Sunday, March 28, 2010

အိမ်အပြန်-၁

မပြန်ခင်တုံးကလဲ နှစ်လ၊သုံးလလောက် ထဲက ကြိုတင်ပြီး လက်မှတ်ဝယ်ရ၊ လက်ဆောင်တွေဝယ်ရ၊ ကြိုတွေးပြီ စိတ်မောရ၊ ပျော်ရ။ တကယ်တမ်းနေခဲ့ရတာ က စုစုပေါင်းမှ ၁၅ရက်တည်း။ ဒါတောင် ရန်ကုန်မှာ လုပ်စရာကိုင်စရာတွေ လုပ်ဖို့က ၁ပတ် အချိန်ပေးရတော့ ရွာမှာက ၁ပတ်လောက်ပဲနေခဲ့ရတယ်။

ဒီလို ဒီလို အကွေ့အပတ်ပေါင်းများစွာနဲ့ တောင်တက်လမ်းတွေကို ဖြတ်ကျော်ပြီး ဇာတိရွာလေးရဲ့ အပြန်ခရီးကို ရင်ခုန်ပျော်ရွှင်ခဲ့တာပေါ့။


ဒီခရီးကို အခေါက်ပေါင်းများစွာသွားခဲ့ ပြန်ခဲ့လည်း ပတ်ဝန်းကျင်ရှုခင်းတွေက ဘယ်ခါကြည့်ကြည့်မရိုးနိုင်ပါ။ စိုက်ခင်းတွေကဆိုလည်း ကိုယ့်ဒေသက စိုက်ခင်းကပဲ ပိုစိမ်းသယောင်၊ ထင်းရှုးပင်တွေတောင် ကိုယ့်ဒေသမှာပေါက်တဲ့ ထင်းရှုပင်က ပိုလှသလိုပဲ။ အမြင်ကျဉ်းတဲ့ မျက်ကန်းမျိုးချစ်တယောက် တော့မဟုတ်ပါဘူးနော်။ ကိုယ့်မွေးရပ်မြေကိုချစ်ခင် စွဲလမ်းစိတ်ကြောင့်ပဲလို့ ကျွန်မထင်ပါတယ်။

ကိုယ့်ရဲ့ မပြီးဆုံးနိုင်တဲ့ လိုအင်ဆန္ဒတွေကြောင့် ကိုယ်ချစ်တဲ့မြေကို ခွဲခွါ နေရပေမယ့် ဒါဟာ တဘ၀စာလုံးကျောခိုင်းထွက်ခွါခြင်းမဟုတ်။ အခါအခွင့်သင့်တိုင်း အပြေးပြန်လာတတ်တဲ့ကိုယ့်ကို ရှမ်းတောင်တန်းကြီးတွေက အမြဲ ခွင့်လွှတ်ချစ်ခင်နေမယ်လို့ ယုံကြည်နေပါတယ်။


ဒါကတော့ ကားလမ်းဆုံးပြီး ရေလမ်းနဲ့ ခရီးဆက်ရမယ့် လှေဆိပ်လေးပေါ့။ ဒေသခံတွေစီးတဲ့ လိုင်းမော်တော် ဂိတ်တနေရာပေါ့။ (လိုင်းကားဂိတ်လိုမျိုး)။ ဒီကနေပြီးတော့မှ သွားချင်တဲ့ရွာကိုရောက်မယ့် မော်တော်ကိုရွေးစီးရတာပေါ့။

ဒီနေရာကတော့ ခရီးသွားဧည့်သည်တွေ မော်တော်စီးရတဲ့ တနေရာ။

လိုင်းမော်တော်ပဲစီးစီး၊ တိုးရစ်မော်တော်ပဲစီးစီး မော်တော်မောင်းရတဲ့ချောင်းကတော့ အတူတူပါပဲ။


တခုတည်းသော ကုန်စည်စီးဆင်းဖို့လမ်းကြောင်း။ ဒီလိုနဲ့ ခရမ်းချဉ်သီးတွေ၊ လိမ္မော်သီးတွေ၊ ကြက်သွန်ဖြူတွေ၊ ဂေါ်ဖီထုပ်တွေ စတဲ့ကုန်စိမ်းတွေဟာ မြန်မာပြည်အနှံ့ တင်ပို့ကြတာ။

အဲဒီအချိန်မှာ ပူတဲ့နေ၊ မြင်ရတဲ့ရှုခင်း၊ ရေပြင်ကျယ်ကိုဖြတ်တိုက်လာတဲ့ လေအေးအေးလေးတွေကို စတင်ခံစားရပြီပေါ့။ အဲလိုချောင်းလေးအတိုင်း မိနစ်သုံးဆယ်လောက်မောင်းသွားရင်
မျှော်လင့်နေတဲ့ ရေပြင်ကျယ်ကြီး။ ဒါပေမယ့် အင်းအစဆိုတော့ ရေကနဲနဲနောက်သေးတယ်။

နဲနဲလေးဆက်မောင်းလိုက်တာနဲ့ ကြည်လင်တဲ့ရေပြင်..ဟိုးအနားသတ်က တောင်တန်းတွေ.. တိမ်တွေကလဲ ပိုပြီးနိမ့်နိမ့်လေး။ တိမ်တွေက နေကို ကွယ်သွာပြီး လေတဖြူးဖြူးနဲ့...ဟားး.. ရန်ကုန်လေဆိပ်မှာ အရစ်ခံရတာတွေ၊ ဖုန်တလုံးလုံးနဲ့ ချိုင့်ခွက်တွေပါလှတဲ့ကားလမ်းတွေ၊ မီးစက်သံ တညံညံနဲ့ ရန်ကုန်မြို့ရဲ့ မီးပျက်ညတွေ အားလုံး မေ့။


စိတ်ဝင်စာအံသြဖွယ်သမိုင်းကြောင်းရှိခဲ့တဲ့ အင်းလယ်က ဟင်္သာတိုင် ကိုကျော်ပြီးရင်တော့ ကျွန်မတို့ မော်တော်က ကျယ်ပြန့်တဲ့ ရေပြင်ကနေ တဖြည်းဖြည်းဖယ်ခွါပြီး ချောင်းအစွယ်တခုဆီကို ဦးတည်နေပါပြီ။










တ၀က်ကကျွန်မတို့အမျိုးတွေပါ(ကိုလေးဖြူရဲ့ စကားကို ကော်ပီကူးလိုက်တာပါ)















ဟိုးအ၀င်မှာ ရွာအ၀င်လမ်း။ နောက် ဆယ်မိနစ်လောက်ဆို အိမ်ရောက်ပြီ။














ကင်မရာသိမ်းလိုက်ပြီနော်။ ရွာထဲဝင်ပြီ။ တော်ကြာ ကင်မရာတကားကားနဲ့ ဘယ်က တိုးရစ်မှတ်တယ်။ ရွာအနောက်ဘက်ခြမ်းက မယ်မိုး ဖြစ်နေတာကိုးဆို ပြီး အမျိုးတွေ အတင်းပြောခံထိမှာဆိုးလို့။
အိမ်ရောက်တော့မယ်ဟေ့....

7 comments:

  1. ရေးထားပုံလေး သဘောကျတယ်ဗျို့။ ဓါတ်ပုံတွေ ထပ်တင်ပါဦး။ စိတ်ဝင်စားလို့။

    ReplyDelete
  2. ကိုမိုးတိမ်ညိုရေ..ဓါတ်ပုံတွေ ထပ်တင်ထားတယ်နော်။ အားပေးစကားအတွက်ကျေးဇူးတင်ပါတယ်။ အခုလဲ စာအရှည်ကြီးရေးဖြစ်သွားတယ်။

    ReplyDelete
  3. လွမ်းစရာကောင်းလိုက်တာ။
    အင်းရေတွေလည်း နည်းသွားလိုက်တာ။

    ဒါနဲ့ စကားမစပ် ကျနော်အဖိုးက ဟဲယာရွာမ ရှေ့ရပ်ကြီးက. မယ်မီးကဘယ်ရွာကလဲ။

    ReplyDelete
  4. ကိုချမ်းစိုးဝင်းရေ..ကျွန်မလဲ ဟဲယာရွာမကပဲ။ နောက်ရပ်ကြီးရပ်။ တရွာထဲသားတွေလာတွေ့နေတာပဲနော်။ အင်းရေတွေကတော့ အရမ်းကိုနည်းသွားတာ။ နွေမှာဆို ကျွန်မတို့အိမ်ရှေ့အင်းတိမ်ချောင်းထဲမှာ ရေတောင်မရှိသလောက်ပဲ။

    ReplyDelete
  5. ကိုချမ်းစိုးဝင်း...အကို့အဖိုးက ဖိုးဖေ လား။
    ညီမ email က moeoo.may1@gmail.com

    ReplyDelete
  6. ဟုတ်ပါတယ်။ကျနော် ဖိုးဖေ မြေးပါ။ ညီမကို email ပို့ထားတယ်။

    ReplyDelete
  7. အခုမှ..အမျိုးတွေ ပြန်တွေ့ ပြီ....

    ReplyDelete