ဗိုက်လဲပြည့်၊ လူလဲလန်းဆန်းသွားပြီး အချိန်ရသေးတာမို့ လေဆိပ်ထဲက ဆိုင်တွေ လျှောက်ကြည့်ကြပါ တယ်။ အရသာမျိုးစုံနဲ့ ရေညှိချပ်တွေ၊ ရေညှိနဲ့လုပ်ထားတဲ့ သွားရည်စာ၊ ခေါက်ဆွဲခြောက်၊ လက်ဖက်ခြောက်တွေ ၀ယ်ချင်စရာတွေချည်းပဲ။ မိုးဦးရဲ့ Handcarry အိတ်က နေရာဆံ့သေးတာမို့ ရေညှိထုပ် တွေဝယ်လိုက်ကြသေး တယ်။
Schedule အတိုင်း မနက် ၁၀နာရီ ၅၀ လေယာဉ် စထွက်ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၃ပုံ ၂ပုံလောက်က ကိုရီးယားလူမျိုးတွေပါ။ ပုံစံကြည့်ရတာ ကိုရီးယားကနေ သွားလည်တဲ့လူတွေထက် အမေရိကားကနေ ကိုရီးယား လာလည်ပြီးပြန်တဲ့လူတွေ ပိုများတယ်ထင်တာပဲ။ မိုးဦးငယ်ငယ်တုံးက ခရီးသွားရင် ကားပဲစီးစီး၊ ရထားပဲစီးစီး အရမ်းမူးတတ်တဲ့သူပေမယ့် လေယာဉ်ဆိုတာတော့ စစီးဖူးထဲက တခါမှ မူးတယ် ဆိုတာမရှိဖူးဘူး။ သနားစရာလေးနော်။ မူးမှာကိုမကြောက်ပေမယ့် ၁၂နာရီကျော်လောက် လေယာဉ်ပေါ် မှာပဲအချိန်ကုန်ရမှာ၊ ဟိုရောက်ရင်လဲ ချီကာဂိုထဲဆက်တိုက်လည်မှာဆိုတော့ အားရှိအောင် စားလို့ရသမျှ အကုန်စားမယ်၊ အိပ်လို့ရသလောက် အိပ်မယ်လို့ စဉ်းစားထားတယ်။
ဘာမှ မလုပ်ရဘဲ ဒီတိုင်း ထိုင်နေရတာလဲ ဗိုက်ကဆာတာပဲ။ လေယာဉ်မယ်လေးတွေလာကျွေးတဲ့ ပျားရည်လူး မြေပဲ စားရင်း အအေးသောက်ရင်း နေ့လည်စာ လာကျွေးမယ့်အချိန်ကိုလည်ပင်း ရှည်ပြီး မျှော်နေရင်း ကိုရီးယားလေကြောင်းဆိုတော့ မြေကြီးလက်ခတ်မလွဲ ဘီဘင်ဘတ်တော့ ကျွေးမှာ သေချာတယ်။ ငါစားချင်တာနဲ့ကွက်တိ ပေါ့။ လွဲချင်တော့ အဲ လေယာဉ်မယ်လေး တွေပေါ့။ အင်္ဂလိပ်လိုကို ဘယ်လိုပြောလိုက်သလဲမသိပါဘူး။ ကိုယ်နားလည် လိုက်တာက ဘီဘင်ဘတ်ကို အမဲသားနဲ့ ကြက်သားနဲ့ရမယ်ပေါ့။ မိုးဦးတို့ညံ့ချက်။ နားထောင်တာကလဲ လျှမ်း၊ ကိုရီးယားတွေ ဘီဘင်ဘတ် ကို အမဲသားပဲ လုပ်လေ့ရှိတယ်ဆိုတာလဲ သတိမထားလိုက် မိတဲ့မိုးဦး ကြက်သားလို့ ဖြေလိုက်တာ ကိုယ့်ရှေ့ အစားအသောက်ဗန်းရတော့မှ လွဲတယ်ဆိုတာသိလိုက်တယ်။ သူတို့က အနောက်တိုင်းစာ ကြက်သား၊ အမဲသား ဘာစားမလဲ။ ကိုရီးယား ဘီဘင်ဘတ်လဲ ပါပါတယ် လို့ပြောတာကိုး။ ညီမလေးကတော့ ပိုင်တယ်။ သူကတော့ အမဲသား၊ ကြက်သားဂရုမစိုက်၊ ဘီဘင်ဘတ်မှ ဘီဘင်ဘတ် ပဲပြောလိုက်တော့ သူကတော့ ကွက်တိ။ အဲဒါနဲ့ ပြန်လဲ မလဲခိုင်းချင်တော့တာနဲ့ ကိုယ်ရတဲ့ ပျစ်ချွဲချွဲ အီတီတီအနှစ် တွေဆန်းထားတဲ့ ကြက်သားပြုတ်နဲ့ အသီးအရွက်တွေကိုပဲ ကျန်းမာရေးနဲ့ ညီညွန်ပါတယ်၊ ဗိုက်နာမှာ စိုးရိပ်စရာမလိုတော့ဘူးပေါ့လို့ အသင့်အတင့် နှလုံးသွင်းပြီး စားလိုက်ရပါတယ်။ ညီမလေးဆီက မြည်းကြည့်တာ စားလို့ကောင်းတယ်။
စိတ်ရှိတိုင်း စားခွင့်မကြုံလိုက်တဲ့ Inflight Bibimbap
စားပီးတော့အိပ်ပေါ့။ အိပ်ပြီးတော့ရော။ စားစရာထပ်မျှော်ပေါ့။ အဲ လေယာဉ်မယ်ညီမလှလှ လေးတွေက အဆာပြေစားစရာ ကိတ်မုန့်လေးတွေ၊ ရေညှိပတ် ထမင်းသုံးမြောင့်ထုပ်လေးတွေကို ဗန်းထဲထည့်ပြီး နေ့လည်စာနဲ့ ညစာစားချိန်ကြား လူတွေ ဆာလောက်တဲ့အချိန်ကျရင် လိုက်ကျွေးပေမယ့် ခရီးသည်တွေကို မေးတာလဲမြန် လမ်းလျှောက်တာလဲ မြန်ဆိုတော့ ပထမအခေါက်မှာ အိပ်ချင်မူးတူးနဲ့ လှမ်းခေါ်တာ မမီလိုက်ဘူး။ ဘာရမလဲ နောက်တခေါက်ပြန်လှည့်လာတော့ ကိုယ့်ခုံမှာ အသင့်အနေအထားနဲ့ စောင့်နေမှပဲ စားချင်တာ စားရတော့တယ်။ မိုးဦးရဲ့ အစာအိမ်က အချဉ်၊ အစပ်နဲ့ အေးစက်စက် ဟာတွေဆို သိပ်စားလို့ မရတဲ့လူဆိုတော့ ရေညှိထမင်းထုပ်ကိုတော့ မစားရဲဘူး။ ဒါပေမယ့် ကြိမ်းဝါးထားတယ်။ နောက်တနပ်ကျွေးရင် ဘီဘင်ဘတ်မှ ဘီဘင်ဘတ်ပဲလို့ ရွတ်နေပါတယ်။ ဒါပေမယ့် ထပ်လွဲပါတယ်။ ညစာကျတော့ ရှမ်းခေါက်ဆွဲဖတ်လို ခေါက်ဆွဲအေးစက်စက်တွေထဲကို သွားတိုက်ဆေးတောင့်လို အတောင့်ထဲက ငရုတ်သီးအနှစ် တွေညှစ်ထည့်စားရတဲ့ ကိုရီးယား ရိုးရာ ခေါက်ဆွဲ နောက်တမျိုး နဲ့ နောက်တမျိုးက ထုံးစံအတိုင်း အသား၊ အသီးအရွက်ပြုတ်နဲ့ အာလူးပြုတ်။ :(- ညီမလေးစားနေတဲ့ အေးစပ်စပ် ခေါက်ဆွဲကိုကြည့်ပြီး ဗိုက်နာမှာစိုးလို့ မစားရဲတော့ အနောက်တိုင်းဆန်သူကြီးလုပ်ရပြန်ပါတယ်။ အခုပိုစ့်ကို ရိုက်ရင်းနဲ့မှစဉ်းစားမိတယ်။ ငါဘာလို့များအဲအချိန်မှာတုံးက လေယာဉ်မယ်လေးကို မမေးမိပါလိမ့်လို့။ ဘီဘင်ဘတ် တဗူးလောက်များကျန်သေးရင်ငါ့ကိုကျွေးပါလားဟယ်လို့။ :)
နောက်တနပ်ထပ်စားပြီး နောက်ဘယ်နှစ်နာရီ ထပ်အိပ်ရအုံးမလဲ တွက်ပြီး ထပ်အိပ်ပါတယ်။ တရေးနိုးရင် အဆာပြေမုန့်ထပ်တောင်းစားပါတယ်။ ထပ်အိပ်ပါတယ်။ လေယာဉ်ဘေး ပြတင်းပေါက်တွေလဲ ပိတ်ထားတော့ ညဘက်အိပ်ရတဲ့အတိုင်းပဲ။ အဲဒါနဲ့ လေယာဉ်မယ်မမများက သင့်တော်တဲ့အချိန်ကျလို့ ပြတင်းပေါက်တွေလဲလိုက်ဖွင့်လိုက်ရော မိုးကြီး ထိန်ထိန်လင်းနေပါရော။ အဲဒါနဲ့ မနက်စာ ထပ်စားရပြန်ရော။ ခဏနေကျရင် ချီကာဂို အိုဟဲ လေဆိပ်ကို ဆင်းတော့မယ်လေ။ ဆိုလ်းကထွက်လာတာ သြဂုတ် (၅)ရက် မနက် ၁၀နာရီ၅၀၊ ခု ချီကာဂိုရောက်တော့ လဲ သြဂုတ် (၅)ရက် မနက် ၉နာရီခွဲ။ အရှေ့နဲ့အနောက် အချိန်ကွာခြားချက်ကြားမှာ မိုးဦးတို့ တရက်နောက်ပြန်ရောက်သွားတာလား၊ တရက်ပိုနေလိုက်ရတယ် ပြောမလား။
ချီကာဂိုလေဆိပ်ဆင်းတော့ စိတ်ကတော်တော်အေးသွားပီ။ ငါတို့တော့ အမေရိကားမြေကို နင်းပြီပေါ့။ ဒါပေမယ့် စိုးရိမ်စိတ်ကတော့ ရှိပါသေးတယ်။ အနီရောင်ပတ်စ်ပို့လေးကိုင်ပြီး ကိုယ့် နိုင်ငံထက် ခေတ်မှီတိုးတက်တဲ့ နိုင်ငံတွေကို ယောင်လည်လည်သွားရတဲ့ လူတွေ တော်တော်များ များ ရဲ့ ခံစားချက်လို့ထင်ပါတယ်။ အကုန်လုံးတော့ အဲလိုခံစားရလိမ့်မယ်လို့ မဆိုလိုပါဘူး။ ကိုယ့်ဟာကို ယုံကြည်ချက်အပြည့်နဲ့ သွားနိုင်တဲ့လူတွေလဲ အများကြီးရှိမှာပါ။
စိုးရိမ်ကာမှ စိုးရိမ်ရော။ လောလောဆယ် လူကို သပ်သပ်ရပ်ရပ် ကြည့်ပျော်ရှုပျော်ကလဲ လုပ်ချင်သေးတယ်။ တောက်လျှောက်ကြီး လိန်ပိန်အိပ်လာတာ လူက ဘယ်မှာလာ သပ်ရပ်တော့မလဲ။ အဲဒါနဲ့ Immigration မ၀င်သေးဘဲ သန့်စင်ခန်းအရင်ဝင် မျက်နှာသစ်၊ သွားတိုက်၊ အပိုယူသွားတဲ့ အ၀တ် တစုံကိုတောင် ထုတ်လဲလိုက်သေးတယ်။ ပြီးတော့မှ Immigration Counter မှာဝင်တန်းစီပါတယ်။ အဲမှာလဲ မျက်နှာငယ်တယ်လို့ခံစားရပါတယ်။ ကောင်တာထိုင်နေတဲ့အရာရှိကညီမလေးရဲ့ပတ်စ်ပို့ကို သေချာကြည့်ပြီး ကို ၀င်ခွင့်ထုပေး ဖို့ပြင်နေပါပြီ။ အဲအချိန်မှာ သူ့ထက်စီနီယာကျတယ်ထင်ရတဲ့ တခြားအရာရှိတယောက် က ရောက်လာပြီး မေးခွန်းတွေထပ်မေးပါတယ်။ ဘယ်လောက်နေမှာလဲ။ ညီမလေးကလဲ ရိုးသားစွာ (၂)လနေမယ်ပေါ့။ အဲတော့မှ အရာရှိက နင်တို့အခမ်းအနားတက်ဖို့လာတယ်ဆိုရင် ၁ပတ်လောက်နဲ့ လုံလောက်တာ (၂)လ နေဖို့လိုလို့လား စသဖြင့်ပေါ့။ ညီမကလဲ စွာပါတယ်။ ငါတို့က အခမ်းအနားကို ကူလုပ် ပေးဖို့လာတာဆိုပေမယ့် ဒီလောက်ခရီးအဝေးကြီးလာပြီးမှတော့ တခြားနေရာတွေပါ လည်ပြီးမှ ပြန်မှာပေါ့လို့ ပြန်ပြောလိုက်ပါတယ်။ မိုးဦးကလဲ စဉ်းစားထားပါတယ်။ ငါ့ကို ရစ်ရင်ငါလဲ ပြန်တော့ ပြောမှာပဲလို့။ နောက်ဆုံး တုံးမထုပေးရင်တောင်ဒီတိုင်း တော့မခံဘူး။ သူ့ထက်ကြီးတဲ့ Officer နဲ့ တွေ့ခွင့်ရအောင်တွေ့ပြီးပြောမယ်လို့။ ပြီးတော့ ဖိတ်စာ ပို့ထားတဲ့ ဘဘရဲ့ ဖုန်းနံပါတ်ကိုလဲ အဆင်သင့် ရှာထားတယ်။ ငါတို့လဲ ဘာအမှားမှမလုပ်ဘူး၊ သူတို့ Procedure တွေအတိုင်း လိုက်လုပ်ထားလို့ပဲ visa တောင်ရပြီ။ အားနည်းတဲ့လူကို တမင်နှိမ်ချင်တဲ့ပုံစံဆိုတော့ တကယ်ကို မခံချင် ဖြစ်မိတယ်။ နောက်ဆုံးတော့ ညီမလေးရဲ့စာအုပ်ကိုလဲတုံးထု၊ မိုးဦးအလှည့်ကျတော့လဲ ဘာမှမမေးတော့ဘဲ တုံးထုပေးလိုက်ပါတယ်။ ၆လတော့ နေထိုင်ခွင့်တုံးထုပေးလိုက်ပေမယ့် အဲဒီအချိန်မှာ မိုးဦးစိတ်ကတော့ အတော့ကို တိုပါတယ်။ ခုထိ နားမလည်နိုင်သေးတာက အဲလို အပြင်က မတ်တတ်ရပ်ပြီး ဆရာလာလုပ်တဲ့ အရာရှိက တကယ်ပဲ သူ့တာဝန်ဘောင်အတွင်းကလုပ်တာလား၊ ဒါမှမဟုတ် မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေက လာတဲ့ကိုယ်တွေကိုပဲ တမင်နှိပ်ကွပ်တာလား ဆိုတာပဲ။ ခရီးစဉ်တလျှောက် လုံး သူ့တယောက်ပဲ အဲလို ဆက်ဆံတာ ကြုံဖူးတယ်။
Immigration ကထွက်လာပြီး လက်ဆွဲအိတ်တွေရွေးပြီးတော့ X-ray စက် တခါထပ်ဖြတ်ရပါတယ်။ အကောက်ခွန်မမ က နင့်အိတ်ထဲမှာ အပင်တွေ၊ အရွက်တွေ၊ စားစရာတွေပါလားတဲ့။ မိုးဦးလဲ မုသားမပါပဲ ဖြေလိုက်တယ်။ ကိုရီးယားက၀ယ်လာတဲ့ ရေညှိတွေတော့ပါတယ်လို့။ :). တကယ်က အိတ် တအိတ်ထဲမှာ လက်ဖက်တွေ၊ ငါးခြောက်တွေအပြည့်ပါ။ မပါဘူးလို့ဖြေတာမှမဟုတ်တာ။ သယ်လာတာကို အကုန်မပြောတာပဲရှိတာ။ ဖြည်ကြည့်နေရင် လွှင့်ပစ် ခံရတာမခံရတာ အသာထား။ အချိန်ကကြာအုံးမှာ။ သူတို့က အသားစိမ်းတို့၊ မျိုးစေ့တို့ အပင်တို့သာ အ၀င်မခံတာပါ။ အခြောက်အခြမ်းတွေတော့ သယ်လို့ ရတယ်လို့ နောက်တော့ သိရပါတယ်။
အထုပ်တွေဆွဲလို့ အပြင်ကိုထွက်ရင်း နောက်တခါ ဘာများလွဲအုံးမလဲလို့ တွေးနေမိပါတယ်။ မလွဲတော့ပါဘူး။ လာကြိုတဲ့ အကိုတွေကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ပါတယ်။ အကိုတွေကလဲ အမြော်အမြင်ကြီးပါတယ်။ ဗိုက်ဆာလာမှာပဲဆိုပြီး မက်ဒေါ်နယ်တွေ အသင့်ဝယ်ထားတော့ မိုးဦးတို့လဲ ခုနက Immigration Officer အကြောင်းကို ရယ်ပွဲဖွဲ့ပြောနိုင်ပြီပေါ့။