အင်းတိမ်ဘုရားကကျွန်မတို့ရွာရဲ့ အနောက်ဘက် တောင်တန်းအစပ်မှာရှိတာလေ။ အရင်တုံးကနာမည်ကြီးတဲ့ ရွှေဥဒေါင်းတောင်ဆရာတော်သီတင်းသုံးခဲ့တဲ့ရွှေဥဒေါင်းတောင်ကိုတက်ချင်ရင်လဲအဲဒီကတဆင့်တက်ရတာလေ။ ကျွန်မတို့အိမ်ရှေ့က ချောင်းအတိုင်းမော်တော်မောင်းတက်သွားရင် ရွာအပြင်ရောက်တာနဲ့ချောင်းရိုးက ပုံထဲကအတိုင်းပဲ။ ချောင်း ကမ်းစပ်ရဲ့ဘေးတဖက်တချက်ကတော့ လယ်ကွင်းတွေပေါ့။ အရင်အနှစ်ငါးဆယ် လောက်တုံးက အင်းတိမ်ချောင်းဆိုတာမော်တော်လှေ နှစ်စင်းစာလောက်ပဲကျယ်တယ်ဆိုပေမယ့် အခုတော့ မော်တော် ရှစ်စင်းအကျယ်လောက်ဖြစ်နေပြီ။ ရေတိုက်စားလို့ ကမ်းပါးပြိုတာလေ။ အခုသစ်ပင်ကြီးဆိုရင်လဲ နောက် ၂နှစ်လောက်ဆို ရေထဲပါလောက်ပြီထင်တယ်။ မပြိုခံနိုင်ရိုးလား။ ဘာတာတမံမှကာမထားပဲနေ့စဉ် ဒေသခံမော်တော်တွေ၊ ခရီးသွားမော်တော်တွေဒီလောက်မောင်းနေတာ။
တချို့နေရာတွေမှာအဲလိုမျိုးသစ်သားချောင်းကူးတံတားလေးတွေ ရှိတယ်။ မော်တော်လာနေရင်တော့ မဖြတ်နဲ့အုံးပေါ့နော်။ ကြမ်းခင်းက သစ်သားခပ်ကျဲကျဲခင်းထားတာနော်။ ကျွန်မတို့ငယ်ငယ်တုံးကတော့ ၀ါးလုံး သုံးလုံးလောက်ခင်းပြီး လက်ကိုတဖက်တချက် ၀ါးလုံးတလုံးစီကာထားတဲ့ တံတားလေးတွေများပါတယ်။ မော်တော်ဖြတ်ပြီးခါစဆိုရင် တံတားက တလှုပ်လှုပ်နဲမို့ ရင်တခုန်ခုန်နဲ့ ဖြတ်ခဲ့ရတာပေါ့။
ချောင်းအပေါ်ဖက်ရောက်လာရင် တဖြည်းဖြည်းနဲ့ ကမ်းစပ်မှာ ၀ါးတောတွေထူလာတယ်။
မော်တော်ကမ်းကိုကပ်ပြီ။ လှေအဆင်း၊ မြင်းအတက်တဲ့နော်။ သတိထား။
မော်တော်ဆိပ်ကနေတက်ပြီး ဘုရားစောင်းတန်း။ ဘုရားစောင်းတန်းကအရှည်ကြီး။ ရေစပ်ကနေ တောင်ရဲ့အောက်ခြေထိတောက်ရှောက်စောင်းတန်းဆောက်ထားတာလေ။ ရှေးလူကြီးတွေ ကောင်းမှုပေါ့။ အခုတော့ တော်တော်များများနေရာတွေက ယိုယွင်းနေပြီ။ စောင်းတန်းတောက်လျှောက်ကြီးကို ပြင်နိုင်ဖို့ မလွယ်ဘူးနဲ့တူတယ်။ စောင်းတန်းက မမတ်စောက်ပဲ ပြေပြေလေးနဲ့အရှည်ကြီးတက်ရတာ။ မိနစ်သုံးဆယ်လောက်တက်ရမယ်နဲ့တူတယ်။ သီတင်းကျွတ်ဆွမ်းလောင်းပွဲချိန်ဆို စောင်းတန်းဘေးတဖက်တချက်မှာ ရွာတိုင်းက ဆွမ်းလောင်းရုံတွေလာဆောက်ပြီး ဆွမ်းလောင်းကြတာပေါ့။ ကျွန်မတို့ရွာလိုရွာကြီးမျိုးဆို တရပ်ကွက်ကို ဆွမ်းလောင်းရုံတရုံ။ ဆွမ်းလောင်းရုံနေရာတွေက ဟိုးအရင်ထဲကသတ်မှတ်ပြီးသား။
စောင်းတန်းတလျှောက် အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်တွေ၊ အဓိက ကပ်စတမ်မာကတော့ နိုင်ငံခြားသား ဧည့်သည်တွေပေါ့။ ခုတလောဧည့်သည်ပါးလို့တဲ့ ဈေးသည်တွေညည်းနေကြတယ်။ တော်တော်များများ ဈေးသည်တွေက ကျွန်မတို့ရွာကပါ။ ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့တွေ့ချင်ရင် ဒီကိုသာလာခဲ့။ တ၀က်ကျော်ကျော် လောက်ကိုဒီမှာ တွေ့ရမယ်။
စောင်းတန်းရဲ့အဆုံးအာရုဏ်ခံ တန်ဆောင်းမှာ သီတင်းသုံးနေတဲ့ ရုပ်ပွါးတော်ကို ဆွမ်းအရင်ကပ်ကြပါတယ်။ စောင်းတန်းတလျှောက်တက်ရတဲ့ခရီးကဝေးလွန်းလို့ ဒီဘုရားကို ဆွမ်းတော်ကပ်ပြီဆိုရင် ဆွမ်းတော်ပွဲကို အိမ်ကနေပြင်မလာပဲ ကလပ်ကိုသပ်သပ်၊ ဆွမ်းအုပ်ကိုသပ်သပ်၊ လှူဖွယ်ပစ္စည်းတွေကို သပ်သပ်ထည့်ပြီး လူခွဲသယ်ပြီး ဘုရားကိုရောက်မှ ပြင်ပြီးကပ်ကြလေ့ရှိပါတယ်။ ဒီနေ့လဲ ဆွမ်းတော်ပွဲတပွဲနဲ့ ဆွန်းအုပ်တအုပ်ပဲ ကပ်ဖြစ်ပါတယ်။ ဒါပေမယ့် ၂ခါ ပြင်ပြီးကပ်ရတာပါ။ အခုရုပ်ပွါးတော်ရှိရာ စေတီကိုတော့ ဘုရားမ(အဓိကပင်မ) လို့ခေါ်ပါတယ်။
ဘုရားမကနေ ဘေးကိုဆက်ဝင်လိုက်ရင် ဒီစေတီကို တွေ့ရမယ်။ ပထမ ဘုရားလို့ခေါ်တယ်။ အမှန်ဆို ပထမဘုရားကို အရင် ဆွမ်းတော်ပွဲကပ်၊ ပြီးမှ ပင်မဘုရားကိုကပ်ရမှာတဲ့။ ကျွန်မတို့ကတော့မသိ။ မေမေနဲ့ ဒေါ်လေးက စောင်းတန်းတက်ရင်းနောက်ကျန်ရစ်ခဲ့တာဆိုတော့ ကျွန်မတို့ မောင်နှမတတွေကတော့ ဘုရားတွေ့တာနဲ့ ဆွမ်းတော်ပွဲပြင်ပြီး အရင်တွေ့တဲ့ဘုရားအရင်ကပ်လိုက်တာဆိုတော့ ပရိုစီဂျာအောက် သွားတာပေါ့။
အခါကြီးရက်ကြီးမဟုတ်ပဲ ကြားရက်ဆိုတော့ ဆွမ်းတော်ကပ်တဲ့လူက ကျွန်မတို့အပြင် နောက်တဦးပဲရှိတယ်။ို ပထမဘုရားရဲ့ ဘေးတံခါးကိုထွက်လိုက်ရင်တော့ ပအိုဝ့်၊ တောင်သူတွေရဲ့ ဌာနေ တောင်တန်းတွေပေါ့။ ဒီတောင်တန်းတွေပေါ်က နနွင်း၊ ကြက်သွန်ဖြူ၊ ဂျင်း၊ လက်ဖက်ခြောက်၊ထောပတ်သီး၊ သစ်တော်သီး၊ ပဲစေ့၊ ပိန်းဥ၊ ဆူးပုပ်၊ စွယ်တော်ရွက်၊ဆီးဖြူသီး စသဖြင့် ဟင်းသီးဟင်းရွက်တွေကို မျိုးစုံထွက်တာပေါ့။ ဒီတောင်ကျောပြီးရင်နောက်ထပ်တောင်ကျောတိုင်းမှာ သွပ်မိုးဖွေးဖွေးနဲ့ရွာတွေ၊ စိုက်ခင်းတွေရှိမယ်။ ဟိုးအရင်မြန်မာဘုရင်တွေခေတ်က အင်းထဲကနေပြီး မန္တလေးဘက်သွားရင် အဲဒီတောင်တွေကိုဖြတ်ပြီး တောလမ်းအတိုင်းသွားရတာလို့ပြောတယ်။ဒီနယ်မြေတွေအကုန်လုံးကပအိုဝ့်ငြိမ်းချမ်းရေးနယ်မြေ ထဲမှာပါတယ်။
အခုလို ခေတ်သစ်ပုံစံပြင်ထားတာလဲ မကြိုက်ဖူး။ ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား၊ ငါလဲမလုပ်တတ်ဖူး ဆိုတဲ့စကားအတိုင်းပဲ။
ပတ်ဝန်းကျင်တခုလုံးက စိမ်းစိုပြီးတောပန်းလေးတွေကအစလှနေတယ်။
အပြန်ကျတော့ စောင်းတန်းတ၀က်လောက်မှာ ဆက်မဆင်းတော့ပဲ ဘေးကို ဆင်းပြီး ထွက်လာတယ်။ အင်းတိမ်ချောင်း(ဘီလူးချောင်း) ရဲ့ အစပိုင်းကို သွားကြည့်မလို့လေ။ တကယ့်အစတော့မဟုတ်ဖူးပေါ့။ လူသွားလူလာရှိတဲ့ ရေလွှဲဆည်အပေါ်ပိုင်းနားလောက်ထိပေါ့။ ၀ါးရုံပင်အုပ်နဲ့၊ ရေစီးသံနဲ့၊ အေးစိမ့်နေတဲ့ ရာသီဥတုနဲ့။ အဲလိုတော့လဲ လောကကြီးကအရမ်းအေးချမ်းနေသလိုပဲ။
ပလိုင်းထဲမှာဘာမှမတွေ့ရဘူး။ တခုခုရောင်းပြီးအိမ်အပြန်လား၊ ဒါမှမဟုတ်အခုမှယာခင်းထဲသွားမှာလား။
ရေလွှဲဆည်အထက်ပိုင်းမှာ ရေကအီနေတယ်။ နောက်လဲနောက်နေတယ်။ တခါတလေကြည်နေရင် အရမ်းလှတယ်။ ဒီချောင်းအတိုင်းအပေါ်ကိုဆက်တက်သွားရင် ဘီလူးမရေထွက်ဆိုတာရှိတယ်တဲ့။ ဘယ်လောက် ဆက်တက်ရမလဲတော့မသိပါ။ ဘီလူးမအရုပ်ထုထားပြီး ဘီလူးမဆီက ရေတွေထွက်နေတာတဲ့။ (အင်း.. တဲ့တွေသိပ်များနေပြီနော်။ ဘာလော့ရေးတာမဟုတ်ပဲရီပို့ရေးတာဆိုရင်တော့ သိပ်မရွှီးပါနဲ့ဆိုပြီး မှတ်ချက်ပေးခံရမှာသေချာတယ်) ကျွန်မကိုယ်တိုင်ကလဲ ပုံပြင်တွေနဲ့ကြီးပြင်းလာရသူ ဆိုတော့ သူများကိုလဲ အဲလို ပဲ ပုံပြင်ပြောရတာဝါသနာပါတယ်။
ဒီမှာရေလွှဲဆည်။ တချို့လူတွေကပြောကြမယ်။ ဒီနေရာက၊ ဒီချောင်းကလူစိမ်းဆိုရင်ရေကူးရင် လူစားတယ်လို့။ စဉ်းစားကြည့်မယ်ဆိုရင်တော့ ဒေသခံတွေဆိုတာ ဒီမှာကြီးပြင်းလာကြပြီးဘယ်နေရာဆို ရေနက်တယ်၊ ဘယ်နေရာဆိုရေတိမ်တယ်ဆိုတာသိပြီးသား။ အဲဒီတော့ သူတို့ရေကူးရင် အန္တရာယ်ကင်းတဲ့နေရာမှာ ကူးကြမှာလေ။ သူစိမ်းတွေကတော့ အနေအထားကိုမသိပဲ ရေမြင်ရင်ပျော်ပြီးဆင်းကူးတော့ ရေနက်မှန်းမသိ၊ တိမ်မှန်းမသိ၊ ၀ဲရှိမှန်းမသိပဲ ၀ုန်းဆိုဆင်းကူးကြရော။ အဲဒီမှာ အဆင်မသင့်ရင် အန္တရာယ်တွေ့တာဘဲ။
အင်းတိမ်ချောင်းက ရေလွှဲဆည်ပြီးဆက်စီးလာရင် အောက်ကပုံအတိုင်း ချောင်း ၂မွှာ ဖြစ်သွားပါတယ်။ ဖောင်တော်ဦးဘုရားဒေသစာရီကြွရင် ကရ၀ိတ်ဖောင်တော်က ကျောင်းတော်ကထွက်ပြီး အင်းတိမ်ကိုကြွလာရင် လက်ယာဘက်ချောင်းအတိုင်းဆန်တက်လာပြီးအင်းတိမ်ကနေကျွန်မတို့ရွာကိုကြွလာရင်လက်ဝဲဘက်ချောင်းအတိုင်း ပြန်စုန်ဆင်းလာတာပါ.
ဒီတံတားရဲ့ဘေးတဖက်က ၀ါးရုံတွေရဲ့နောက်မှာ လိမ္မော်ခြံတွေတောက်လျှောက်ရှိတာပေါ့။ ကျွန်မ အလယ်တန်းကျောင်းသူဘ၀တုံးကဆို ကျောင်းပိတ်ရက်ဆိုရင် ဦးလေးတွေ လိမ္မော်ခြံသွားမလားပဲ ချောင်းနေတာ။ သူတို့အိမ်က မော်တော်ထဲကို ပစ္စည်းတွေထည့်သံကြားပြီဆိုတာနဲ့ ကျွန်မကလဲ အင်္ကျီ၊ ဘောင်းဘီ အပိုတစုံယူပြီး မော်တော်ထဲခုန်ဆင်းပြီးလိုက်သွားနေကျ။ ဟိုရောက်ရင် ချောင်းထဲမှာ ၀တ်စုံပြည့် ရေကူးမယ်။ ပြီးရင်ယူသွားတဲ့အ၀တ်ပိုကိုလဲ...သစ်ပင်ရိပ်မှာ အိမ်ကယူသွားတဲ့စာအုပ်ထိုင်ဖတ်၊ ထမင်းစားချိန်ကျရင် အိမ်ကထည့်ပေးလိုက်တဲ့ဟင်းကိုမစားဘဲ ခြံစောင့်မိသားစုရဲ့ဟင်းခွက်ထဲက ငရုတ်စပ်စပ်၊ နနွင်းဝင်းဝင်းနဲ့ချက်လေ့ရှိတဲ့ဟင်းကိုနှိုက်စား၊ ရေနွေးသောက်၊ ခြံထဲမှာ ဟင်းသီးဟင်းရွက်လိုက်ခူး။ ညနေပြန်ရင် ဂေါ်ရခါးသီး၊ သဘောင်္သီး ဖရုံသီး၊ တခုခုတော့ပိုက်ပြန်တာပဲ။ အဲဒီတုံးကဆို ဘယ်လောက်ပေပေတေတေ နေလဲဆိုရင် နောက်သုံးလေးနှစ်ကြာပြီး ကျွန်မဆယ်တန်း ဖြေပြီး (ပဲ စများတတ်ချိန်ဆိုပါတော့) ခြံထဲလိုက်သွားတော့ ခြံစောင့်မိသားစုက ကျွန်မကို အရင်တုံးက သူတို့ခြံထဲ လိုက်လိုက်လာတဲ့ ကောင်မလေးဆိုတာမမှတ်မိဘူး။ အခုတော့လဲခြံထဲကိုမရောက်ဖြစ်တော့ပါဘူး။ အဲဒီတုံးက ကျွန်မနဲ့ရွယ်တူ သူတို့သားသမီးတွေက အခုခလေး ၂ယောက်၊ ၃ယောက်တွေရနေကြပြီဆိုပဲ။
မော်တော်ဆိပ်နားက ထမင်းဆိုင်မှာပဲအိမ်ကထည့်ယူသွားတဲ့ထမင်း၊ ဟင်းတွေနဲ့၊ ဆိုင်ကဟင်းတွေထပ်မှာပြီး စားတယ်။ အဲလောက်တောင် ချောင်ချတဲ့နေရဆိုပြီး အစားအသောက်အတွက်တော့စိတ်မပူနဲ့။ တိုရ်းတွေက နေ့တိုင်းဝင်နေတာ။ ပက်ကေခ်ျ့တိုရ်းတွေကတော့ ဟိုတယ်က စီစဉ်ပြီးကျွေးတာရှိသလို အက်ဖ်အိုင်တီတွေအတွက်လဲ ဗမာဆိုင်၊ တရုတ်ဆိုင်အစုံရှိပါတယ်။ ဟာသတခုပြောနေတာကြားတယ်။ မနေ့က တိုးရစ် စုံတွဲတတွဲလာတာ ဂိုက်လဲမပါဘူးတဲ့။ အီတလီလား၊ ဘာလားလဲမသိ။ အင်္ဂလိပ်စကားလဲ ကောင်းကောင်းမပြောနိုင်ဘူးတဲ့။ အဲဒါဆိုင်ထဲဝင်လာပြီး ဘိုမက ငှက်ပျောသီးအမှည့်အဖီးလိုက် ဆွဲယူစားလိုက်တော့ ဘာပြသနာမှမရှိဘူးပေါ့။ နောက်တယောက်က သူပြောတဲ့ဘိုလို ဆိုင်ရှင်ကနားမလည်၊ ဆိုင်ရှင်ပြောတဲ့ဘိုလိုလဲသူက နားမလည်နဲ့ နောက်ဆုံးအကြော်ဒယ်အိုးနားလာ၊ ခေါက်ဆွဲကိုလက်ညှိုးထိုး၊ ပန်းဂေါ်ဖီနဲ့ ပဲသီးလက်ညှိုးထိုး၊ ကြက်ဥလက်ညှိုးထိုးပြီး လက်၂ဖက်နဲ့ ကြော်တဲ့ပုံ လုပ်ပြမှပဲ အော်ဒါမှာခန်းပြီးတော့တယ်တဲ့။ လက်စသတ်တော့ သူက ခေါက်ဆွဲကြော်ကို အသားမထည့်ပဲကြော်ဖို့ ပြောတာကိုး။
ကျွန်မတို့နေ့လည်စာကတော့ အင်းလေးရောက်တုံးပဲစားရတဲ့ အသားကင်ချက်(အသားကင်ကို ငရုတ်ဆီ၊ ကြက်ဥ၊ ပန်းဂေါ်ဖီနဲ့ကြော်ထားတာ) ၊ တို့ဖူးသုပ် ၊ထမင်းဖြူနဲ့၊ မနေ့ကတောင်ကြီးက၀ယ်လာတဲ့မှိုကို အိမ်ကနေချက်ယူလာတာနဲ့၊ ဆိုင်ကအလကားပေးတဲ့ဟင်းချိုရည်ကျဲနဲ့။
ထမင်းစားပြီး ဟိုဟိုဒီဒီလျှောက်ကြည့်ပြီးပြန်လာတော့ အိမ်ရောက်တော့ နေ့လည်၁နာရီကျော်ပြီ။ နောက်တရက်အိမ်မှာနေပြီး နောက်နေ့ဆို ပြန်ရတော့မယ်။
ထမင်းစားပြီး ဟိုဟိုဒီဒီလျှောက်ကြည့်ပြီးပြန်လာတော့ အိမ်ရောက်တော့ နေ့လည်၁နာရီကျော်ပြီ။ နောက်တရက်အိမ်မှာနေပြီး နောက်နေ့ဆို ပြန်ရတော့မယ်။
ပျော်စရာ စိတ်ကြည်နူးစရာကောင်းလိုက်တာ။
ReplyDeleteရှုခင်းလေးတွေကလဲလှမှလှ။ မျက်စိကို အေးသွားတာဘဲ။
အားတဲ့အချိန် အဲဒီဘက်ကို အလည်လာဦးမယ်။းဝ)
သင်္ကြန်မှာ အထူးပျော်မြူးနိုင်ပါစေ။
မယ်မိုးဦး ရေ .. အင်းတိမ် တွေ့ ရတော့ ငယ်တုံးကရွှေဥဒေါင်းတောင် ဆရာတော် သွားဖူးတာ သတိရသွားတယ်။
ReplyDeleteအောင်ပန်း ကနေ မနက်အစောကြီး ၃နာရီလောက် စထွက် အင်းတိမ်ကို ၈နာရီ ကျော်လောက် ရောက်၊ ရေမိုးချိုးပြီး ဆရာတော်ကြီး ဆွမ်းဘုန်းအမှီ တောင်ပေါ် ရောက်တယ်။ ခြေလျင်လာကြတာလေ။
အပြန်တော့ ကုန်းကြောင်းမပြန်တော့ဘူး။
ဘော်ဆွမ်းတော်အုပ်နဲ့ ကပ်တာ အင်းထဲမှာဘဲရှိတော့မယ်ထင်ရဲ့ 
KKM ရေ လာလည်ဖြစ်အောင်လာလည်နော်။ အပြင်မှာကဓါတ်ပုံထဲမှာထက်အဆပေါင်းများစွာပိုလှတယ်။
ReplyDeleteကိုမင်းခွန်စိုးရေ..
ကောင်းတဲ့အလေ့အထလေးတွေထိန်းသိမ်းနိုင်တာ ဂုဏ်ယူစရာပေါ့နော်။
အဲလိုအချိန်ပေးပြီး နှံ့အောင်သွားချင်တာ သိလား
ReplyDeleteဒီဘလော့ကို သိရလို့ သူမက ၀မ်းသာနေတယ်။ သူမက အင်းသားစစ်စစ်တော့ မဟုတ်ဘူး။ တောင်ကြီးက။ ငယ်ငယ်တုန်းကတော့ အင်းထဲမှာ နေဖူးတယ်။
ReplyDeleteအစ်မမိုးဦးရေ ဒီဘလော့လေးကိုအခုမှလာလည်ဖြစ်တာပါ..။
ReplyDeleteရှမ်းပြည်အကြောင်းလေးရေးထားတာနဲ့ အလိုလိုနေရင်း ခင်မင်မိသွားပြီ..။
တောင်ကြီးပြန်မရောက်ဖြစ်တာတောင်ကြာပေါ့....... ဘယ်သူဘာပြောပြော ရှမ်းပြည်သာအလှဆုံးဗျ။
သတိရလိုက်တာ..
ReplyDeleteသတိရလိုက်တာ
လွန်ခဲ့တဲ့နှစ်ပေါင်း များစွာကာလ..
ဥဒေါင်းတောင်ဆရာတော်လည်းရှိသေးတယ်..
မိုးဦးရေလာလည် မယ်နော်..
အင်းဆူမ..မီးမီး
တောင်ပေါ်သူ အချင်းချင်းတွေ့ရတာ ၀မ်းသာပါတယ်၊
ReplyDeleteအဲဒီလို ရူခင်းတွေကို လွမ်းနေတာကြာပြီ၊