ပြောင်းလဲသင့်တဲ့ မကောင်းတဲ့ကိုယ့်ရဲ့ အကျင့်တွေ ပြောင်းလဲနိုင်အောင်ကြိုးစားရမယ်။
ဥပမာ...
မနက် စောစောအိပ်ယာထပျင်းတာ
အိမ်ရှင်းရမှာပျင်းတာ
တခါတလေ ဖြစ်ကတတ်ဆန်းဝတ်စားဆင်ယင်တတ်တာ
တထောင် နှစ်ထောင်ကိုကျတော့ ကပ်စေးနည်းပြီး သောင်းဂဏန်း၊ သိန်းဂဏန်းကိုတော့ မထင်မှတ်ဘဲသုံးမိတာ.
အသုံးစရိတ် သတ်မှတ်မထားဘဲသုံးမိတာ (အထူးသဖြင့် ခရီးထွက်ရင်)
ဒေါသထွက်မိရင် ထိန်းလို့မရတတ်တာ။
တခုခု ဗြစ်တောက်ဗြစ်တောက်ပြောမိရင် မရပ်နိုင်တာ။
ကိုယ်လုပ်သမျှ ဆုံးဖြတ်သမျှ မှန်တယ်ထင်တာ.
....
....
အိုးးး ချရေးမိတော့ငါမကောင်းတာတော်တော်များပါလား။
Sunday, January 4, 2015
Monday, January 13, 2014
27th SEA Games နှင့် မရည်ရွယ်ခဲ့သော သဲတပွင့် (၁)
ခုနေများ ဘကျောက်တို့ ရှိနေရင် ပါလေရာ မယ်မိုးဦးကိုဘာပြောအုံးမလဲမသိ။
လွန်ခဲ့တဲ့ (၂) နှစ် မယ်မိုးဦးရွာပြန်ပြီးအလုပ်စလုပ်တဲ့အချိန်မှာ ကြားရတဲ့သတင်းတပုဒ်က မြန်မာနိုင်ငံမှာ SEA Games လုပ်မတဲ့လေ။ တီဗွီသရဲ မယ်မိုးဦးက ဟိုအိုလံပစ် ဒီအိုလံပစ် ဖွင့်ပွဲတွေ ပိတ်ပွဲတွေကို အားတက်သရော စောင့်ကြည့်နေကျ၊ အင်တာနက်မှာရေးတဲ့ ဘေဂျင်းအိုလံပစ်က ဘယ်လို၊ လန်ဒန်အိုလံပစ်က ဘယ်လို၊ စသဖြင့် သတင်းတွေ ဟိုစပ်စပ် ဒီစပ်စပ်လျှောက်ဖတ် နေကျ ဆိုတော့ အမလေး ကိုယ့်တိုင်းပြည်မှာ လူတွေက ဒီလောက် ကျပ်တည်းနေတာ SEA Games ကိုပိုက်ဆံတွေ ဒီလောက် အကုန်ခံပြီးလုပ်ဖို့စဉ်းစားနိုင်သေးတယ် .... ဘလာ...ဘလာပေါ့။
ဖြစ်ချင်တော့ မယ်မိုးဦး အလုပ်လုပ်နေတဲ့နေရာက အားကစားအဖွဲ့ချုပ်တခုနဲ့ မဖြစ်မနေ ပတ်သက်ဖို့ဖြစ်လာတယ်။ ဒါပေမယ့် ကိုယ်မလုပ်ချင်တဲ့အလုပ်တခုကို မလုပ်ဘဲနေလို့ရအောင် နည်းလမ်းသုံးလိုက်တော့ မယ်မိုးဦး တယောက် လွတ်ရာကျွတ်ရာကိုရောက်သွားပြီး ထဲထဲဝင်ဝင် ပတ်သက်စရာမလိုခဲ့ဘူး။ လိုအပ်တဲ့ အားကစားပစ္စည်းမှာရတာတို့၊ တခြားနိုင်ငံကအဖွဲ့ချုပ်တွေနဲ့ ဆက်သွယ်တာတို့စတဲ့ ရုံးလုပ်ငန်းနည်းနည်းပါးပါး လောက်ပဲ လုပ်ခဲ့တယ်။
SEA Games လဲတဖြည်းဖြည်းနီးလာပီး အလုပ်တွေပိုပိုရှုပ်လာပေမယ့် ကိုယ့်အတွက်တော့ ရင်ခုန်စရာမကောင်းခဲ့ပါဘူး။ ဖွင့်ပွဲ ဆိုတာကြီးကိုလဲ နေပြည်တော်အထိသွားကြည့်ရလောက်အောင် မတက်ကြွလို့ အားလုံးအတွက် စီစဉ်ပေးပြီး ကိုယ်ကတော့ အိမ်မှာတီဗွီကနေပဲ ဝေဖန်ရေးနဲ့ လေကန်ရေးပေါ့။ ဖွင့်ပွဲကို ကြိုးစားပမ်းစား အချိန်ကုန်ခံပြီးလာကြည့်တဲ့ စလုံးက ဘောစိကတောင် နင်ကဆီးဂိမ်းကို သပိတ်မှောက်တာလား ဘာလား လာမေးနေသေးတယ်။ ဘာရည်ရွယ်ချက်မှ မရှိပါဘူးလို့။ အပင်ပန်းခံ သွားပြီး ကြည့်ရလောက်အောင် စိတ်မ၀င်စားလို့ပဲလို့ပြော လိုက်တော့ သိပ်တော့ ကျေနပ်ပုံမရဘူး။
ဇာတ်လမ်းက ဖွင့်ပွဲပြီး မှစတာ။ နေပြည်တော်မှာ ဖွင့်ပွဲကြီးဝှဲချီးကျင်းပပြီးပေမယ့် အားကစားအဖွဲ့ချုပ်တွေ ကိုယ်တိုင်ကလဲ ကိုယ့်အားကစားနည်းအလိုက် ဖွင့်ပွဲလုပ်တဲ့ထုံးစံရှိတယ်ဆိုပဲ။ ဒါနဲ့ပဲ လုပ်မယ့်လုပ် သူများအောက်ကျတော့ မခံဘူးဆိုပြီး ကိုယ့်ထက်အရင် ဖွင့်ပွဲလုပ်တဲ့တခြားအားကစားနည်းတခုကို သွားကြည့်ပြီး အတုခိုးရတော့တာပဲ။
ဇာတ်လမ်းက ဖွင့်ပွဲပြီး မှစတာ။ နေပြည်တော်မှာ ဖွင့်ပွဲကြီးဝှဲချီးကျင်းပပြီးပေမယ့် အားကစားအဖွဲ့ချုပ်တွေ ကိုယ်တိုင်ကလဲ ကိုယ့်အားကစားနည်းအလိုက် ဖွင့်ပွဲလုပ်တဲ့ထုံးစံရှိတယ်ဆိုပဲ။ ဒါနဲ့ပဲ လုပ်မယ့်လုပ် သူများအောက်ကျတော့ မခံဘူးဆိုပြီး ကိုယ့်ထက်အရင် ဖွင့်ပွဲလုပ်တဲ့တခြားအားကစားနည်းတခုကို သွားကြည့်ပြီး အတုခိုးရတော့တာပဲ။
သူများကိုလည်းသွားအတုခိုးသေး၊ သူများအားနည်းချက်တွေကိုလဲရှာလိုက်သေး။ အကြံတူနောက်လူသာ စမြဲဆိုတဲ့စကားပုံလိုပေါ့။ အဲဒီ့အထိလဲ နိုင်ငံချစ်စိတ်ဆိုတာကိုသတိမပြုမိသလို၊ SEA Games ကိုအားပေးချင်စိတ်လဲ မရှိသေးတာ အမှန်ပဲ။ ကိုယ်လုပ်တဲ့အလုပ်တခုကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတဲ့စိတ်တခုနဲ့ပဲ စိတ်ပင်ပန်းလူပင်ပန်းခံပြီး အကြိုညစာစားပွဲနဲ့ ကိုယ့်အားကစားနည်း ဖွင့်ပွဲလေးကို စီစဉ်ပေးခဲ့တယ်။
ဒါပေမယ့် ဖွင့်ပွဲမတိုင်မီ အကြိုညစာစားပွဲမှာ အိမ်ရှင်နိုင်ငံရဲ့ အားကစားအဖွဲ့ချုပ်ကလူအနေနဲ့ တခြားနိုင်ငံက ပြိုင်ပွဲဝင်အားကစားသမားတွေကို အတတ်နိုင်ဆုံး ဧည့်ဝတ်ကျေအောင် ကြိုးစားနေရင်း ကိုယ်အတ္တလေးကို ကိုယ်ပြန်မြင်လိုက်ရတယ်။ ညစာစားပွဲလုပ်နေတုံး အာရှအဖွဲ့ချုပ်က တာဝန်ရှိသူတွေရဲ့အစီအစဉ်အရ ပြိုင်ပွဲဝင် နိုင်ငံတနိုင်ငံချင်းစီ စင်မြင့်ပေါ်တက်ပြီး သီချင်းတပုဒ်စီဆိုခိုင်းတော့ သူများနိုင်ငံတွေက သူတို့ဟာသူတို့ ဘာတွေဆိုမှန်းတော့မသိဘူး။ နားထောင်လို့တော့ကောင်းသား။ ......... အားကစား ကမ္ဘာကိုလွှမ်းရမည်..... ဆိုတာမျိုးတွေပါရင်လဲ ပါမှာပေါ့နော်။ ကိုယ်မှနားမလည်တာ။ ကိုယ့်မြန်မာအသင်းအလှည့်ကျတော့ စိတ်ပူမိသား။ ညီညီညာညာမှ ဆိုနိုင်ပါ့မလား။ တခြားနိုင်ငံ သီချင်းတွေလို့မှ တက်တက်ကြွကြွရှိပါ့မလားလို့လေ။
ကိုယ်နဲ့သိပ်ရင်းနှီးမှုမရှိတဲ့ မြန်မာအသင်းအားကစားသမားလေးတွေရဲ့ မြန်မာ .... မြန်မာ တို့မြန်မာ နိုင်ပြီ၊ မြန်မာနိုင်ပြီဟေ့.... ဇွဲမာန်ဝင့်ချီ.. တို့မြန်မာနိုင်ပြီ... လို့လဲကြားလိုက်ရော အခုတကယ်ပဲ နိုင်နေတဲ့ အတိုင်း စိတ်ဓါတ်တွေ တက်ကြွသွားလိုက်တာ... သူတို့နဲ့အတူ ဘယ်အချိန်က လိုက်ဆိုနေမိမှန်းမသိဘူး။ တကြော့ပြီးတကြော့ လည်ချောင်းတွေနာလာတဲ့အထိ။ အဲဒီသီချင်းလေးက တီဗွီကလွှင့်လားမလွှင့်လားတော့ မသိဘူး။ ဘယ်သူရေးပြီး ဘယ်သူဆိုတာလဲမသိဘူး။ ဒါပေမယ့် နားထဲစွဲလွယ်ပြီး နှစ်ခါလောက် နားထောင် လိုက်တာနဲ့ လိုက်ဆိုလို့ရသွားရော။ စိတ်အားတက်ကြွဖို့လဲကောင်းတယ်။ အားကစားသမားတွေရော အားပေးတဲ့ပရိသတ်ရော ပြိုင်ပွဲတလျှောက် ဒီသီချင်းပဲဆိုပြီး အားပေးကြတာ။
ဒါနဲ့ပဲညစာစားပွဲပြီးခါနီးကျတော့ အားကစားသမားလေးတွေက အမှတ်တရဓါတ်ပုံတွေရိုက်ကြ၊ အချင်းချင်း နှုတ်ဆက်ကြလုပ်နေတုံး အင်ဒိုနီးရှားအဖွဲ့က အားကစားသမားတွေက ဗြုံးဆို အုပ်စုလိုက် ချာချာလိုမျိုးကကွက် တခုစပြီး ကပါလေရော။ အစက.. ကိုယ်တွေကသဘော မပေါက်သေးဘူး။ နောက်မှ ဘေးက ညီမလေးတယောက်ဆီဖုန်းဝင်လာ ပြီးသူကလှမ်းပြောတယ်။ အမရေ.. မြန်မာဘောလုံးအသင်းကတော့ သွားပြီဆိုမှ သဘောပေါက်လိုက်တယ်။ ပထမတော့ အားကစားစိတ်ဓါတ်ကိုကြိုးစားမွေးပီး မုဒိတာပွါးဟန်ဆောင် လိုက်သေးတယ်။ နောက်တော့ အိမ်ရှင်ကိုမှအားမနာ သူတို့အဲလောက်ပျော်ပွဲဆင်နေတော့ မရှုစိမ့်စွာနဲ့ အဖွဲ့ချုပ် လူကြီးတွေကို သွားချွန်တွန်းလုပ်တာပေါ့။ ပွဲသိမ်းဖို့ကောင်းပြီလို့။ အဲလိုအားကစား စိတ်ဓါတ်ရှိတာနော်။
ပထမဆုံး ရွှေတံဆိပ်ရချိန်ကိုတော့... အပိုင်း (၂)
Wednesday, August 28, 2013
တိတ်တိတ်လေး
အားတက်သရော အိတ်မှောက်ဖာသွန်နေတဲ့ ပျော်စရာ ဘလောဂ့်လေးတွေကိုဝင်ဖတ်ရင်း မယ်မိုးတယောက်လဲ ကိုယ့်ဘလောဂ့်လေး ကိုယ်ပြန်အသက်သွင်းချင်စိတ် ပေါ်လာမိပါတယ်။ တိတ်တိတ်လေးပျောက်နေပြီး တိတ်တိတ်လေးပဲပြန်လာပါပြီ။
ဘလော့ဂ်မရေးဖြစ်တဲ့အချိန်တွေကို ကိုယ့်အတွက်ရော အများအတွက်ပါ အကျိုးရှိမယ့်အလုပ်တွေ ပိုလုပ်ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် တကယ်တမ်းတော့ ထင်တိုင်းမပေါက်ခဲ့ပါဘူး။ စာနည်းနည်း ပိုဖတ်ဖြစ်တာပဲရှိပါတယ်။
ခုတော့ ဘလောဂ့်လေးကိုပဲ ကိုယ့်ရဲ့ရင်ဖွင့်ရာ ဒိုင်ယာရီလိုသဘောထားပြီး ဆက်ရေးပါတော့မယ်။ အရင်တုံးကတော့ အိမ်နဲ့ဝေးနေရတယ်ဆိုပြီး အလွမ်းပြေဓါတ်ပုံလေးတွေတင်ရင်း ဓါတ်ပုံအကြောင်းပြု ပြီး ရေးချင်တာလေးတွေ ရေးခဲ့ပါတယ်။ ခုတော့ အိမ်လဲပြန်ရောက်ပြီဆိုတော့ လွမ်းတာကိုလဲ စာဖွဲ့လို့မရတော့။
လွန်ခဲ့တဲ့သုံးနှစ်လောက်တုံးကတော့ မော်နီတာစကရင်မှာ ၀က်သားတုတ်ထိုးပုံတို့၊ ရှမ်းခေါက်ဆွဲပုံတို့၊ ငါးထမင်းနယ်ပုံတို့မြင်လိုက်တာနဲ့သွားရည်တောက်တောက်ကျပြီး မော်နီတာကြီးကိုပဲကောက်ဝါးရတော့မလိုလို၊စီးတီးဟောလ်ပဲ ပြေးရတော့မလိုလို၊ မီးဖိုချောင်ထဲပဲဝင်ပြီး ရှိတာလေးနဲ့ အိုးနင်းခွက်နင်း ချက်စားရတော့မလိုလို ဖြစ်ခဲ့ရာက ခုတော့ ကံဇာတာတလှည့်ပြောင်းလို့ အိမ်ချက်၊ ဆိုင်ချက် ကြိုက်တဲ့အချိန်စားနဲ့ အတော်ဇိမ်ကျနေပါတယ်။
ဘူးသီးချဉ်ရည်ကျဲနဲ့ ငါးဖယ်ဆုပ်၃လုံး၊ ချဉ်စုတ်လန်နေတဲ့ ကင်ပွန်းချဉ်ရွက်ချဉ်ဟင်းနဲ့ ၀က်သားနှပ်၂တုံး၊ ကျဲတောက်တောက်ပဲနီလေးဟင်းနဲ့ ကြက်သားဟင်း၊ ကန်ဇွန်းရွက်ကြော်နဲ့ ဘဲဥကုလားဟင်း စတဲ့ အခုရုံးကကျွေးတဲ့ နေ့လည်စာကိုသူများတွေက စောဒကအမျိုးမျိုးတက်နေချိန်မှာ ကိုယ်ကတော့ ထမင်းတပန်းကန်တော့ ဘယ်လိုကုန်သွားမှန်းမသိဘူး။ မယ်မိုးစားနိုင်တယ်နော်လို့ တအံ့တသြ ဆိုလာသူတွေကို တပင်တပန်းမရှင်းပြတော့ပါဘူး။ တနေ့တနေ့ ဖုကော့ဒ်ထဲမှာ တလည်လည်နဲ့ဘာစားရမှန်းမသိဘဲ ယောင်လည်လည်ဖြစ်နေတဲ့ နေ့လည် ထမင်းစားချိန်တွေကို ပြန်သတိရမိရင် အခုလို ဗမာထမင်းနဲ့ဟင်း ကို ကိုယ်ဆာနေတဲ့အချိန်မှာ ထမင်းပွဲ ရှေ့ရောက်စားနေရတာ ကိုယ့်အတွက်ဘယ်လောက်အဆင်ပြေမှန်း သူတို့မသိဘူး။
မုန်ဟင်းခါးစားချင်ပြီး မုန့်ဖတ်ဝယ်ဖို့/ ပြုတ်ဖို့ အချိန်မစောင့်နိုင်လို့ ရယ်ဒီမိတ်မုန့်ဟင်းခါးတအိုးချက်ပြီး ထမင်းကြမ်းနဲ့ မြိန်ရည်ရှက်ရည်စားခဲ့တာတွေ၊ ချဉ်ပေါင်ကြော်ထဲကို ပုဇွန်ကြော်ထည့်ရေရောပြီး ချဉ်ပေါင်ဟင်းလုပ်စားခဲ့တာတွေ သူတို့ သိရင် ရောမရောက်ရဲ့နဲ့ ရောမလိုမကျင့်နိုင်ဘူးလားလို့ မေးရင်လဲ ခံရမှာပဲ။ အခုတော့လည်း အမှတ်ရစရာအဖြစ်အပျက်လေးတွေပါပဲ။ အရင်တုံးကတော့ အဲဒါဟာ ဘ၀ကို ရုန်းကန်နေရတာပဲလို့ကို ကြီးကြီးကျယ်ကျယ်ကိုတွေးပစ်လိုက်တာ။
ဆန်ထုတ်သယ်၊ ဆီပုံးဝယ်၊ ကြက်သွန်အိတ်ဆွဲခဲ့ရတဲ့နေ့တွေနဲ့ ယှဉ်ကြည့်လိုက်ရင် အခုက တကယ်ကို ဂွတ်လိုက်ဖ်ပါဘဲ။ အရင်တုံးက အဆင်သင့်ရခဲ့တာတွေကိုတန်ဖိုးမထားတတ်ခဲ့တာ ကိုယ်တိုင်မလုပ်မဖြစ် ဆိုတဲ့အခြေအနေနဲ့ကြုံပြီးမှဘဲ တန်ဖိုးထားရကောင်းမှန်းသိပါတယ်။
အရင်တုံးကလဲ စာရေးရင် ဟိုရောက်ဒီရောက်။ ခုလဲ ဟိုရောက်ဒီရောက်စာစုပါပဲ။
Sunday, November 21, 2010
အင်းလေးမိသားစု ကထိန်ပဒေသာပင်အလှူ
Sunday, November 14, 2010
ပန်းခရမ်းပြာ
ပန်းခရမ်းပြာ။
ငါတို့ရဲ့...
တရားမျှတမှုအတွက်
ပန်းခရမ်းပြာ။
ငါတို့ရဲ့...
လမ်းပြကြယ်
ပန်းခရမ်းပြာ။
ငါတို့ရဲ့
နှလုံးသားထဲက သူရဲကောင်း
ပန်းခရမ်းပြာ။
ပန်းခရမ်းပြာနဲ့အတူ ပန်းတခင်းလုံး လွတ်လပ်စွာဖူးပွင့်ဝေဆာမယ့်နေ့ကို အမြန်ဆုံးရောက်ပါစေ။
ဒါဟာ.....ငါတို့ရဲ့ အပြင်းပြဆုံးဆန္ဒ။
ငါတို့ရဲ့...
တရားမျှတမှုအတွက်
ပန်းခရမ်းပြာ။
ငါတို့ရဲ့...
လမ်းပြကြယ်
ပန်းခရမ်းပြာ။
ငါတို့ရဲ့
နှလုံးသားထဲက သူရဲကောင်း
ပန်းခရမ်းပြာ။
ပန်းခရမ်းပြာနဲ့အတူ ပန်းတခင်းလုံး လွတ်လပ်စွာဖူးပွင့်ဝေဆာမယ့်နေ့ကို အမြန်ဆုံးရောက်ပါစေ။
ဒါဟာ.....ငါတို့ရဲ့ အပြင်းပြဆုံးဆန္ဒ။
Saturday, July 31, 2010
ပန်းကမ္ဘာမျှော်စင် - ၁
ခွင့်ရတဲ့အချိန်လေးထဲမှာသွားဆေးခန်းပြေးလိုက်၊ မျက်မှန်ပြေးလုပ်လိုက် နဲ့အလုပ်ရှုပ်နေတဲ့ကြားထဲ အဖော်ကောင်းလို့ ပြင်ဦးလွင်ကို ၂ရက်သွားလည် လိုက်သေးတယ်။ ပြင်ဦးလွင်ကပြန်အဆင်းမှာတော့ ကျန်တဲ့လူတွေက မန္တလေးကို ဆက်ဆင်းပေမယ့် ဒီတခါ စိတ်အလိုမလိုက်တော့ဘဲ တယောက်ထဲ ရန်ကုန်ပြန်ဆင်းလာခဲ့ရတယ်။
ပြင်ဦးလွင်ကိုပထမဦးဆုံးအကြိမ်ရောက်ဖူးတဲ့ ကိုးတန်းကျောင်းသူဘ၀ကစပြီး၊ ရောက်တိုင်းရောက်တိုင်း ပိတ်ချင်းမြှောင်မှာ၊ ပွေးကောက်ရေတံခွန်မှာ၊ ရုက္ခဗေဒဥယျာဉ်ထဲမှာ သူငယ်ချင်းတွေကို ရိုက်ပေးလိုက်၊ ကိုယ်ကအရိုက်ခံလိုက်၊ ပန်းပုံတွေ၊ ရှုခင်းပုံတွေချည်းပဲရွေး ရိုက်လိုက်နဲ့ ပြင်ဦးလွင်သွားရခြင်းရဲ့ရည်ရွယ်ချက်၅၀%လောက်က ဓါတ်ပုံရိုက်ဖို့ကျနေတာပဲ။
ပြီးတော့ပုံတွေကြည့်ပြန်တော့လည်း ထူးမခြားနားပဲ။ပန်းခြုံလေးနားမှာ ရီကျဲကျဲနဲ့ငုတ်တုတ်လေး ထိုင်မယ်။ ကိုယ့်ဟာကိုတော့ မခို့တရို့လေးပြုံးနေတယ်ထင်တာပဲ။ ပန်းလေးတွေနဲ့ အလှချင်းပြိုင်နေတယ်ပေါ့။ ဒါပေမယ့် အပြုံးကလွန်သွားပြီး ရီကျဲကျဲပြောင်စပ်စပ်ပုံဖြစ်သွားတာ မသိလိုက်ဘူး။ ပုံကိုကြည့်ပြီးအားပေးကြပုံကနင်က ခြုံထဲဘာဝင်လုပ်နေတာလဲတဲ့။ ပြုံးစိစိနဲ့ တစ်ရှုးပေပါလှမ်းတောင်းနေတာ လားလို့မေးတဲ့လူကမေး။
သစ်ပင်အောက်မှာ လက်လေးနှစ်ဖက်ဆန့်ပြီး ပိုစ့်ပေးနေတဲ့ပုံကိုတော့ ဗျိုင်းလေးပျံနေတဲ့ အတိုင်းပဲတဲ့။
အံမယ်... ကိုယ်ကလည်း တခါတလေကဗျာဆန်ဆန်လေး ပန်းခင်းထဲမှာပန်းလေးတွေကိုငုံ့ကြည့်တဲ့ပုံမျိုး ကြိုးစားပမ်းစား အိုက်တင်ထုတ်လိုက်သေးတယ်။ ဒီပုံမျိုးကိုတော့ လှတယ်တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဆံပင်တွေကွယ်ထားတော့ မျက်နှာကို မမြင်ရလို့တဲ့။
နောက်ခံရှုခင်းကျယ်ကျယ်မှာ ထီးလေးဆောင်းပြီးငေးနေတဲ့၊ လူပုံကနှမ်းစေ့လောက်ပဲပါတဲ့ပုံကိုတော့ ကြိုက်ကြတယ်။ လူမပါရင် ပိုတောင်လှအုံးမယ်တဲ့။
ပြုံးနေပါတယ်ဆိုမှပြောင်စပ်စပ်နဲ့လို့တို့၊ ခပ်တည်တည်ပုံနဲ့အရိုက်ခံတော့လည်း လူမိုက်ကျနေတာပဲ။ တလောကလုံး သူ့လုပ်စာစားနေတဲ့ရုပ်၊ အဲဒီအချိန်တုံးကနင့်ခြေထောက်ကိုဘယ်သူတက်နင်းထားလို့လဲ တို့စသဖြင့် အားပေးခံရတာများ ရိုးနေပြီ။ ဒီ့ထက်အမူအရာလဲမလုပ်တတ်ဘူးလေ။ ဘယ်သူတွေဘယ်လို ဝေဖန်ဝေဖန်ကိုယ်ကတော့ ရောက်ရာအရပ်မှာ ကင်မရာတကားကား သူများကိုလဲရိုက်၊ ကိုယ်တိုင်လဲ အရိုက်ခံနဲ့ခရီးတခုကပြန်လာရင် အိမ်ကလူတွေ အချိန်ကုန်၊ မျက်စိညောင်းဖို့သာပြင်တော့။
ကိုယ်က ဓါတ်ပုံပြရင်လဲ ရိုးရိုးမပြဘူး။ ဒါက ဘယ်မှာရိုက်ထားတာလေ၊ အဲတုံးက ဘယ်သူက ဘယ်လိုပြောလို့ ၀ိုင်းရီနေကြတာ။ ပြီးတော့ ဘယ်နေရာကို သွားတာ။ စသဖြင့် နောက်ခံစကားပြောကလဲ ထည့်လိုက်သေးဆိုတော့ အိမ်ကလူတွေမှာ မျက်စိညောင်း၊ နားညည်းဖို့သာပြင်တော့။ ဒါပေမယ့် ၀ယ်လာတဲ့ မုန့်တွေမျက်နှာနဲ့တော့ ကြည့်ပေးဖော်တော့ရကြသား။
ကိုယ်က ကင်မရာမင်းလုပ်ရရင်တော့ လူတွေကိုပိုစ့်အမျိုးမျိုးတွေထုတ်ခိုင်း၊ မိန်းခလေးတွေဆိုရင်တော့ ကျောင်းသူဘ၀မိန်းထဲရောက်ရင် မလုပ်မဖြစ်ဝတ္တရားလို ဓါတ်ပုံဆရာတွေနဲ့ ဓါတ်ပုံရိုက်တုံးက ချောချောလှလှကောင်မလေးတွေဆိုရင်တက္ကသိုလ်စိန်ဝင်းပြောလေ့ရှိသလို "ကောက်ကြောင်းလေး ပေါ်အောင်ထိုင်..သမီး" ဆိုပြီးဆရာလုပ်လိုက်သေး။
တချို့မြန်မာမင်းသမီးတွေပြက္ခဒိန်တွေ၊ ပိုစတာတွေရိုက်ရင်ရှိသမျှကိုရှေ့ပစ်နောက်ပစ်၊အတင်းပစ်ပြက်ထိုင် ရင်သာ မလှတာ၊ တချို့သူတွေများ နဂိုကလဲလှ၊နေကလဲနေတတ် တော့ သူ့ဟာနဲ့သူထိုင်နေတာတောင် သဘာဝကျကျလေး ကောက်ကြောင်းလေးပေါ်ပြီးလှနေတတ်တာနော်။
သူတို့က ကိုယ့်ပုံကိုကြည့်ရင်သာဝေဖန်တာ၊ ကိုယ်ရိုက်ပေးတဲ့ ပုံတွေတော့ ကြိုက်ကြသား။ အင်းလေ...အားလုံးက သူတို့ကိုယ်သူတို့ဘယ်လိုလေး ပိုစ့်ထုတ်လိုက်ရမလဲပိုစိတ်ဝင်စားကြတာ။ သူတို့ကို စိတ်ရှည်လက်ရှည်၊ မညည်းမညူရိုက်ပေးတတ်တဲ့ သူကလဲ ကိုယ်ကလွဲပြီး ပြိုင်ဘက်မရှိကိုး။
ဒီတခါတော့ခရီးသွားတာ အာရှတိုးရစ်မလုပ်တော့ဘဲ သဘာဝရှုခင်းတွေကိုမျက်စိနဲ့ နှလုံးသားနဲ့ပဲ ခံစားတော့မယ်ဆိုပြီး ကင်မရာယူမသွားခဲ့ဘူး။ ဒါပေမယ့် သူငယ်ချင်းတယောက်က ပြင်ဦးလွင်စလည်ပါပြီ ဆိုတဲ့မနက်ထဲက သူ့(သူ့အဖေဆီကမျက်နှာချိုသွေးပြီးမ,လာတဲ့) ကင်မရာ ကိုယ့်လက်ထဲဝကွက်အပ်လိုက် တာပဲ။ ကိုယ်ကလဲ ကိုယ်ပဲ။ ရောက်ရောက်ချင်းမနက်ရှမ်းခေါက်ဆွဲစားတဲ့ဆိုင်က ပန်းလေးတွေလှတော့ မနေနိုင်မထိုင်နိုင် သွားစရိုက်မိတာ။
ဒီတခါသွားတဲ့အုပ်စုထဲမှာပါတာက နှစ်ဆယ်ကျော်ငါးနှစ်ပတ်လည်(၄)ယောက်လောက်ဆိုတော့ ကိုယ်တို့နဲ့ စာရင်တော့ ခလေးပေါ့။ အဲဒီတော့လည်း ပြင်ဦးလွင် ရောက်တုံး ရောက်ခိုက် ဒင်းတို့တွေက အပြတ်ကိုရှိုင်းပြီး ဓါတ်ပုံရိုက်မယ်ဆိုတာချည်းပဲ။ ဒီပုံက ကောင်မလေးကို ပေးဖို့။ ဒီပိုစ့်နဲ့က သူ့ကောင်မလေးပုံနဲ့ ဖိုတိုရှော့ထဲမှာ ဖြတ်ညှပ်ကပ်လုပ်ဖို့ဆိုပြီး ဘာပိုစ့်မှန်းမသိပေါက်ကရ ပိုစ့်တွေကပါသေး။ အင်းလေ...ကိုယ်တို့လဲ အဲလိုပဲငယ်ခဲ့ တာပဲလေ။
ကိုယ်ကလဲ ကိုယ့်အကြံနဲ့ကိုယ်။ သူ့ကင်မရာ နဲ့ဆို ပန်းပုံလေးတွေ ကောင်းကောင်းရိုက်လို့ရနိုင်တယ်ဆိုပြီး မေ့ချင်ယောင်ဆောင်ပြီးယူထားလိုက်တာ။ တကယ်တမ်းတော့ ဒင်းတို့ ပုံစံအမျိုးမျိုးနဲ့ ပဲပေးသမျှ၊ ကုန်းလိုက်၊ ကွလိုက်၊ ဒူးထောက်လိုက်နဲ့ မော်ဒယ်ကိုကိုနဲ့ မော်ဒယ်မမ (၆)ယောယ်ကြားထဲမှာ ဟိုဘက်ကခေါ်လိုက်၊ ဒီဘက်ကိုပြေးလိုက်နဲ့ အင်း.... သူတို့ဓါတ်ပုံရိုက်ပေးဖို့အရေး ကိုယ်က တမင်တောင် ခွင့်ယူပြီး လိုက်ပေးရတဲ့ အတိုင်းပဲ။ ဒီကြားထဲ စကပ်တို၊ ဂါဝန်တိုတိုဝတ်ထားတဲ့မမများက ကိုယ့်ကို ဓါတ်ပုံပြန်ပြန်ရိုက်တာ အရေးမကြီးဘူး။ တခြားအုပ်စုကိုပါ လှမ်းလှမ်းရိုက်နေလို့ဒင်းတို့ကို သတိပေးရတာကတမျိုး။
ကိုယ်ကလဲ ကိုယ့်အကြံနဲ့ကိုယ်။ သူ့ကင်မရာ နဲ့ဆို ပန်းပုံလေးတွေ ကောင်းကောင်းရိုက်လို့ရနိုင်တယ်ဆိုပြီး မေ့ချင်ယောင်ဆောင်ပြီးယူထားလိုက်တာ။ တကယ်တမ်းတော့ ဒင်းတို့ ပုံစံအမျိုးမျိုးနဲ့ ပဲပေးသမျှ၊ ကုန်းလိုက်၊ ကွလိုက်၊ ဒူးထောက်လိုက်နဲ့ မော်ဒယ်ကိုကိုနဲ့ မော်ဒယ်မမ (၆)ယောယ်ကြားထဲမှာ ဟိုဘက်ကခေါ်လိုက်၊ ဒီဘက်ကိုပြေးလိုက်နဲ့ အင်း.... သူတို့ဓါတ်ပုံရိုက်ပေးဖို့အရေး ကိုယ်က တမင်တောင် ခွင့်ယူပြီး လိုက်ပေးရတဲ့ အတိုင်းပဲ။ ဒီကြားထဲ စကပ်တို၊ ဂါဝန်တိုတိုဝတ်ထားတဲ့မမများက ကိုယ့်ကို ဓါတ်ပုံပြန်ပြန်ရိုက်တာ အရေးမကြီးဘူး။ တခြားအုပ်စုကိုပါ လှမ်းလှမ်းရိုက်နေလို့ဒင်းတို့ကို သတိပေးရတာကတမျိုး။
တကယ်တမ်းကတော့ ရိုက်လာတဲ့ ပုံလေးတွေကို ပြန်တင်ချင်တာပါ။ စကား နိဒါန်းချီတာ နဲနဲရှည်သွားလို့ ခွင့်လွှတ်ကြပါ။
ပထမတရက်ကတော့ ပြည်ချစ်ဘုရား၊ ပိတ်ချင်းမြှောင်၊ င်္ဘီးအီးရေတံခွန်လို့ခေါ်တဲ့ ပွဲကောက်ရေတံခွန်နဲ့ အပြန်မှာ တရုတ်ဘုံကျောင်းနဲ့ နှီးဘုရားကိုသွားကြတယ်။ Van နဲ့မဆံ့လို့ Light Truck ကားပဲငှားသွားတာ တနေကုန်မှသုံးသောင်းပေးရတယ်။
နောက်ရက်ကျတော့ ကန်တော်ကြီးရုက္ခဗေဒဥယျာဉ်တခုထဲသပ်သပ် သွားခဲ့တယ်။ မနက် ၉နာရီလောက် ရောက် နေ့လည် ၂နာရီလောက်ထိ အထဲမှာပဲ လျှောက်သွား၊ ဓါတ်ပုံတွေ ရိုက်ခဲ့တယ်။ ရောက်ရောက်ချင်းမှာဂေါ့ဖ်ကားနဲ့ တပတ်အရင်ပတ်တယ်။ မိနစ် (၂၀)ကို ၈၀၀၀ပေးရပါတယ်။ နန်းမြင့်မျှော်စင်ဘက်သွားရင်နောက်ထပ်၈၀၀၀တဲ့။ ကိုယ်တွေကတော့ နန်းမြင့်မျှော်စင်ကို ကိုယ့်ဟာကို လမ်းပဲလျှောက်သွားတော့တယ်။ မိုးတဖွဲဖွဲရွာနေလို့ မော်ဒယ်တွေစိတ်တိုင်းကျ ပိုစ့်မပေးနိုင်ခဲ့ဘူးလို့ဆိုပေမယ့် ပုံ၃၀၀ကျော်သွား ပါတယ်။ မိုးဖွဲဖွဲမှာကင်မရာမင်းကိုထီးဆောင်း၊ မော်ဒယ်များလဲထီးဆောင်းပြီး ဇွဲ၊လုံ့လ၊ ၀ီရိယအပြည့်နဲ့ ကြိုးစားခဲ့ကြတာပါ။
ပုံတွေကတော့ သူတို့တွေလစ်တုံးလေး ကမန်းတမ်းရိုက်ထားတဲ့ ပုံလေးတွေတချို့ပါ။ ဆိုလိုချင်တာကတော့ သေချာ ချိန်ရိုက်ထားတာမဟုတ်ပါဘူးပေါ့လေ။
ကားပေါ်ကနေရိုက်လိုက်ရလို့ ၀ါးသွားတာက နှစ်ပုံ။
ဘယ်အချိန်ရောက်ရောက် ကြည့်လို့မ၀ဘူး။
ဒါကတော့ မိုးခိုရင်း ကော်ဖီသောက်ရင်းနဲ့ ဆိုင်ထဲကနေဆွဲရိုက်လိုက်တာ။
ကားနဲ့စီးသွားနေရင်း သမင်လေးတွေတွေ့လို့ရိုက်လိုက်တာ။
အနိုင်အရှုံးပေါ်အောင်မကြည့်လိုက်ရဘူး။ ကားမောင်းတဲ့ကောင်လေးက မိနစ် (၂၀) အတွင်း တပတ်ပြည့်ရေးအတွက် ကားမောင်းထွက်သွားလို့။
ဆက်ပြီး စားမြုံ့ပြန်ပါအုံးမယ်။
Friday, July 9, 2010
အိမ်အပြန် (၂၀၁၀)
မနက်ဖြန်ဆိုရင်... ။ မနက်ဖြန်ဆိုရင် ရန်ကုန်ရောက်နေပြီလို့ တွေးပြီးပျော်နေလို့ပါ။ လွန်ခဲ့တဲ့လေးငါးလ လောက်က ရန်ကုန်ကအလုပ်တခုက လှမ်းခေါ်ပြီးထဲက စိတ်ကနှစ်ခွဖြစ်ဖြစ်နေတယ်။ ဟိုမှာဘဲ ပြန်လုပ်ရင်ကောင်းမလား။ ဒီမှာဆက်နေရင်ကောင်းမလား။ ဟိုပြန်သွားပြီးရင်လဲ နောက်ပိုင်း ဒီကိုပြန်လာချင်ရင် အဆင်ပြေပါ့မလား။ လူကရွေးချယ်စရာရှိလာတော့ ဟိုလိုက ကောင်းမလား၊ ဒီလိုက ပိုကောင်းမလားနဲ့ စိတ်ဒွိဟဖြစ်နေမိတာ တော်တော်မကောင်းတဲ့အကျင့်ပဲ။ အရင်က နေသားကျနေပြီးသားကို အခုမှပဲ ပိုပြီး အထီးကျန်လာသလိုလို၊ အိမ်ကိုပိုလွမ်းလာသလိုလို။ ဒါပေမယ့် ဟိုမှာကျပြန်တော့လဲ အလုပ်နဲ့ ပတ်သက်ပြီး ကိုယ်သည်းမခံချင်တဲ့ ကိစ္စတွေကို ရှောင်လွှဲလို့မရနိုင်ဘူးဆိုတာလဲသိနေပြန်တယ်။ အဲဒီအချိန်ကျရင် အလုပ်ကိုအဆင်ပြေအောင်လုပ်နေရရရင်းစိတ်တွေတို၊ စိတ်ဓါတ်တွေကျမှာလဲ ကိုယ်ဟာကို သေချာသိနေတယ်။
နောက်ဆုံးဒီမှာပဲဆက်နေဖြစ်ဖို့ ရွေးလိုက်ပါတယ်။ အိမ်ကိုလွမ်းတဲ့ကိစ္စ(အိမ်ကိုချည်းပဲ လွမ်းတာတော့ မဟုတ်ဘူး။ အစားအသောက်၊ ဟိုမှာနေရတာ၊ သွားရတာအားလုံးကို လွမ်းတာ) အဲဒီအတွက်ကတော့ ခွင့်ရတိုင်း ပြန်မယ်။ ပိတ်ရက်ရှည်ရှိတိုင်းပြန်မယ်။ လေယာဉ်လက်မှတ် ဒစ်စကောင့်ချတိုင်းပြန်မယ်။ အဲလို တွေးမိပြန်တော့လည်း စိတ်က နဲနဲပျော်သွားသလို။ လွမ်းတဲ့ထဲမှာပါတာတွေက ဒေါ်ရိတ်ကြီးကခုံပုလေး၊ တရုတ်တန်းက မာလာဟင်း၊ ဇက်ဖာက ၀က်သားတုတ်ထိုး၊ မြို့မကျောင်းလမ်းက ကွေ့ကျတ်၊ ကျောက်မြောင်းက ပုဇွန်ခွက်ကြော်သုပ်၊ ကြက်အူသုပ်၊ ရွှေညောင်ပင် ကြက်သားသုပ် etc.၊ စားစရာမှာရင်အလွန်တရာမှကြာတဲ့ဝိုင်...၊ ပီးတော့ အော်ချင်တိုင်းအော်လို့ရတဲ့ အမ် 3၊ ဂျီးများချင်တိုင်းများလို့ရတဲ့ ရန်ကင်းက ဆံပင်ညှပ်ဆိုင်၊ ဒီမှာထက်ဈေးသက်သာတဲ့ dental Clinic ...လွမ်းရတာတွေ အများကြီးပါ။
တကယ်တမ်း နောက်ပိုင်း ခဏခဏပြန်ဖြစ်မပြန်ဖြစ် မသေချာပေမယ့် ဒီတခါတော့ ခွင့်ယူလို့လဲ အဆင်ပြေ၊ တခြားအကြောင်းတွေလဲတိုက်ဆိုင်နေတော့ စိတ်ကုးကို အကောင်အထည်ဖော်နိုင်သွားပါတယ်။ တကယ်တမ်းနေမယ်ဆိုရင် ဟိုမှာ ၁၆ရက်လောက်နေလို့ရပေမယ့် ဘတ်ဂျက်ချွေတာတဲ့အနေနဲ့ ၂ပတ် လက်မှတ်ပဲဝယ်ပြီး ၁၄ရက်ပဲနေမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
၁လလက်မှတ်ဆိုရင် ၄၀လောက်ပိုပေးရမှာလေ။
ခဏခဏဂဒီးဂဒီး ပြန်မယ်ဆိုရင် ခါတိုင်းလိုတော့သူများတွေအတွက်လက်ဆောင်တွေဝယ်နိုင်တော့မှာ မဟုတ်ဖူးလို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ဆွဲဆောင် မှုတွေကတယ်များသကိုး။
သူငယ်ချင်းတွေနဲ့ Orchard ရောက်တော့
- Mango ကို ဒီဈေးနဲ့ရတာ ၀ယ်သင့်တယ် -
- Esprit က discount ၅၀% + ၂၀% (for minimum 3items) + 10% membercard - မူရင်းဈေး ၆၉.၉၀ ဆိုအဲလိုချတော့ ဘယ်လောက်မှ မကျတော့ဘူး။ နင်ဗမာငွေ၂သောင်းလောက်နဲ့ esprit ပေးရတာတန်တယ် -
တယောက်ထဲ နေ့လည်စာထွက်စားရင်း..........
- ဒီအသား၊ ဒီ ဒီဇိုင်းကို ၁၀ ဆို တန်တယ်။ (.... နဲ့ဆိုရင်လိုက်မယ်)
- ဒီခါးပတ်က တခုငါးကျပ်၊ ၃ခုတဆယ်။ (ဟိုမှာ ခလေးတွေ ကြိုက်မှာ)
- ဟိုတယောက်ကတော့ နှုတ်ခမ်းနီသရဲ။ (အင်း ၀ယ်အုံးမှ )
Bodyshop
- ရန်ကုန်မှာဒီမှာထက် ဈေးအရမ်းကြီးတယ်လို့ပြောတယ်။ အခု buy two, get three ဆိုတော့ သိပ်မကျပါဘူးလေ။ ....နဲ့ .... က ဘော်ဒီလိုးရှင်းကြိုက်တာ။ (ကောက်ထည့်)
Isetan Sales
မီးဖိုချောင်သုံးတွေ၊ အိမ်သုံးပစ္စည်းတွေမြင်တိုင်း မေမေ့အတွက်ဝယ်ပေးချင်ပေမယ့်ပုံမှန်ဈေးဆိုဝယ်ဖို့ မစဉ်းစားပါဘူး။ အခုဒစ်စ်ကောင့်ချတဲ့အချိန် မှမ၀ယ်ရင် ဘယ်တော့မှ ၀ယ်ဖြစ်တော့မှာမဟုတ်ဘူး။ (သမီးလိမ္မာလေး...)
နောက်ဆုံးမှာတော့ ကျွန်မရဲ့အိမ်အပြန်ခရီးက ထုံးစံအတိုင်း လတ်ဂေခ်ျ့ (၂)လုံးအပြည့်၊ handcarry တဆွဲ နဲ့ပါပဲ။ ဒါတောင် Check In ၀င်ပြီးရင် အထဲမှာ ၀ယ်ဖို့တေးထားတာတွေရှိသေးတယ်။
ဒီနေ့ရုံးက လုပ်ဖော်ကိုင်ဖက်တယောက်နဲ့ စကားစပ်မိလို့ပြောရင်း .. ဈေးဝယ်ရတာ၊ပတ်ကင်လုပ်ရတာနဲ့ ငါပင်ပန်းနေပြီ ဆိုတော့ သူပြောတာလေးကို သဘောကျမိတယ်။ မိုးဦး...နင်ဘာမှစိတ်ပင်ပန်းမနေနဲ့။ နောက်ဆုံး နင့်ပတ်စ်ပို့နဲ့ လေယာဉ်လက်မှတ်ပါရင် ပြီးရောမဟုတ်လားတဲ့။ ဟုတ်တယ်နော်....အိမ်ပြန်ဖို့ခရီးမှာ အရေးကြီးဆုံးက ဒီ ၂ခုပဲလေ။ အဲ...ဟိုရောက်ရင် သုံးဖို့ ပိုက်ဆံလေးလဲပါရမှာပေါ့။
Subscribe to:
Posts (Atom)
