောက်အောင် စိတ်မ၀င်စားလို့ပဲလို့ပြော လိုက်တော့ သိပ်တော့ ကျေနပ်ပုံမရဘူး။ 

ဇာတ်လမ်းက ဖွင့်ပွဲပြီး မှစတာ။  နေပြည်တော်မှာ ဖွင့်ပွဲကြီးဝှဲချီးကျင်းပပြီးပေမယ့်  အားကစားအဖွဲ့ချုပ်တွေ ကိုယ်တိုင်ကလဲ ကိုယ့်အားကစားနည်းအလိုက် ဖွင့်ပွဲလုပ်တဲ့ထုံးစံရှိတယ်ဆိုပဲ။  ဒါနဲ့ပဲ လုပ်မယ့်လုပ် သူများအောက်ကျတော့ မခံဘူးဆိုပြီး ကိုယ့်ထက်အရင် ဖွင့်ပွဲလုပ်တဲ့တခြားအားကစားနည်းတခုကို သွားကြည့်ပြီး အတုခိုးရတော့တာပဲ။  

သူများကိုလည်းသွားအတုခိုးသေး၊ သူများအားနည်းချက်တွေကိုလဲရှာလိုက်သေး။  အကြံတူနောက်လူသာ စမြဲဆိုတဲ့စကားပုံလိုပေါ့။ အဲဒီ့အထိလဲ နိုင်ငံချစ်စိတ်ဆိုတာကိုသတိမပြုမိသလို၊ SEA Games ကိုအားပေးချင်စိတ်လဲ မရှိသေးတာ အမှန်ပဲ။  ကိုယ်လုပ်တဲ့အလုပ်တခုကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတဲ့စိတ်တခုနဲ့ပဲ စိတ်ပင်ပန်းလူပင်ပန်းခံပြီး အကြိုညစာစားပွဲနဲ့ ကိုယ့်အားကစားနည်း ဖွင့်ပွဲလေးကို စီစဉ်ပေးခဲ့တယ်။  

ဒါပေမယ့် ဖွင့်ပွဲမတိုင်မီ အကြိုညစာစားပွဲမှာ  အိမ်ရှင်နိုင်ငံရဲ့ အားကစားအဖွဲ့ချုပ်ကလူအနေနဲ့ တခြားနိုင်ငံက ပြိုင်ပွဲဝင်အားကစားသမားတွေကို အတတ်နိုင်ဆုံး ဧည့်ဝတ်ကျေအောင်  ကြိုးစားနေရင်း ကိုယ်အတ္တလေးကို ကိုယ်ပြန်မြင်လိုက်ရတယ်။  ညစာစားပွဲလုပ်နေတုံး အာရှအဖွဲ့ချုပ်က တာဝန်ရှိသူတွေရဲ့အစီအစဉ်အရ ပြိုင်ပွဲဝင် နိုင်ငံတနိုင်ငံချင်းစီ စင်မြင့်ပေါ်တက်ပြီး သီချင်းတပုဒ်စီဆိုခိုင်းတော့ သူများနိုင်ငံတွေက သူတို့ဟာသူတို့ ဘာတွေဆိုမှန်းတော့မသိဘူး။  နားထောင်လို့တော့ကောင်းသား။  ......... အားကစား ကမ္ဘာကိုလွှမ်းရမည်..... ဆိုတာမျိုးတွေပါရင်လဲ ပါမှာပေါ့နော်။  ကိုယ်မှနားမလည်တာ။  ကိုယ့်မြန်မာအသင်းအလှည့်ကျတော့ စိတ်ပူမိသား။  ညီညီညာညာမှ ဆိုနိုင်ပါ့မလား။  တခြားနိုင်ငံ သီချင်းတွေလို့မှ တက်တက်ကြွကြွရှိပါ့မလားလို့လေ။  

ကိုယ်နဲ့သိပ်ရင်းနှီးမှုမရှိတဲ့ မြန်မာအသင်းအားကစားသမားလေးတွေရဲ့ မြန်မာ .... မြန်မာ တို့မြန်မာ နိုင်ပြီ၊ မြန်မာနိုင်ပြီဟေ့.... ဇွဲမာန်ဝင့်ချီ.. တို့မြန်မာနိုင်ပြီ... လို့လဲကြားလိုက်ရော အခုတကယ်ပဲ နိုင်နေတဲ့ အတိုင်း စိတ်ဓါတ်တွေ တက်ကြွသွားလိုက်တာ... သူတို့နဲ့အတူ ဘယ်အချိန်က လိုက်ဆိုနေမိမှန်းမသိဘူး။ တကြော့ပြီးတကြော့ လည်ချောင်းတွေနာလာတဲ့အထိ။  အဲဒီသီချင်းလေးက တီဗွီကလွှင့်လားမလွှင့်လားတော့ မသိဘူး။  ဘယ်သူရေးပြီး ဘယ်သူဆိုတာလဲမသိဘူး။ ဒါပေမယ့် နားထဲစွဲလွယ်ပြီး နှစ်ခါလောက် နားထောင် လိုက်တာနဲ့ လိုက်ဆိုလို့ရသွားရော။  စိတ်အားတက်ကြွဖို့လဲကောင်းတယ်။  အားကစားသမားတွေရော အားပေးတဲ့ပရိသတ်ရော ပြိုင်ပွဲတလျှောက် ဒီသီချင်းပဲဆိုပြီး အားပေးကြတာ။ 

ဒါနဲ့ပဲညစာစားပွဲပြီးခါနီးကျတော့ အားကစားသမားလေးတွေက အမှတ်တရဓါတ်ပုံတွေရိုက်ကြ၊ အချင်းချင်း နှုတ်ဆက်ကြလုပ်နေတုံး အင်ဒိုနီးရှားအဖွဲ့က အားကစားသမားတွေက ဗြုံးဆို အုပ်စုလိုက် ချာချာလိုမျိုးကကွက် တခုစပြီး ကပါလေရော။  အစက.. ကိုယ်တွေကသဘော မပေါက်သေးဘူး။  နောက်မှ ဘေးက ညီမလေးတယောက်ဆီဖုန်းဝင်လာ ပြီးသူကလှမ်းပြောတယ်။  အမရေ.. မြန်မာဘောလုံးအသင်းကတော့ သွားပြီဆိုမှ သဘောပေါက်လိုက်တယ်။  ပထမတော့ အားကစားစိတ်ဓါတ်ကိုကြိုးစားမွေးပီး မုဒိတာပွါးဟန်ဆောင် လိုက်သေးတယ်။  နောက်တော့  အိမ်ရှင်ကိုမှအားမနာ သူတို့အဲလောက်ပျော်ပွဲဆင်နေတော့ မရှုစိမ့်စွာနဲ့ အဖွဲ့ချုပ် လူကြီးတွေကို သွားချွန်တွန်းလုပ်တာပေါ့။  ပွဲသိမ်းဖို့ကောင်းပြီလို့။ အဲလိုအားကစား စိတ်ဓါတ်ရှိတာနော်။

ပထမဆုံး ရွှေတံဆိပ်ရချိန်ကိုတော့... အပိုင်း (၂)









Wednesday, August 28, 2013

တိတ်တိတ်လေး


အားတက်သရော အိတ်မှောက်ဖာသွန်နေတဲ့ ပျော်စရာ ဘလောဂ့်လေးတွေကိုဝင်ဖတ်ရင်း မယ်မိုးတယောက်လဲ ကိုယ့်ဘလောဂ့်လေး ကိုယ်ပြန်အသက်သွင်းချင်စိတ် ပေါ်လာမိပါတယ်။  တိတ်တိတ်လေးပျောက်နေပြီး တိတ်တိတ်လေးပဲပြန်လာပါပြီ။ 

ဘလော့ဂ်မရေးဖြစ်တဲ့အချိန်တွေကို ကိုယ့်အတွက်ရော အများအတွက်ပါ အကျိုးရှိမယ့်အလုပ်တွေ ပိုလုပ်ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် တကယ်တမ်းတော့ ထင်တိုင်းမပေါက်ခဲ့ပါဘူး။  စာနည်းနည်း ပိုဖတ်ဖြစ်တာပဲရှိပါတယ်။ 

ခုတော့ ဘလောဂ့်လေးကိုပဲ ကိုယ့်ရဲ့ရင်ဖွင့်ရာ ဒိုင်ယာရီလိုသဘောထားပြီး ဆက်ရေးပါတော့မယ်။  အရင်တုံးကတော့ အိမ်နဲ့ဝေးနေရတယ်ဆိုပြီး အလွမ်းပြေဓါတ်ပုံလေးတွေတင်ရင်း ဓါတ်ပုံအကြောင်းပြု ပြီး ရေးချင်တာလေးတွေ ရေးခဲ့ပါတယ်။  ခုတော့ အိမ်လဲပြန်ရောက်ပြီဆိုတော့ လွမ်းတာကိုလဲ စာဖွဲ့လို့မရတော့။  

လွန်ခဲ့တဲ့သုံးနှစ်လောက်တုံးကတော့ မော်နီတာစကရင်မှာ ၀က်သားတုတ်ထိုးပုံတို့၊ ရှမ်းခေါက်ဆွဲပုံတို့၊ ငါးထမင်းနယ်ပုံတို့မြင်လိုက်တာနဲ့သွားရည်တောက်တောက်ကျပြီး မော်နီတာကြီးကိုပဲကောက်ဝါးရတော့မလိုလို၊စီးတီးဟောလ်ပဲ ပြေးရတော့မလိုလို၊ မီးဖိုချောင်ထဲပဲဝင်ပြီး ရှိတာလေးနဲ့ အိုးနင်းခွက်နင်း ချက်စားရတော့မလိုလို ဖြစ်ခဲ့ရာက ခုတော့ ကံဇာတာတလှည့်ပြောင်းလို့ အိမ်ချက်၊ ဆိုင်ချက် ကြိုက်တဲ့အချိန်စားနဲ့  အတော်ဇိမ်ကျနေပါတယ်။

ဘူးသီးချဉ်ရည်ကျဲနဲ့ ငါးဖယ်ဆုပ်၃လုံး၊ ချဉ်စုတ်လန်နေတဲ့ ကင်ပွန်းချဉ်ရွက်ချဉ်ဟင်းနဲ့ ၀က်သားနှပ်၂တုံး၊ ကျဲတောက်တောက်ပဲနီလေးဟင်းနဲ့ ကြက်သားဟင်း၊ ကန်ဇွန်းရွက်ကြော်နဲ့ ဘဲဥကုလားဟင်း စတဲ့ အခုရုံးကကျွေးတဲ့ နေ့လည်စာကိုသူများတွေက   စောဒကအမျိုးမျိုးတက်နေချိန်မှာ ကိုယ်ကတော့ ထမင်းတပန်းကန်တော့ ဘယ်လိုကုန်သွားမှန်းမသိဘူး။  မယ်မိုးစားနိုင်တယ်နော်လို့ တအံ့တသြ ဆိုလာသူတွေကို တပင်တပန်းမရှင်းပြတော့ပါဘူး။  တနေ့တနေ့ ဖုကော့ဒ်ထဲမှာ တလည်လည်နဲ့ဘာစားရမှန်းမသိဘဲ ယောင်လည်လည်ဖြစ်နေတဲ့ နေ့လည် ထမင်းစားချိန်တွေကို ပြန်သတိရမိရင် အခုလို ဗမာထမင်းနဲ့ဟင်း ကို ကိုယ်ဆာနေတဲ့အချိန်မှာ ထမင်းပွဲ ရှေ့ရောက်စားနေရတာ ကိုယ့်အတွက်ဘယ်လောက်အဆင်ပြေမှန်း သူတို့မသိဘူး။

မုန်ဟင်းခါးစားချင်ပြီး မုန့်ဖတ်ဝယ်ဖို့/ ပြုတ်ဖို့ အချိန်မစောင့်နိုင်လို့ ရယ်ဒီမိတ်မုန့်ဟင်းခါးတအိုးချက်ပြီး ထမင်းကြမ်းနဲ့ မြိန်ရည်ရှက်ရည်စားခဲ့တာတွေ၊  ချဉ်ပေါင်ကြော်ထဲကို ပုဇွန်ကြော်ထည့်ရေရောပြီး ချဉ်ပေါင်ဟင်းလုပ်စားခဲ့တာတွေ သူတို့ သိရင် ရောမရောက်ရဲ့နဲ့ ရောမလိုမကျင့်နိုင်ဘူးလားလို့ မေးရင်လဲ ခံရမှာပဲ။  အခုတော့လည်း အမှတ်ရစရာအဖြစ်အပျက်လေးတွေပါပဲ။  အရင်တုံးကတော့ အဲဒါဟာ  ဘ၀ကို ရုန်းကန်နေရတာပဲလို့ကို ကြီးကြီးကျယ်ကျယ်ကိုတွေးပစ်လိုက်တာ။ 

ဆန်ထုတ်သယ်၊ ဆီပုံးဝယ်၊ ကြက်သွန်အိတ်ဆွဲခဲ့ရတဲ့နေ့တွေနဲ့ ယှဉ်ကြည့်လိုက်ရင် အခုက တကယ်ကို ဂွတ်လိုက်ဖ်ပါဘဲ။  အရင်တုံးက အဆင်သင့်ရခဲ့တာတွေကိုတန်ဖိုးမထားတတ်ခဲ့တာ  ကိုယ်တိုင်မလုပ်မဖြစ် ဆိုတဲ့အခြေအနေနဲ့ကြုံပြီးမှဘဲ တန်ဖိုးထားရကောင်းမှန်းသိပါတယ်။ 

အရင်တုံးကလဲ စာရေးရင် ဟိုရောက်ဒီရောက်။  ခုလဲ ဟိုရောက်ဒီရောက်စာစုပါပဲ။
 




Sunday, November 21, 2010

အင်းလေးမိသားစု ကထိန်ပဒေသာပင်အလှူ

၂၀၁၀ နိုဝင်ဘာ (၂၁)ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ကျင်းပခဲ့တဲ့ စင်္ကာပူနိုင်ငံ ၀ရဓါတု ရတနာရာမအသင်းတော် ဓါတ်တော်တိုက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲမှာ ပါဝင်လှူဒါန်းခဲ့တဲ့ အင်းလေးမိသားစုရဲ့ ပဒေသာပင်အလှူ ဓါတ်ပုံလေးတွေပါ။


အင်းလေးမိသားစုရဲ့ ပဒေသာပင်ပါ။

ကထိန်ပွဲကျင်းပရာ Yeo Building ကို ပဒေသာပင်တွေလှည့်ဖို့နေရာယူနေကြတာပါ။

စင်္ကာပူရဲ့ ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်များ။

ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်တွေပြီးတော့ ပဒေသာပင်တွေ အစဉ်အလိုက်နေရာယူပြီး Yeo Building တပတ်ပတ်ကြကြတယ်။

...မကလဲတီး...ကလဲတီး၊ ....မတီးလဲက...တီးလဲက။ တီးတဲ့လူကတီးမှတော့ ဓါးသိုင်း၊ တုတ်သိုင်းမကရရင်တောင် လက်သိုင်းပဲကမယ်။

ပအိုဝ့်အဖွဲ့က ယူလာတဲ့အတီးပစ္စည်းတွေငှားပြီးတီးကြသေးတယ်။ ရှမ်းပြည်နယ်ကတိုင်းရင်းသားတွေရဲ့ ရိုးရာတူရိယာတွေထဲမှာ အိုးစည်၊ လင်းကွင်း၊ မောင်း စတာတွေပါဝင်ပြီး အရွယ်အစား အနည်းငယ်ကွာခြားချက်ရှိပေမယ့် အခြေခံအားဖြင့် တူညီကြပါတယ်။ ဒီနေ့တော့ သူတို့လဲ သယ်ရလွယ်အောင်နဲ့တူပါတယ်။ အိုးစည် - ၁လုံး၊ လင်းကွင်း - ၁ခုပဲပါပေမယ့် မောင်းကတော့ ငါးလုံးခြောက်လုံးလောက်ကို ယူလာပါတယ်။ အိုးစည်ကလဲ တီးရလွန်းလို့အသံကသိပ်မထွက်တော့ဘူး။ ဒါပေမယ့်ရှိတာနဲ့ တီးကြ၊ ပျော်ကြတာပဲ။

အင်းဆားအဖွဲ့ဝင်တချို့။


Sunday, November 14, 2010

ပန်းခရမ်းပြာ

ငါတို့ရဲ့...
မျှော်လင့်ချက်ရောင်ခြည်
ပန်းခရမ်းပြာ။

ငါတို့ရဲ့...
တရားမျှတမှုအတွက်
ပန်းခရမ်းပြာ။

ငါတို့ရဲ့...
လမ်းပြကြယ်
ပန်းခရမ်းပြာ။

ငါတို့ရဲ့
နှလုံးသားထဲက သူရဲကောင်း
ပန်းခရမ်းပြာ။

ပန်းခရမ်းပြာနဲ့အတူ ပန်းတခင်းလုံး လွတ်လပ်စွာဖူးပွင့်ဝေဆာမယ့်နေ့ကို အမြန်ဆုံးရောက်ပါစေ။
ဒါဟာ.....ငါတို့ရဲ့ အပြင်းပြဆုံးဆန္ဒ။






Saturday, July 31, 2010

ပန်းကမ္ဘာမျှော်စင် - ၁

ခွင့်ရတဲ့အချိန်လေးထဲမှာသွားဆေးခန်းပြေးလိုက်၊ မျက်မှန်ပြေးလုပ်လိုက် နဲ့အလုပ်ရှုပ်နေတဲ့ကြားထဲ အဖော်ကောင်းလို့ ပြင်ဦးလွင်ကို ၂ရက်သွားလည် လိုက်သေးတယ်။ ပြင်ဦးလွင်ကပြန်အဆင်းမှာတော့ ကျန်တဲ့လူတွေက မန္တလေးကို ဆက်ဆင်းပေမယ့် ဒီတခါ စိတ်အလိုမလိုက်တော့ဘဲ တယောက်ထဲ ရန်ကုန်ပြန်ဆင်းလာခဲ့ရတယ်။

ပြင်ဦးလွင်ကိုပထမဦးဆုံးအကြိမ်ရောက်ဖူးတဲ့ ကိုးတန်းကျောင်းသူဘ၀ကစပြီး၊ ရောက်တိုင်းရောက်တိုင်း ပိတ်ချင်းမြှောင်မှာ၊ ပွေးကောက်ရေတံခွန်မှာ၊ ရုက္ခဗေဒဥယျာဉ်ထဲမှာ သူငယ်ချင်းတွေကို ရိုက်ပေးလိုက်၊ ကိုယ်ကအရိုက်ခံလိုက်၊ ပန်းပုံတွေ၊ ရှုခင်းပုံတွေချည်းပဲရွေး ရိုက်လိုက်နဲ့ ပြင်ဦးလွင်သွားရခြင်းရဲ့ရည်ရွယ်ချက်၅၀%လောက်က ဓါတ်ပုံရိုက်ဖို့ကျနေတာပဲ။

ပြီးတော့ပုံတွေကြည့်ပြန်တော့လည်း ထူးမခြားနားပဲ။ပန်းခြုံလေးနားမှာ ရီကျဲကျဲနဲ့ငုတ်တုတ်လေး ထိုင်မယ်။ ကိုယ့်ဟာကိုတော့ မခို့တရို့လေးပြုံးနေတယ်ထင်တာပဲ။ ပန်းလေးတွေနဲ့ အလှချင်းပြိုင်နေတယ်ပေါ့။ ဒါပေမယ့် အပြုံးကလွန်သွားပြီး ရီကျဲကျဲပြောင်စပ်စပ်ပုံဖြစ်သွားတာ မသိလိုက်ဘူး။ ပုံကိုကြည့်ပြီးအားပေးကြပုံကနင်က ခြုံထဲဘာဝင်လုပ်နေတာလဲတဲ့။ ပြုံးစိစိနဲ့ တစ်ရှုးပေပါလှမ်းတောင်းနေတာ လားလို့မေးတဲ့လူကမေး။

သစ်ပင်အောက်မှာ လက်လေးနှစ်ဖက်ဆန့်ပြီး ပိုစ့်ပေးနေတဲ့ပုံကိုတော့ ဗျိုင်းလေးပျံနေတဲ့ အတိုင်းပဲတဲ့။
အံမယ်... ကိုယ်ကလည်း တခါတလေကဗျာဆန်ဆန်လေး ပန်းခင်းထဲမှာပန်းလေးတွေကိုငုံ့ကြည့်တဲ့ပုံမျိုး ကြိုးစားပမ်းစား အိုက်တင်ထုတ်လိုက်သေးတယ်။ ဒီပုံမျိုးကိုတော့ လှတယ်တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဆံပင်တွေကွယ်ထားတော့ မျက်နှာကို မမြင်ရလို့တဲ့။
နောက်ခံရှုခင်းကျယ်ကျယ်မှာ ထီးလေးဆောင်းပြီးငေးနေတဲ့၊ လူပုံကနှမ်းစေ့လောက်ပဲပါတဲ့ပုံကိုတော့ ကြိုက်ကြတယ်။ လူမပါရင် ပိုတောင်လှအုံးမယ်တဲ့။

ပြုံးနေပါတယ်ဆိုမှပြောင်စပ်စပ်နဲ့လို့တို့၊ ခပ်တည်တည်ပုံနဲ့အရိုက်ခံတော့လည်း လူမိုက်ကျနေတာပဲ။ တလောကလုံး သူ့လုပ်စာစားနေတဲ့ရုပ်၊ အဲဒီအချိန်တုံးကနင့်ခြေထောက်ကိုဘယ်သူတက်နင်းထားလို့လဲ တို့စသဖြင့် အားပေးခံရတာများ ရိုးနေပြီ။ ဒီ့ထက်အမူအရာလဲမလုပ်တတ်ဘူးလေ။ ဘယ်သူတွေဘယ်လို ဝေဖန်ဝေဖန်ကိုယ်ကတော့ ရောက်ရာအရပ်မှာ ကင်မရာတကားကား သူများကိုလဲရိုက်၊ ကိုယ်တိုင်လဲ အရိုက်ခံနဲ့ခရီးတခုကပြန်လာရင် အိမ်ကလူတွေ အချိန်ကုန်၊ မျက်စိညောင်းဖို့သာပြင်တော့။

ကိုယ်က ဓါတ်ပုံပြရင်လဲ ရိုးရိုးမပြဘူး။ ဒါက ဘယ်မှာရိုက်ထားတာလေ၊ အဲတုံးက ဘယ်သူက ဘယ်လိုပြောလို့ ၀ိုင်းရီနေကြတာ။ ပြီးတော့ ဘယ်နေရာကို သွားတာ။ စသဖြင့် နောက်ခံစကားပြောကလဲ ထည့်လိုက်သေးဆိုတော့ အိမ်ကလူတွေမှာ မျက်စိညောင်း၊ နားညည်းဖို့သာပြင်တော့။ ဒါပေမယ့် ၀ယ်လာတဲ့ မုန့်တွေမျက်နှာနဲ့တော့ ကြည့်ပေးဖော်တော့ရကြသား။

ကိုယ်က ကင်မရာမင်းလုပ်ရရင်တော့ လူတွေကိုပိုစ့်အမျိုးမျိုးတွေထုတ်ခိုင်း၊ မိန်းခလေးတွေဆိုရင်တော့ ကျောင်းသူဘ၀မိန်းထဲရောက်ရင် မလုပ်မဖြစ်ဝတ္တရားလို ဓါတ်ပုံဆရာတွေနဲ့ ဓါတ်ပုံရိုက်တုံးက ချောချောလှလှကောင်မလေးတွေဆိုရင်တက္ကသိုလ်စိန်ဝင်းပြောလေ့ရှိသလို "ကောက်ကြောင်းလေး ပေါ်အောင်ထိုင်..သမီး" ဆိုပြီးဆရာလုပ်လိုက်သေး။
တချို့မြန်မာမင်းသမီးတွေပြက္ခဒိန်တွေ၊ ပိုစတာတွေရိုက်ရင်ရှိသမျှကိုရှေ့ပစ်နောက်ပစ်၊အတင်းပစ်ပြက်ထိုင် ရင်သာ မလှတာ၊ တချို့သူတွေများ နဂိုကလဲလှ၊နေကလဲနေတတ် တော့ သူ့ဟာနဲ့သူထိုင်နေတာတောင် သဘာဝကျကျလေး ကောက်ကြောင်းလေးပေါ်ပြီးလှနေတတ်တာနော်။

သူတို့က ကိုယ့်ပုံကိုကြည့်ရင်သာဝေဖန်တာ၊ ကိုယ်ရိုက်ပေးတဲ့ ပုံတွေတော့ ကြိုက်ကြသား။ အင်းလေ...အားလုံးက သူတို့ကိုယ်သူတို့ဘယ်လိုလေး ပိုစ့်ထုတ်လိုက်ရမလဲပိုစိတ်ဝင်စားကြတာ။ သူတို့ကို စိတ်ရှည်လက်ရှည်၊ မညည်းမညူရိုက်ပေးတတ်တဲ့ သူကလဲ ကိုယ်ကလွဲပြီး ပြိုင်ဘက်မရှိကိုး။

ဒီတခါတော့ခရီးသွားတာ အာရှတိုးရစ်မလုပ်တော့ဘဲ သဘာဝရှုခင်းတွေကိုမျက်စိနဲ့ နှလုံးသားနဲ့ပဲ ခံစားတော့မယ်ဆိုပြီး ကင်မရာယူမသွားခဲ့ဘူး။ ဒါပေမယ့် သူငယ်ချင်းတယောက်က ပြင်ဦးလွင်စလည်ပါပြီ ဆိုတဲ့မနက်ထဲက သူ့(သူ့အဖေဆီကမျက်နှာချိုသွေးပြီးမ,လာတဲ့) ကင်မရာ ကိုယ့်လက်ထဲဝကွက်အပ်လိုက် တာပဲ။ ကိုယ်ကလဲ ကိုယ်ပဲ။ ရောက်ရောက်ချင်းမနက်ရှမ်းခေါက်ဆွဲစားတဲ့ဆိုင်က ပန်းလေးတွေလှတော့ မနေနိုင်မထိုင်နိုင် သွားစရိုက်မိတာ။

ဒီတခါသွားတဲ့အုပ်စုထဲမှာပါတာက နှစ်ဆယ်ကျော်ငါးနှစ်ပတ်လည်(၄)ယောက်လောက်ဆိုတော့ ကိုယ်တို့နဲ့ စာရင်တော့ ခလေးပေါ့။ အဲဒီတော့လည်း ပြင်ဦးလွင် ရောက်တုံး ရောက်ခိုက် ဒင်းတို့တွေက အပြတ်ကိုရှိုင်းပြီး ဓါတ်ပုံရိုက်မယ်ဆိုတာချည်းပဲ။ ဒီပုံက ကောင်မလေးကို ပေးဖို့။ ဒီပိုစ့်နဲ့က သူ့ကောင်မလေးပုံနဲ့ ဖိုတိုရှော့ထဲမှာ ဖြတ်ညှပ်ကပ်လုပ်ဖို့ဆိုပြီး ဘာပိုစ့်မှန်းမသိပေါက်ကရ ပိုစ့်တွေကပါသေး။ အင်းလေ...ကိုယ်တို့လဲ အဲလိုပဲငယ်ခဲ့ တာပဲလေ။

ကိုယ်ကလဲ ကိုယ့်အကြံနဲ့ကိုယ်။ သူ့ကင်မရာ နဲ့ဆို ပန်းပုံလေးတွေ ကောင်းကောင်းရိုက်လို့ရနိုင်တယ်ဆိုပြီး မေ့ချင်ယောင်ဆောင်ပြီးယူထားလိုက်တာ။ တကယ်တမ်းတော့ ဒင်းတို့ ပုံစံအမျိုးမျိုးနဲ့ ပဲပေးသမျှ၊ ကုန်းလိုက်၊ ကွလိုက်၊ ဒူးထောက်လိုက်နဲ့ မော်ဒယ်ကိုကိုနဲ့ မော်ဒယ်မမ (၆)ယောယ်ကြားထဲမှာ ဟိုဘက်ကခေါ်လိုက်၊ ဒီဘက်ကိုပြေးလိုက်နဲ့ အင်း.... သူတို့ဓါတ်ပုံရိုက်ပေးဖို့အရေး ကိုယ်က တမင်တောင် ခွင့်ယူပြီး လိုက်ပေးရတဲ့ အတိုင်းပဲ။ ဒီကြားထဲ စကပ်တို၊ ဂါဝန်တိုတိုဝတ်ထားတဲ့မမများက ကိုယ့်ကို ဓါတ်ပုံပြန်ပြန်ရိုက်တာ အရေးမကြီးဘူး။ တခြားအုပ်စုကိုပါ လှမ်းလှမ်းရိုက်နေလို့ဒင်းတို့ကို သတိပေးရတာကတမျိုး။

တကယ်တမ်းကတော့ ရိုက်လာတဲ့ ပုံလေးတွေကို ပြန်တင်ချင်တာပါ။ စကား နိဒါန်းချီတာ နဲနဲရှည်သွားလို့ ခွင့်လွှတ်ကြပါ။

ပထမတရက်ကတော့ ပြည်ချစ်ဘုရား၊ ပိတ်ချင်းမြှောင်၊ င်္ဘီးအီးရေတံခွန်လို့ခေါ်တဲ့ ပွဲကောက်ရေတံခွန်နဲ့ အပြန်မှာ တရုတ်ဘုံကျောင်းနဲ့ နှီးဘုရားကိုသွားကြတယ်။ Van နဲ့မဆံ့လို့ Light Truck ကားပဲငှားသွားတာ တနေကုန်မှသုံးသောင်းပေးရတယ်။

နောက်ရက်ကျတော့ ကန်တော်ကြီးရုက္ခဗေဒဥယျာဉ်တခုထဲသပ်သပ် သွားခဲ့တယ်။ မနက် ၉နာရီလောက် ရောက် နေ့လည် ၂နာရီလောက်ထိ အထဲမှာပဲ လျှောက်သွား၊ ဓါတ်ပုံတွေ ရိုက်ခဲ့တယ်။ ရောက်ရောက်ချင်းမှာဂေါ့ဖ်ကားနဲ့ တပတ်အရင်ပတ်တယ်။ မိနစ် (၂၀)ကို ၈၀၀၀ပေးရပါတယ်။ နန်းမြင့်မျှော်စင်ဘက်သွားရင်နောက်ထပ်၈၀၀၀တဲ့။ ကိုယ်တွေကတော့ နန်းမြင့်မျှော်စင်ကို ကိုယ့်ဟာကို လမ်းပဲလျှောက်သွားတော့တယ်။ မိုးတဖွဲဖွဲရွာနေလို့ မော်ဒယ်တွေစိတ်တိုင်းကျ ပိုစ့်မပေးနိုင်ခဲ့ဘူးလို့ဆိုပေမယ့် ပုံ၃၀၀ကျော်သွား ပါတယ်။ မိုးဖွဲဖွဲမှာကင်မရာမင်းကိုထီးဆောင်း၊ မော်ဒယ်များလဲထီးဆောင်းပြီး ဇွဲ၊လုံ့လ၊ ၀ီရိယအပြည့်နဲ့ ကြိုးစားခဲ့ကြတာပါ။
ပုံတွေကတော့ သူတို့တွေလစ်တုံးလေး ကမန်းတမ်းရိုက်ထားတဲ့ ပုံလေးတွေတချို့ပါ။ ဆိုလိုချင်တာကတော့ သေချာ ချိန်ရိုက်ထားတာမဟုတ်ပါဘူးပေါ့လေ။

ကားပေါ်ကနေရိုက်လိုက်ရလို့ ၀ါးသွားတာက နှစ်ပုံ။


ဒါလေးကတော့ ဟင်္သာလေးတကောင်ထဲတွေ့လို့ လှမ်းရိုက်လိုက်တာ။ ဝေးသွားတယ်။
ဘယ်အချိန်ရောက်ရောက် ကြည့်လို့မ၀ဘူး။

ဒါကတော့ မိုးခိုရင်း ကော်ဖီသောက်ရင်းနဲ့ ဆိုင်ထဲကနေဆွဲရိုက်လိုက်တာ။



ကားနဲ့စီးသွားနေရင်း သမင်လေးတွေတွေ့လို့ရိုက်လိုက်တာ။


နောက်က၂ကောင်က ဘယ်တုံးက ရန်ညှိုးရန်စလဲမသိပါဘူး။ ဓါတ်ပုံရိုက်နေချိန်မှာပဲ နောက်ကကောင်က ၀င်ခွေ့လိုက်တာ။
အနိုင်အရှုံးပေါ်အောင်မကြည့်လိုက်ရဘူး။ ကားမောင်းတဲ့ကောင်လေးက မိနစ် (၂၀) အတွင်း တပတ်ပြည့်ရေးအတွက် ကားမောင်းထွက်သွားလို့။
ဆက်ပြီး စားမြုံ့ပြန်ပါအုံးမယ်။

Friday, July 9, 2010

အိမ်အပြန် (၂၀၁၀)

မနက်ဖြန်ဆိုရင်... ။ မနက်ဖြန်ဆိုရင် ရန်ကုန်ရောက်နေပြီလို့ တွေးပြီးပျော်နေလို့ပါ။ လွန်ခဲ့တဲ့လေးငါးလ လောက်က ရန်ကုန်ကအလုပ်တခုက လှမ်းခေါ်ပြီးထဲက စိတ်ကနှစ်ခွဖြစ်ဖြစ်နေတယ်။ ဟိုမှာဘဲ ပြန်လုပ်ရင်ကောင်းမလား။ ဒီမှာဆက်နေရင်ကောင်းမလား။ ဟိုပြန်သွားပြီးရင်လဲ နောက်ပိုင်း ဒီကိုပြန်လာချင်ရင် အဆင်ပြေပါ့မလား။ လူကရွေးချယ်စရာရှိလာတော့ ဟိုလိုက ကောင်းမလား၊ ဒီလိုက ပိုကောင်းမလားနဲ့ စိတ်ဒွိဟဖြစ်နေမိတာ တော်တော်မကောင်းတဲ့အကျင့်ပဲ။ အရင်က နေသားကျနေပြီးသားကို အခုမှပဲ ပိုပြီး အထီးကျန်လာသလိုလို၊ အိမ်ကိုပိုလွမ်းလာသလိုလို။ ဒါပေမယ့် ဟိုမှာကျပြန်တော့လဲ အလုပ်နဲ့ ပတ်သက်ပြီး ကိုယ်သည်းမခံချင်တဲ့ ကိစ္စတွေကို ရှောင်လွှဲလို့မရနိုင်ဘူးဆိုတာလဲသိနေပြန်တယ်။ အဲဒီအချိန်ကျရင် အလုပ်ကိုအဆင်ပြေအောင်လုပ်နေရရရင်းစိတ်တွေတို၊ စိတ်ဓါတ်တွေကျမှာလဲ ကိုယ်ဟာကို သေချာသိနေတယ်။
နောက်ဆုံးဒီမှာပဲဆက်နေဖြစ်ဖို့ ရွေးလိုက်ပါတယ်။ အိမ်ကိုလွမ်းတဲ့ကိစ္စ(အိမ်ကိုချည်းပဲ လွမ်းတာတော့ မဟုတ်ဘူး။ အစားအသောက်၊ ဟိုမှာနေရတာ၊ သွားရတာအားလုံးကို လွမ်းတာ) အဲဒီအတွက်ကတော့ ခွင့်ရတိုင်း ပြန်မယ်။ ပိတ်ရက်ရှည်ရှိတိုင်းပြန်မယ်။ လေယာဉ်လက်မှတ် ဒစ်စကောင့်ချတိုင်းပြန်မယ်။ အဲလို တွေးမိပြန်တော့လည်း စိတ်က နဲနဲပျော်သွားသလို။ လွမ်းတဲ့ထဲမှာပါတာတွေက ဒေါ်ရိတ်ကြီးကခုံပုလေး၊ တရုတ်တန်းက မာလာဟင်း၊ ဇက်ဖာက ၀က်သားတုတ်ထိုး၊ မြို့မကျောင်းလမ်းက ကွေ့ကျတ်၊ ကျောက်မြောင်းက ပုဇွန်ခွက်ကြော်သုပ်၊ ကြက်အူသုပ်၊ ရွှေညောင်ပင် ကြက်သားသုပ် etc.၊ စားစရာမှာရင်အလွန်တရာမှကြာတဲ့ဝိုင်...၊ ပီးတော့ အော်ချင်တိုင်းအော်လို့ရတဲ့ အမ် 3၊ ဂျီးများချင်တိုင်းများလို့ရတဲ့ ရန်ကင်းက ဆံပင်ညှပ်ဆိုင်၊ ဒီမှာထက်ဈေးသက်သာတဲ့ dental Clinic ...လွမ်းရတာတွေ အများကြီးပါ။
တကယ်တမ်း နောက်ပိုင်း ခဏခဏပြန်ဖြစ်မပြန်ဖြစ် မသေချာပေမယ့် ဒီတခါတော့ ခွင့်ယူလို့လဲ အဆင်ပြေ၊ တခြားအကြောင်းတွေလဲတိုက်ဆိုင်နေတော့ စိတ်ကုးကို အကောင်အထည်ဖော်နိုင်သွားပါတယ်။ တကယ်တမ်းနေမယ်ဆိုရင် ဟိုမှာ ၁၆ရက်လောက်နေလို့ရပေမယ့် ဘတ်ဂျက်ချွေတာတဲ့အနေနဲ့ ၂ပတ် လက်မှတ်ပဲဝယ်ပြီး ၁၄ရက်ပဲနေမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
၁လလက်မှတ်ဆိုရင် ၄၀လောက်ပိုပေးရမှာလေ။
ခဏခဏဂဒီးဂဒီး ပြန်မယ်ဆိုရင် ခါတိုင်းလိုတော့သူများတွေအတွက်လက်ဆောင်တွေဝယ်နိုင်တော့မှာ မဟုတ်ဖူးလို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ဆွဲဆောင် မှုတွေကတယ်များသကိုး။
သူငယ်ချင်းတွေနဲ့ Orchard ရောက်တော့
- Mango ကို ဒီဈေးနဲ့ရတာ ၀ယ်သင့်တယ် -
- Esprit က discount ၅၀% + ၂၀% (for minimum 3items) + 10% membercard - မူရင်းဈေး ၆၉.၉၀ ဆိုအဲလိုချတော့ ဘယ်လောက်မှ မကျတော့ဘူး။ နင်ဗမာငွေ၂သောင်းလောက်နဲ့ esprit ပေးရတာတန်တယ် -
တယောက်ထဲ နေ့လည်စာထွက်စားရင်း..........
- ဒီအသား၊ ဒီ ဒီဇိုင်းကို ၁၀ ဆို တန်တယ်။ (.... နဲ့ဆိုရင်လိုက်မယ်)
- ဒီခါးပတ်က တခုငါးကျပ်၊ ၃ခုတဆယ်။ (ဟိုမှာ ခလေးတွေ ကြိုက်မှာ)
- ဟိုတယောက်ကတော့ နှုတ်ခမ်းနီသရဲ။ (အင်း ၀ယ်အုံးမှ )
Bodyshop
- ရန်ကုန်မှာဒီမှာထက် ဈေးအရမ်းကြီးတယ်လို့ပြောတယ်။ အခု buy two, get three ဆိုတော့ သိပ်မကျပါဘူးလေ။ ....နဲ့ .... က ဘော်ဒီလိုးရှင်းကြိုက်တာ။ (ကောက်ထည့်)
Isetan Sales
မီးဖိုချောင်သုံးတွေ၊ အိမ်သုံးပစ္စည်းတွေမြင်တိုင်း မေမေ့အတွက်ဝယ်ပေးချင်ပေမယ့်ပုံမှန်ဈေးဆိုဝယ်ဖို့ မစဉ်းစားပါဘူး။ အခုဒစ်စ်ကောင့်ချတဲ့အချိန် မှမ၀ယ်ရင် ဘယ်တော့မှ ၀ယ်ဖြစ်တော့မှာမဟုတ်ဘူး။ (သမီးလိမ္မာလေး...)
နောက်ဆုံးမှာတော့ ကျွန်မရဲ့အိမ်အပြန်ခရီးက ထုံးစံအတိုင်း လတ်ဂေခ်ျ့ (၂)လုံးအပြည့်၊ handcarry တဆွဲ နဲ့ပါပဲ။ ဒါတောင် Check In ၀င်ပြီးရင် အထဲမှာ ၀ယ်ဖို့တေးထားတာတွေရှိသေးတယ်။
ဒီနေ့ရုံးက လုပ်ဖော်ကိုင်ဖက်တယောက်နဲ့ စကားစပ်မိလို့ပြောရင်း .. ဈေးဝယ်ရတာ၊ပတ်ကင်လုပ်ရတာနဲ့ ငါပင်ပန်းနေပြီ ဆိုတော့ သူပြောတာလေးကို သဘောကျမိတယ်။ မိုးဦး...နင်ဘာမှစိတ်ပင်ပန်းမနေနဲ့။ နောက်ဆုံး နင့်ပတ်စ်ပို့နဲ့ လေယာဉ်လက်မှတ်ပါရင် ပြီးရောမဟုတ်လားတဲ့။ ဟုတ်တယ်နော်....အိမ်ပြန်ဖို့ခရီးမှာ အရေးကြီးဆုံးက ဒီ ၂ခုပဲလေ။ အဲ...ဟိုရောက်ရင် သုံးဖို့ ပိုက်ဆံလေးလဲပါရမှာပေါ့။

Friday, May 21, 2010

စာပေခရီးသည် (ရေးသူ - ပါရဂူ)

၁၉၇၁ခုနှစ်က ဆရာပါရဂူ ရဲ့ဆောင်းပါးတပုဒ်ပါ။ ခေါင်းစဉ်ကိုဖတ်တုံးက အင်းလေးခရီးသွား တဲ့အကြောင်းပါမယ်လို့ မထင်မိခဲ့ဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀)လောက်က ဆရာကြီးရဲ့ အင်းလေး အကြောင်းခရီးသွားဆောင်းပါးတပုဒ်ဖြစ်သလို ရှင်ပါရဂူအဖြစ်နဲ့ အစိုးရဓမ္မာစရိယစာချတန်း ဂုဏ်ထူးကျမ်း အောင်မြင်ပြီး ရဟန်းဝါ (၁၄)၀ါ သာသနာ့ဘောင်မှာနေခဲ့တဲ့၊ ဟိန္ဒူနဲ့ သက္ကတစာပေကိုလေ့လာလိုက်စားခဲ့တဲ့ ဆရာကြီးရဲ့ အတွေးအမြင်တစ်ခုကိုလဲ တစေ့တစောင်း သိလိုက်ရတဲ့အတွက်ပါ အမှတ်တရ သိမ်းထားချင်လို့ ကိုယ့်ဟာကိုယ်ပြန်ရိုက်ထားတာပါ။ အခုတော့ စိတ်ဝင်စားတဲ့ သူတွေလည်း ဖတ်လို့ရအောင် ပြန်ဝေမျှပေးလိုက်ပါတယ်။


မိန်းမလည်း လူ

ဘေးနှစ်ဘက်ကို မျှော်ကြည့်လိုက်သောအခါ ညှို့မှိုင်းသော တောင်တန်းကြီးနှစ်ခုကို တွေ့ရသည်။ တောင်တန်း ကြီးနှစ်ခု၏ အလယ်တွင်ကား မျက်စိတစ်ဆုံးပျံ့ပျူးနေသော ရေပြင်ကြီးသည် ပင်လယ်ပြင်၏ အသွင်ဆောင် နေသည်။ ရေပြင်ပေါ်၌ပဲ့ချိတ်စက်တပ်ထားသော လှေနာဝါများသည် သွားလာလှုပ်ရှားနေကြသည်။ ကောင်းကင်ပြင်၏ အပြာရောင်လွှမ်းနေသည်။ ကျွန်တော် စီးလာသည့် ပဲ့ချိတ်စက်တပ်လှေသည် စက်ကုန်ဖွင့်၍ အပြေးနှင်နေသည်။ အခြားလှေများကို တစ်ခုပြီးတစ်ခုကျော်တက်လာခဲ့သည်။

“အင်းဝ ရောက်ပါပြီဆရာ”

အဖော်ပါလာသူတစ်ဦး၏စကားကြောင့် ကျွန်တော်သူ့ကို ငေးကြည့်နေမိ၏။ ကျွန်တော်တို့၏ခရီးမှာ ညောင်ရွှေ မှအင်းလေး ဖောင်တော်ဦးဘုရားသို့သွားသည့် ရေလမ်းခရီးဖြစ်သည်။ “အင်းဝ ရောက်ပြီ” ဟူသောစကား ကြောင့် ကျွန်တော် “မန္တလေး-အင်းဝ”ကိုပြေးသတိရပြီး အဖော်ဖြစ်သူအားကြောင်ကြည့်နေမိသည်။ သို့သော် မကြာလိုက်ပါ။ အင်းလေးအ၀င်ကို “အင်းဝ” ဟုခေါ်ကြောင်းချက်ချင်း သတိပြုမိသွားသည်။ “ကြိုဆိုပါ၏” ဟူသော စာတန်းကြီးကိုလည်း တွေ့ရသည်။ အခြားမြို့ရွာတို့၏ အ၀င်၌ “ကြိုဆိုပါ၏” ဟူသော ဆိုင်းဘုတ်ကို မြေကြီးပေါ်၌ စိုက်ထူထားသည်။ ရေတိုင်းပြည်၊ ရေမြို့၊ ရေရွာဖြစ်သည် အင်းလေးအ၀င်၌ကား “ကြိုဆိုပါ၏” ဟူသော ဆိုင်းဘုတ်ကို ရေထဲ၌ပင် စိုက်ထူထားသည်ကို တွေ့ရသည်။

မကြာမီရွာမသို့ရောက်လာကြ၏။ ရွာမသည်အင်းလေးက အကြီးဆုံးရွာတစ်ရွာဖြစ်သည်။ အထက်တန်းကျောင်း ရှိသည်။ ရွာမ၌ ခရီးတစ်ထောက်နားကြ၏။ နေ့လယ်စာထမင်းကိုလည်း ဘုန်းကြီးကျောင်း အနီးရှိ အိမ်တစ်အိမ် ၌စားကြသည်။

ပြည်မရှိကျေးတောသူ ကျေးတောသားများကဲ့သို့ပင် အင်းလေးသူ အင်းလေးသားများသည် ဖော်ဖော်ရွေရွေ ရှိကြသည်။ စကားပြောသည်ကို နားမလည်သော်လည်း သူတို့၏အမူအရာတွင် ရိုးသားမှုပေါ်လွင်နေသည်။ ကျွန်တော်တို့ ထမင်းနှင့် စားဖို့ တိုဟူးချဉ်သုပ်* ထွက်ဝယ်ကြ၏။ ချောင်းငယ်၏ ကမ်းနှစ်ဖက် ရေစပ်ရှိ တဲငယ် ကလေးများတွင် ဈေးရောင်းသည်။ ဈေးဝယ်သူသည် လှေဖြင့် ၀ယ်ရ၏။ လှေဖြင့် ဈေးရောင်းပြီး လှေဖြင့် ဈေးဝယ်သူတွေလည်း ရှိ၏။

အင်းလေးကား ရေတိုင်းပြည်ဖြစ်သည်။ ရေထဲ၌ပင် ဧည့်ရိပ်သာရှိသည်။ ရေထဲ၌ပင် ဈေးရှိသည်။ ပတ်ဝန်းကျင် ရေ၀ိုင်းနေသည့် ကုန်းမြေပေါ်၌သာ နေထိုင်ကြသည်။

ရွာမ၌ ခရီးတစ်ထောက်နားပြီး “နန်းပန်” သို့ ခရီးဆက်သွား၏။ နန်းပန်၌ဆေးရုံရှိသည်။ အင်းထဲက လူနာများသည် နန်းပန်ဆေးရုံသို့ သွားကြရသည်။ နန်းပန်ဆေးရုံ၌ ဆရာဝန် နှစ်ယောက်ရှိ သည်။ ဆေးရုံရှိ လူနာကုတင်များမှာ တစ်ခါတစ်ရံ ပြည့်နေပြီး တစ်ခါတစ်ရံအလွတ်ရှိနေသည်။ ကျွန်တော်တို့ ရောက်သွားသည့် အချိန်၌ကား လူနာခုတင်အလွတ်များရှိနေသည်ကို တွေ့ရသည်။ ကျွန်တော်တို့ရောက်သွား သည့်နေ့ကား ဈေးနေ့ဖြစ်သည်။ အထက်အညာမြို့များ၌ကဲ့သို့ ရှမ်းပြည်နယ်လည်း သူ့နေ့နှင့်သူသာ ဈေးရှိသည်။ တောင်ကြီးမြို့၌ပင် ဈေးနေ့ဟူ၍ နေ့တစ်နေ့ကို သတ်မှတ်ထားသည်။

ကျွန်တော်တို့၏လှေသည် ခရီးဆက်ပြန်သည်။ နာမည်ကျော် အင်းလေးဖောင်တော်ဦးဘုရားကို လှမ်းမြင်နေရ ပြီ။ အမှန်မှာ နန်းပန်မရောက်ခင် ဖောင်တော်ဦးဘုရားကို ၀င်လျှင်ရ၏။ ကျွန်တော်တို့က နန်းပန်ကို အရင်သွားလိုသည်ဖြစ်၍ ခရီးအဆုံးတွင်မှ ဖောင်တော်ဦး ဘုရားကို ၀င်ကြခြင်းဖြစ်သည်။ ရေပြင်ထဲ၌ထိုးထွက် နေသော ဘုံဗိမာန်ကြီးသဖွယ်ဖောင်တော်ဦးဘုရားတန်ဆောင်းကို လှေပေါ်မှ လှမ်းမြင်ရသည်။

ဘုရားရောက်သောအခါ ဘုရားဖူးများ ရှုပ်ရှက်ခက်နေသည်။ အလွန်ခေါင်သည့် ရေပြင်ကျယ်အလယ်တွင် လာပြီး စည်စည်ကားကား ဖြစ်နေသည်။ ဘုရားဖူးကြ၏။ ဖောင်တော်ဦးဘုရားကား တန်ခိုးကြီးဘုရားဖြစ်၏။ သင်္ကန်းကပ်ပြီး ထိုသင်္ကန်းမှအစကို ယူဆောင်ထားပါက အန္တရာယ် ခပ်သိမ်းကင်းငြိမ်းသည်ဟု အယူရှိကြသည်။ ဘုရား မှာရုပ်ပွါးလေးဆူ* ဖြစ်သည်။ သို့သော် ကျွန်တော်တို့တွေ့ရသည်မှာ ရုပ်ပွါးလေးဆူ* မဟုတ်တော့ဘဲ ရွှေတုံးလေးတုံးဖြစ်နေသည်။ စေတနာသဒ္ဒါတရားထက်သန်လွန်းလှသည့်အတွက် ဘုရားရုပ်ပွါးကို ရွှေချထားကြ သည်မှာ ဘုရား၏ ရုပ်အသွင်တော်ပျောက်ပြီး ရွှေတုံးရွှေခဲများဖြစ်နေပေပြီ။ မနှစ်က ပခုက္ကူသိန်းဃိုရှင်ဘုရား ရောက်သွား၏။ သိန်းဃိုရှင်ဘုရားလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ မျက်နှာတော်၌ ရွှေအထပ်ထပ်ချထား သည်မှာ ဘုရား၏မျက်နှာတော် အသွင်ပျောက်နေပြီ။

ဖောင်တော်ဦး ရုပ်ပွါးလေးဆူ*ကို တန်စောင်းအတွင်းရှိ အုတ်ခုံ ပလ္လင်ပေါ်၌ကိုးကွယ်ထားကြ၏။ ကျွန်တော် တို့ အုတ်ခုံပေါ်ထိတက်ကြည့်ကြသည်။ အပေါ်သို့ “မိန်းမများ မတက်ရ” ဟုဆိုင်းဘုတ်ချိတ်ထားသည်။ အမျိုးသမီးများမှာ အောက်ကသာ ထိုင်ပြီး ရှိခိုးပူဇော်ကြရသည်။ ယင်းစည်းကမ်းချက်မှာ ဖောင်တော်ဦးဘုရား၌ သာမဟုတ်ပေ။ မြန်မာနိုင်ငံရှိတန်ခိုးကြီးဘုရားတိုင်း၌ပင် ယင်းစည်းကမ်းချက် ကိုချထားကြ၏။ ရွှေတိဂုံဘုရား၌ လည်း ထိုနည်းအတိုင်းပင်။ မိန်းမများ အပေါ်သို့ မတက်ကြရပေ။

အတွေးတစ်ခုပေါ်လာသည်။

မိန်းမနှင့် ယောက်ျား အဆင့်အတန်းခွဲခြားမှုသည် အိန္ဒိယက အရင်းခံလာခဲ့ခြင်းဖြစ်သည်။ ရှေးဟောင်း အိန္ဒိယ လူနေမှုစနစ်အရ မိန်းမကို ယောက်ျားထက် နိမ့်ကျသည်ဟု သဘောထားကြသည်။ ယင်းအယူအဆသည် အမြစ် တွယ်နေသည်။ ဗုဒ္ဓဘာသာကိုးကွယ်ဆည်းကပ်မှုနှင့်ပတ်သက်၍ မိန်းမနှင့်ယောက်ျားအဆင့်အတန်းခွဲခြားထား ခြင်းသည် ဗုဒ္ဓ၏ အလိုကျမဟုတ်ပေ။ ဗုဒ္ဓသည် မိမိ၏အဆုံးအမ မိမိ၏တရားကို အားလုံးအတွက် ညီတူညီမျှ တံခါးဖွင့်ထားတော်မူသည်။

ထို့ကြောင့်မိန်းမအား
ဗုဒ္ဓဘာသာကိုးကွယ်ဆည်းကပ်ရေး၌ယောက်ျားနှင့် တန်းတူအခွင့်အေး မပေးဘဲ နှိမ်ထား ခြင်းသည် ဗုဒ္ဓအလိုတော်ကျလည်း မဟုတ်သည့်အတွက် မိန်းမများအား မတရား ဖိနှိပ်ထားသည့် အယူဆွေး အယူဟောင်းသာလျှင်ဖြစ်သည်။ မိန်းမအား ယောက်ျားလောက်မမြတ်ဟု ယူဆသည့် လွဲမှားသော အယူအဆမှ ပေါက်ဖွားလာသည့် အယူဟောင်း အယူဆွေးသာလျှင်ဖြစ်သည်။ မိန်းမသည် ဗုဒ္ဓရုပ်ပွားနားကပ်၍ ငရဲကြီးမည် ဆိုပါကယောက်ျားကော ဘာကြောင့် ငရဲမကြီးရမှာနည်း။ မိန်းမလည်းလူ၊ ယောက်ျားလည်းလူဖြစ်သည်။ လူလူ ချင်း အဆင့်အတန်းခွဲခြားမှုကို ယခုခေတ်တွင်မြေမြှုပ် သင်္ဂြိုလ်ပစ်သင့်ကြလေပြီ။

ဖောင်တော်ဦးဘုရားတွင် တွေ့ခဲ့ရသည့် “မိန်းမများ မတက်ရ” ဟူသော ဆိုင်းဘုတ်ကို မြင်ခဲ့ရာမှ မိန်းမနှင့် ယောက်ျား တန်းတူအခွင့်အရေးအကြောင်းကို စဉ်းစားနေမိသည်။

ပဲ့ချိတ်စက်တပ်ရေယာဉ်ကလေးသည် ကျွန်တော်တို့ကို သယ်ဆောင်ပြီး ဖောင်တော်ဦးဘုရားမှ ထွက်လာသည်။ ကျွန်တော်၏အတွေးသည် အမျှင်မပြတ်သေးပေ။ မကြာမီ ရေယာဉ်ကလေးသည် ရေထဲမှ ထိုးထွက်သည့် ဘုံဗိမာန်ကြီးနှင့် အလားသဏ္ဌာန် တူသည့်ဖောင်တော်ဦးဘုရားတန်ဆောင်းကြီးကိုလည်းကောင်း၊ ရေတိုင်းပြည်၊ ရေရပ်ရွာ ဖြစ်သည့်အင်းလေးကိုလည်းကောင်း၊ နောက်တွင်ထားခဲ့ပြီး၊ မြေပေါ်တိုင်းပြည်ဖြစ်သည့် ညောင်ရွှေမြို့သို့ ဦးတည်ဆိုက်ကပ်လာသည်။

ရှုဒေါင့်၊ ၁၅-၆-၇၁


(တိုဟူးချဉ်သုပ်* - တို့ဟူးသုပ်၊ ရုပ်ပွားလေးဆူ* - ရုပ်ပွား ငါးဆူ)