Friday, April 10, 2015

အမေရိကား ခရီးစဉ် - ၁







မယ်မိုးဦးတယောက် အမေရိကားကို မရည်ရွယ်ဘဲ ၂၀၁၄ခုနှစ်ထဲမှာ သွားလည်ဖြစ်ခဲ့ပါတယ်။  အမှတ်တရခရီးလေးမို့လို့ နောက်ကြာရင်မေ့သွားမှာစိုးလို့ ကြိုးစားပြီးရေးတာတောင် လုပ်ခဲ့တဲ့ Procedure၊ အချက်အလက် တွေကိုအခု တော်တော်မေ့နေပြီ။

ဗီဇာလျှောက်ပြီ

ဗီဇာလျှောက်တော့လဲ သူများတွေက ပိုင်ဆိုင်မှု စာရွက်စာတမ်းအထပ်လိုက်တင်တာ မြင်ခဲ့ဖူး၊ သူများကိုလဲတင်ပေးခဲ့ဖူးပေမယ့် ကိုယ့်အလှည့်ကျတော့ ကိုယ့်နာမယ်နဲ့လဲ မယ်မယ်ရရပြစရာမရှိတာမို့ မှတ်ပုံတင်၊ သန်းခေါင်စာရင်း နိုထရီပြန်ထားတာရယ်၊ အမေရိကားက ဖိတ်တဲ့စာရယ်၊ Form ဖြည့်တုံးက အလုပ်လုပ်နေတာလို့ ဖြည့်ထားတော့ အလုပ်က ခွင့် (၂)လ ပေးပါတယ်ဆိုတဲ့စာရယ်ပဲတင်လိုက်ပါတယ်။  သွားဖို့စီစဉ်ထားတာက သြဂုတ်၊ စက်တင်ဘာ (၂)လ ၊ ဗီဇာ form စတင်တာက မေလ၊ အင်တာဗျူးးက ဇူလိုင်လ (၂)ရက်။  ဒါတော့ မှတ်မိသား။ 

          ဗီဇာအင်တာဗျူးးတဲ့မနက်မှာ သူတို့ခေါ်တဲ့အချိန်ထက် (၁၅)မိနစ်စောသွားတော့ ကိုယ့်ထက်စောတဲ့လူတွေက တန်းစီနေပီ။   သားသမီး ဘွဲ့ယူလို့သွားမယ့်မိဘတွေ ၊ ကျောင်းသွားတက်မယ့်ခလေးတွေ၊ အဖွဲ့အစည်းကဖိတ်လို့သွားလည်မယ့်သူတွေ စသဖြင့် ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် စိတ်လှုပ်ရှားနေကြတဲ့ပုံတွေပါ။ မိုးဦးကိုလဲတခြားလူတွေ ဘယ်လိုမြင်မယ်မသိ။ ကိုယ့်ဟာကိုတော့ သိပ်စိတ်လှုပ်ရှားမနေဘူးထင်တာပဲ။  ဗီဇာရရင်လဲသွားလည်မယ်၊ မရတော့လည်း မသွားဘူးဆိုတဲ့စိတ်နဲ့ လုပ်မယ့်လုပ်တော့ အောင်မြင်ချင်တဲ့စိတ် လွန်ဆွဲနေတာပဲ။

          ဗီဇာအင်တာဗျူးးတာက တော်တော်များများသိကြတဲ့အတိုင်း၊ အခန်းထဲမှာ ဗီဇာဝင်တဲ့လူ (၅၀) လောက်က ထိုင်စောင့်လို့၊ ကောင်တာမှာ ကိုယ့်နာမည်ခေါ်သံကြားရင် ဒေါ်လာ (၁၅၀) လား (၁၈၀) လားမသိဘူး၊ အရင်သွားသွင်း၊ ပြီးရင်တခါထိုင်စောင့်၊ နောက်တခါကိုယ့်နာမည်ခေါ်သံကြားရင် ကောင်တာကိုသွား၊ အထဲက officer နဲ့ မှန်တချပ်ခြား အမေးအဖြေလုပ်၊ ကိုယ့်ကိုမေးတဲ့မေးခွန်းတွေ၊ ကိုယ်ဖြေတဲ့အဖြေတွေ အခန်းကထိုင်နေတဲ့လူတွေလဲကြားနေရတာပဲ။ Officer ကျေနပ်လောက်အောင်ဖြေနိုင်ရင် သူတို့ကဗီဇာကြေးသွင်းခိုင်းတယ်။ နောက် (၂) ရက်ကြာရင် ဗီဇာကပ်ထားတဲ့ ပတ်စ်ပို့စာအုပ် သွားယူရုံပါဘဲ။   

စောင့်နေရင်းပျင်းပျင်းနဲ့သူများ မေးနေတာတွေ နားစွင့်ကြည့်တော့ ကောင်လေးတယောက်၊ ဟိုမှာကျောင်းသွားတက်ဖို့ Student Visa သမား၊ သူတို့ အုပ်စုကိုအစထဲက သတိပြုမိတယ်။  အထက်တန်းအောင်ခါစအရွယ် ၁၀ယောက်ကျော်လောက် အားတက်သရော တိုင်ပင်နေကြ၊ စကားပြောနေကြတာ မြင်ရတာ မုဒိတာပွားမိတယ်။  ကိုယ်တွေ အဲအရွယ်တုံးက အဲလိုအခွင့်အရေးမရခဲ့ဘူးလေ။  နိုင်ငံရေးအခြေအနေ၊ မိသားစုအခြေအနေတွေက ပျံချင်တိုင်းပျံဖို့ အခွင့်မသာခဲ့တဲ့ ငှက်မျိုးဆက်တခုပေါ့။

ဘယ်တက္ကသိုလ်တက်မှာလဲ၊ ဘာဆက်လေ့လာမှာလဲ၊ ပိုင်ဆိုင်မှုစာရွက်တွေလှန်ကြည့်၊  ဒါနဲ့ပဲ တယောက်ပီးတယောက် ဗီဇာကြေးသွင်းခွင့်ရသွားကြတယ်။  နောက်သူတို့ထက် ၆နှစ် ၇နှစ်လောက်ကြီးမယ့်ကောင်မလေးတယောက်အလှည့်မှာတော့ မေးတာတော်တော်ကြာပီး စေ့စပ်တယ်။  မေးခွန်းနဲအဖြေတွေ နားစွင့်ကြည့်ရတာ ကောင်မလေးက ဟိုမှာ ကျောင်းတခါတက်ပီး ပြန်လာမှ အခုနောက်တခါ ထပ်သွားဖို့ဗီဇာလျှောက်တာ။  နောက်ဆုံးသူလဲ ဗီဇာကြေးသွင်းခွင့်ရသွားတယ်။

နောက်တခါတော့ အန်တီကြီးတယောက်။  သားဘွဲ့ယူတာတက်ဖို့သွားမှာ။  သူ့ကိုလဲ တော်တော် ကြာကြာမေးတာပဲ။ ပိုင်ဆိုင်မှုတွေစစ်၊ ကိုယ်ပိုင်လုပ်ငန်းမှာ ၀န်ထမ်းဘယ်နှစ်ယောက်ရှိတာလဲ စတာတွေကြားရတော့ ငါတို့လဲမလွယ်လောက်ဘူးထင်မိတယ်။

နောက်တခါ အန်တီတယောက်ကတော့ ဘာသာရေးအဖွဲ့အစည်းတခုက ဖိတ်တာ။  သူ့ယောက်ျားက ဟိုမှာရှိပြီးသား၊ သူကျတော့ ဗီဇာကြေးသွင်းခွင့်မရခဲ့ဘဲ နောက်နေ့မှာ passport ပြန်လာထုတ်ဖို့ ပြောတာကြားလိုက်တယ်။  အင်း…ဒါဆို ငါတို့လဲအဲလိုပြောခံရမလားမသိ။  အိုဘာကြောက်စရာရှိလဲ။  ရရင်လဲရ။  မရတော့လဲ မရပေါ့။    

ခေါ်ပါပီ။ မိုးဦးနာမယ်ကို။  visa officer က မိုးဦးနဲ့အတူသွားမယ့် ညီမလေးနဲ့ ၂ယောက်တူတူ ဖြေမလားဆိုတော့ အင်းပေါ့။ ပိုတောင်ကြိုက်သေး။ အဲ့နေ့မှ ၂ယောက်လုံးက ရိုးရိုးသားသားဖိုးသခွား ဗမာအကျီလေးနဲ့ ရိုးရာထမီလေးတွေနဲ့ သူကြီးသမီးပုံပေါက်နေလို့လားမသိဘူး။  Officer က လက်ဗွေနှိပ်တော့ မြန်မာလို instruction ပေးတယ်။  သင့်ရဲ့ ညာလက်ကို စက်ပေါ်တင်လိုက်ပါ။  လက်မကို နဲနဲဖိပါ။ ဘာညာပေါ့။  သူ့ဟာသူ အင်္ဂလိပ်လိုပြောရင်ဟုတ်တုတ်တုတ်။ သူ့ရဲ့ ၀ဲတဲတဲ မြန်မာစကားကြားတော့မှဘဲ အယောင်ယောင်အမှားမှား၊ ဘယ်နဲ့ ညာနဲ့ ပြန်စဉ်းစားရသေးတယ်။ တကယ်တမ်းတော့ tall & handsome officer ကိုကြည့်ပီး သဘောကျလို့ ယောင်တောင်တောင်ဖြစ်သွားတာလဲဖြစ်နိုင်ပါတယ်။ :)

နောက်တော့မှ အင်္ဂလိပ်လိုပြောတတ်လားဆိုတော့ နည်းနည်းလေးတော့ ပြောတတ်ပါတယ်ပေါ့။    နင်ဖြေးဖြေးပြောပေးလို့ရမလားလို့ ထပ်ကွန့်လိုက်သေးတယ်။  မိုးဦးတို့ကို ဘာကြောင့်သွားမှာလဲ၊ ဘယ်လောက်ကြာနေမှာလဲ၊ နင်က ၀န်ထမ်းဖြစ်ရဲ့သားနဲ့ (၂)လတောင် ခွင့်ရလား၊ ပြန်ရင် အတူတူပြန်လာမှာလား စတဲ့မေးခွန်း (၅) ခု (၆)ခုလောက်မေးပီး ဗီဇာကြေးသွားသွင်းတော့တဲ့။  မိုးဦးတို့ (၂)ယောက်က ကြောင်တောင်တောင်နဲ့ ကြည့်နေတုံး ဘေးက မိုးဦးလိုပဲ ပတ်ဝန်ကျင်လေ့လာရေး စိတ်ဝင်စားပုံရတဲ့ ဦးလေးကြီးတယောက်က သမီးတို့ ဗီဇာရသွားပီ ၊ ကောင်းလိုက်တာဆိုတော့မှ သြော်..ငါတို့ကိုမေးတာပြီးသွားပြီဆိုတာ သဘောပေါက်တော့တယ်။  အဲဒါနဲ့ Thank you ပြောပြီးပြန်ထွက်လာတော့ Have a Nice Trip တွေ ဘာတွေ လုပ်နေသေးတာ။  အခန်းပြင်ရောက်တော့မှ ငါတို့မေးတာ ခဏလေး၊ ငါက ဒီထက်ကြာကြာမေးစေချင်တာနဲ့ပြောပီးရီကြ ရသေးတယ်။  ချောပြီး ပြုံးပြုံးနဲ့သဘောကောင်းပုံရတဲ့ Visa Officer လေးနဲ့ ဒီထက်မက စကားပြောချင်သေးတာ။  ကိစ္စတခုအောင်မြင်သွားလို့ ကျေနပ်သွားတဲ့ရုပ်နဲ့ လူတယောက်ကို ဖြူဖြူစင်စင် သဘောကျနေတဲ့ ရုပ်၊ ၂ခုပေါင်းလိုက်တော့ သိပ်သိသာသွားတယ်နဲ့တူတယ်။  Security Officer ဦးလေးကြီးတွေက သမီးတို့ ဗီဇာရပြီနဲ့တူတယ်တဲ့။ 

တကယ်တော့ မိုးဦးတို့ကိုဖိတ်တဲ့ အမေရိကားက အဖွဲ့အစည်းကဖိတ်တဲ့စာကသိပ်ခိုင်မာလို့ပါ။ ဥက္ကဌ ဘဘက စာမှာ ဖိတ်ရတဲ့အကြောင်းရင်း၊ အဲဒီကအခြေအနေအသေးစိတ်၊ ခရီးသွားရမယ့်အစီအစဉ်စတာတွေ တမျက်နှာရေးထားတာ  Visa Officer တယောက်အနေနဲ့ လက်ခံချင်စရာအချက်တွေချည်းပါဘဲ။  အမေရိကားရောက်တော့ တချို့ မြန်မာအမကြီးတွေ အန်တီတွေက မေးကြတယ်။  ဗီဇာလျှောက်ရတာဘယ်လိုလဲတဲ့။  တချို့သူတို့ အမတွေ၊ အမေတွေကို အလည်ခေါ်ချင်တာ ဗီဇာခက်ကြလို့တဲ့။  ရတဲ့လူတွေဆိုလဲ ၂ခါ ၃ခါပြန်လျှောက်ရတယ်တဲ့။ 

အမေရိကန် ဗီဇာရတာပျော်လားလို့မေးရင် ရိုးရိုးသားသားဖြေရရင်ပထမဆုံးသွားလည်ရမယ့် အတွေ့အကြုံအနေနဲ့ ပျော်ပါတယ်လို့ပြောရမှာဘဲ။  ဆယ်တန်းအောင်ပီး သင်တန်းအတူတက်တဲ့ သူငယ်ချင်းတွေ အမေရိကားမှာကျောင်းသွား တက်ကြတာ၊ တက္ကသိုလ်တွေပိတ်တော့ တခါထွက်သွားကြတာ ကိုယ့်ရှေ့မှာတွေ့နေပေမယ့်ကိုယ်က အားကျရုံဘဲတတ်နိုင်ခဲ့တာ။  ကိုယ့်မိသားစုအခြေအနေက သားသမီးကို အဲလို နိုင်ငံကြီးကိုပို့ကျောင်းထားဖို့တတ်နိုင်တဲ့ အနေအထားမဟုတ်၊ ဆွေမျိုးရင်းချာဆိုတာလဲအဲဒီ့မှာ မရှိ၊ ကိုယ်တိုင်ကလဲ စကော်လာအပြည့်ရလောက်အောင်တော်တဲ့သူ မဟုတ်ဆိုတော့ ကျောင်းသွားတက်ချင်တဲ့ ဆယ်ကျော်သက်အိပ်မက်လေး အကောင်အထည်မပေါ်ခဲ့တာ။   အခုလို ကိုယ့်ရဲ့ချွေးနဲစာလေးကလဲ ခရီးစရိတ်ကို ကာဗာလုပ်နိုင်တုံး၊ ဟိုဘက်ကအဖွဲ့အစည်း ကဖိတ်တဲ့အတိုင်း နေစရာ၊ စားစရာအတွက် ပူစရာမလိုပဲ လုပ်အားပေးလုပ်ရင်း အမေရိကားမှာ (၂)လတာ လည်ရတာ သာမန်လူတယောက်အတွက် ပျော်ရွှင်စရာပဲမဟုတ်လား။  နောက်နှစ်မှာ ပြန်သွားလည်ချင်လို့ လျှောက်လို့ ရရင်တောင် ၂၀၁၄တုံးကလိုတော့ ပျော်မှာမဟုတ်ဘူး။

သြော်.. မြန်မာပြည်မှာ သာမန်လူဖြစ်ရတာ ကံကောင်းတဲ့အချက်ရှိသား။  ပျော်တမ်းခဏခဏ ကစားလို့ရတယ်။  ဗီဇာရလို့ပျော်ရ၊ နိုင်ဂံခြားသွားလို့ပျော်ရ၊ မီးမှန်လို့ပျော်ရ၊ ပတ်စ်ပို့လုပ်တာ ပိုမြန်လာလို့ပျော်ရ။  သူများနိုင်ငံသားတွေ အဲလို အပျော်တွေ နားလည်မှာ မဟုတ်ပါဘူး။ 

ရန်ကုန်ကနေ ဆိုလ်းထိတလမ်းလုံး လုံးဝမပြုံးပဲ Service ပေးတဲ့ အွန်စောရဲ့ဦးလေး လေယာဉ်မောင်ကြီးအကြောင်းတော့ နောက်ပိုစ့်မှဘဲ။ 

3 comments:

  1. နောက်ပိုစ့်ကို မျှော်နေပါ့မယ်။ ဟိုဘက်က အဖွဲ့အစည်းက ခေါ်တော့ ကောင်းတယ်... မဗေဒါလဲ ဒီနှစ်သွားလည်မလို့ နောက်တော့ ဗီဇာလျှောက်ရတာ အလုပ်ရှုပ်တာနဲ့ နောက်နှစ်မှပဲ လည်တော့မယ်... အဲဒါကြောင့် ဒီခရီးစဉ်ကို စောင့်ဖတ်နေပါ့မယ်...

    ReplyDelete
    Replies
    1. အားပေးတဲ့ပရိသတ် ၁ ယောက်ကြီးများတောင်ရှိပြီဆိုတော့ နောက်ပိုစ့် ရေးဖို့ အားရှိသွားပြီ။ ကျေးဇူးအများကြီးတင်ပါတယ်။
      Visit ဗီဇာက စင်္ကာပူမှာလျှာက်ရင် ပိုလွယ်မယ်ထင်တယ်နော်။ မိုးဦးက ခရီးသွားဝါသနာလဲပါ၊ သူများသွားတာလဲအားကျ၊ သူများ ခရီးသွားပိုစ့်တွေရေးထားတာလဲ ဖတ်လို့မ၀။ (ကိုယ်တိုင်သာ ရေးဖို့ပျင်းတာ)

      Delete
  2. ဒါနဲ့ ပျော်တမ်း ခဏခဏ ကစားတယ်ဆိုလို့ ဘာများလဲလို့... အချစ်တော်ကြီးတွေက မြန်မာနိုင်ငံသားတွေ appreciate ဖြစ်တတ်အောင် လုပ်ပေးထားတာ... ခွိ

    ReplyDelete