Saturday, April 25, 2015

အမေရိကားခရီးစဉ် - ၂

တကယ်သွားတော့မှာ



လေယာဉ်လက်မှတ်
ဗီဇာရတာသေချာပြီဆိုတော့မှ လေယာဉ်လက်မှတ်ဝယ်ဖို့ စီစဉ်ရတယ်။  မိုးဦးတို့ သွားမယ့် ၂ယောက်က ဘယ်လေကြောင်းလိုင်းရယ်လို့မဟုတ်၊ ဈေးသက်သာတာနဲ့ သွားချင်တယ်။ ရန်ကုန်ကနေ တနေရာမှာ transit လုပ်ပြီး ချီကာဂိုလေဆိပ်ရောက်ရင်ပြီးရော။ မိုးဦးတို့နေရမယ့်နေရာက ချီကာဂိုနဲ့ မိုင် (၂၀၀)လောက်ဝေးတဲ့ Springfield မြို့လေးပါ။  လေယာဉ်ပြောင်းစီးမယ်ဆိုရင် မိနစ် (၃၀)လောက်၊ ကားနဲ့သွားမယ်ဆို (၃)နာရီခွဲလောက်မောင်းရမယ့်ခရီးကို မိုးဦးတို့ကိုတော့ ချီကာဂိုမှာပဲ ကားနဲ့လာကြိုမှာပါ။  ဖြစ်ချင်တော့ကိုယ်သွားဖို့ ရည်ရွယ်ထားတဲ့ သြဂုတ်၊ စက်တင်ဘာလက အမေရိကန်ကျောင်းတွေရဲ့နွေရာသီကျောင်းပိတ်ချိန်နဲ့ တိုက်နေတော့ လေယာဉ်လက်မှတ်တွေက တခြားအချိန်ထက် ပိုဈေးကြီးနေတယ်။  နောက်ဆုံးရွေးစရာ ၂ခုက Qatar Airline က US$ 2000ပတ်ဝန်းကျင် ၊ transit စောင့်ရမှာ ၁ညကြာမှာမို့ လေဆိပ်ဟိုတယ်မှာနားဖို့အတွက် ပါပါပြီးသား၊ Korea Airline က US$2600 လောက် အင်ချွန်းလေဆိပ်မှာ transit က ၄နာရီလောက်ပဲစောင့်ရမယ်။  မိုးဦးတို့က ဒေါ်လာ ၆၀၀လောက်သက်သာမယ် ပြီးတော့ CNA မှာကြော်ငြာပါနေကျ Qatar Airline ကိုစီးချင်တာ။ လူကြီးတွေက အကြမ်းဖက်သမားတွေ စိတ်ပူလို့ အနောက်ဘက်ကလှည့်သွားတာထက် အရှေ့ဘက်ကသွားစေချင်တယ်။  ဒီတခါတော့ကိုယ့်ဆန္ဒထက် သူများဆန္ဒကို ဦးစားပေးစဉ်းစားဖြစ်တယ်။  အကြမ်းဖက်မှုဆိုတာ ကိုယ်နဲ့ တဲ့တဲ့တိုးချင်လဲတိုးမယ် မတိုးချင်လဲမတိုးဘူး။  ဒါပေမယ့် တကယ်လို့ ကိုယ်ရွေးချယ်ခဲ့တဲ့ခရီးစဉ်မှာ တခုခုဖြစ်သွားရင် ခါတိုင်းလိုကိုယ်တယောက်ထဲမဟုတ်ဘဲ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်မှာပါ ရိုက်ခတ်မှာ မလိုလားတာနဲ့ Korea AirLine ကိုပဲရွေးလိုက်ပါတယ်။

Korea AirLineက ရန်ကုန်ကနေပြီး ည ၁၁နာရီခွဲထွက်ပြီး အင်ချွန်းလေဆိပ်ကို မနက် ၇နာရီခွဲလောက်ရောက်မှာပါ။  အင်ချွန်းကနေ မနက် ၁၁နာရီလောက်မှာပြန်ထွက်ပြီး ချီကာဂို O'hare လေဆိပ်ကို နောက်မနက် ကိုးနာရီခွဲ လောက်ရောက်မယ်ဆိုတော့ ဟိုဘက်မှာလာကြိုရမယ့်လူတွေ အတွက်အချိန်လည်းအဆင်ပြေတယ် ။   အဲဒီတုံးကတော့ ချီကာဂို အိုဟဲလေဆိပ်ဆိုတာ ကိုယ်အမေရိကားမှာ ဘယ်သွားသွား ၀င်စို့ ထွက်စို့ လုပ်ရမယ့် လေဆိပ်မှန်းမသိခဲ့ပါဘူး။  နောက်တော့ အိုဟဲလေဆိပ်ထဲမှာ ပြေးလိုက်လွှားလိုက်ရတာ မိုးဦးတို့မှာ ချန်ဂီလေဆိပ်နီးပါး အကျွမ်းတ၀င်ဖြစ်သွား တယ်။

အထုပ်ပြင်ပြီ
ခရီးသွားရမယ်ဆိုရင် ရှေ့ဆုံးကဖြစ်နေတဲ့ မိုးဦးတယောက် သွားရက်မယ့်ရက်နီးလာလေတက်ကြွလေပဲ။  Luggage ကလဲ တယောက် ကီလို (၅၀)ရတာဆိုတော့ အကြိုက်ထည့်လို့ရလို့ မိုးဦးကတော့ မီးပူရော၊ ဒရိုင်ရာရော အစုံထည့်တာပဲ။  ဟိုကလူတွေရီရောပဲ။  တခုပဲလိုသွားတာက ဟိုမှာ တွေ့မယ်လူတွေ၊ လိုက်ပို့ပေးမယ့်လူတွေ တော် တော်များများကို ကြိုမသိထားတော့ သူတို့အတွက် လက်ဆောင်လောက်ငှအောင် သယ်မသွားမိတာပဲ။  ဟိုမှာ မိုးဦးတို့နဲ့တွေ့တဲ့လူတိုင်း မြန်မာပြည်က ချည်ထည်ပုဆိုး၊ အချိတ်လုံချည်လေးတွေဆို တန်ဖိုးထားကြတာတွေ့တော့ များများမသယ်သွား မိတာ နောင်တရမိတယ်။ 

မိုးဦးတို့ သွားတဲ့ရည်ရွယ်ချက်က လုပ်အားပေး အတွက်ဆိုတော့ ရိပ်သာမှာနေရမယ်၊ သွားရင်လဲ ရိပ်သာအစီအစဉ်နဲ့သွားရမယ်ဆိုတော့ ဈေးဝယ်ဖို့ အဆင်ပြေချင် မှ ပြေမှာဆိုပြီး ၂လစာ အ၀တ်အစားတွေ၊အသုံးအဆောင်တွေအကုန်ယူသွားတာ။ထွက်လည်ရင်ဝတ်ဖို့ ပေါ့ပေါ့ပါးပါးအ၀တ်အစားတွေ၊ မြန်မာဝတ်စုံဝတ်ဖို့လိုအပ်တဲ့နေရာတွေအတွက်   မြန်မာဝတ်စုံနဲ့ Luggage ကြီးတလုံး။  မြန်မာဝတ်စုံတွေက ကိုယ်လဲဝတ်ဖြစ်၊ အသစ်တွေဆို လက်ဆောင်လဲပေးဖြစ်၊ တချို့ဝတ်ပြီးသားပေမယ့် ရင်းနှီးသွားတော့ ဘာပဲဖြစ်ဖြစ် ယူမယ်ဆိုပြီး ယူတဲ့လူတွေနဲ့ဆိုတော့ သယ်သွားရတာတန်ပါတယ်။  တခြားဘောင်းဘီတွေ အင်္ကျိတွေက တကယ်ဆို ၁စုံ ၂စုံပဲယူသွားရင်တောင်ရတယ်။  ဟိုရောက်မှ ၀ယ်ဝတ်တာ ပိုအဆင်ပြေတယ်။  ၀ယ်မယ့်တူတူ။  မဟုတ်ရင် ပြန်ရင် ဒီကယူသွားတဲ့အ၀တ်တွေလဲပြန်သယ်ချင်၊ ဟိုက၀ယ်တာတွေလဲ ပါအောင်သယ်ရမယ်။  အပြန် ကီလို (၅၀) မလောက်ဘူး။  ဒါတောင် shopping လုပ်ဖို့ ရည်ရွယ်ချက် မပါဘဲသွားလိုက်တာ။ 

မိုးဦးရဲ့ Size က စင်္ကာပူမှာဆို ဘယ်တံဆိပ်က ဘာ Size ဆိုတာသိပြီးသား၊ ဒီရောက်တော့ သူတို့ cutting တွေကအကြီးကြီးတွေဆိုတော့ ကိုယ်နဲ့တော်မယ့်ဟာတော့ တော်တော် ၀တ်ကြည့်ရတယ်။ အထူးသဖြင့် ဘောင်းဘီဆို ခါးကတော်ရင် ပေါင်ကပွသလိုလို၊ ပေါင်ကတော်ရင် ခါးကပဲချောင်သလိုလို တထည်ပြီးထတည်စမ်းဝတ်ကြည့်ပြီး အဆင်ပြေတဲ့ size ရသွားရင်တော့ တော်တော်ဝတ်လို့ကောင်းတယ်။  Levis တွေဆိုတန်မှတန်၊  တထည်ကို ဒေါ်လာ ၄၀၊ ၅၀။  အ၀တ်အစားဖက်ရှင်ကို သိပ်စိတ်မ၀င်စားတဲ့လူမို့ size တွေနဲ့ပတ်သက်ပြီး ဗဟုသုတမရှိဘူး။  မတူတဲ့ဆိုက် လေးငါးထည်လောက်ဆွဲချသွားပြီး သွားဝတ်ကြည့်ရင်တောင် ကွက်တိမကျ၊ တခါတလေ ခုနှစ်ထည် ရှစ်ထည်လောက်ဝတ်ကြည့်မှ ကိုယ်နဲ့တော်တဲ့ size ရတယ်။ လက်ကိုင်အိတ်၊ ဖိနပ် စတာတွေကတော့ size သိပ်စကားပြောစရာမလိုတော့ အဲလို ဒုက္ခသိပ်မများ။     

အကျဉ်းချုပ်ရရင်တော့ အားလုံးသိတဲ့အတိုင်း Brand ချင်းတူရင် မြန်မာပြည်မှာထက် စင်္ကာပူမှာဝယ်လို့ ပိုကောင်းတယ်။ ဈေးပိုပေါတယ်၊ ရွေးချယ်ဖို့ပိုများတယ်။ Discount ချတာလဲပိုများတယ်။ စင်္ကာပူမှာထက် အမေရိကားက ပို၍ ပို၍ ဈေးသက်သာပြီး ၀ယ်ချင်စရာကောင်းတယ်။  စင်္ကာပူ အောချတ်က  shopping mall တွေမှာ တခမ်းတနား showcase လုပ်ထားတဲ့ Brand တွေ၊ အမေရိကားမှာ တော့ သာမန်ပဲ display လုပ်ထားတာ။  ရာသီအကူးအပြောင်းမှာ Brand အကောင်းတွေကိုအလကားနီးပါးဈေးနဲ့ရောင်းတာ ကိုယ်တွေ့သိလိုက်ရတယ်။ မူရင်းဈေး ဒေါ်လာ ၂၉၀လောက်ရှိတဲ့ Ralph Lauren ဂျက်ကက်တထည်ကို ဒေါ်လာ ၃၀နဲ့ ၀ယ်လိုက်ပြီးထဲက မိုးဦးတယောက် shopping သွားရင်  SALE ဆိုတဲ့စာလုံးကိုသာရှာတော့တယ်။  အထုပ်ပြင်နေရင်းနဲ့ ချောတော ငေါ့သွားပြန်ပြီ။ မိုးဦး သင်ခန်းစာရသွား တာတော့ နောက်တခါများ အမေရိကားသွားလည်ဖြစ်မယ်ဆိုရင် လက်ဆောင်ပေးဖို့ ဟိုကလူတွေ အသုံးဝင်မယ့်ပစ္စည်းလေးတွေရယ်၊ ရာသီဥတုအလိုက် ဟိုရာက်ရောက်ချင်းဝတ်မယ့် ၀တ်စုံ၂စုံ လောက်ရယ်၊ မြန်မာဝတ်စုံဝတ်ဖို့လိုမယ်ဆိုရင် မြန်မာဝတ်စုံလေးတွေရယ်ပဲသယ်သွားတော့မယ်။  အိတ်ချောင်ရင်လဲ ချောင်ပါစေ။  အဲဒါမှ ဟိုကပြန်လာရင် ဟိုဟာလဲ မချန်ချင်၊ ဒီဟာလဲမချန်ချင် အကုန်သယ်ချင်ပြီး ပေါင်ပိုပေးရတဲ့ ဒုက္ခကလွတ်မှာ။ 

မိုးဦးက Luggage အသေးတလုံး၊ အကြီးတလုံးကို check-in လုပ်ပါတယ်။  Transit နဲ့သွားရတဲ့ ခရီးရှည်သိပ်သွားနေကျမဟုတ်ပေမယ့် သူများ ခရီးသွားအတွေ့အကြုံ ထားတာတွေကိုဖတ်ထား တာ တော်တော် အထောက်အကူရတယ်။ Handcarry အိတ်ထဲမှာ လိုလိုမယ်မယ် အ၀တ်အစား အပိုတစုံ၊ အနွေးထည်ပါးပါးတထည်၊  ရှောစောင်တထည်၊ သုံးနေကျ Skin care ပစ္စည်း ဗူးသေးလေး တွေထည့်ထားတဲ့ အိတ်သေးလေး၊ လိုလိုမယ်မယ်ဆောင်ထားနေကျ ဗိုက်နာ ခေါင်းကိုက်ပျောက် ဗမာ ဆေး၊ အင်္ဂလိပ်ဆေးနဲ့ ဗိုက်ဆာလာရင် သည်းမခံတတ်သူဆိုတော့  အဆာပြေစားစရာအထုပ်လေးတွေ၊ ဖုန်းcharger နဲ့ ကွန်ပျူတာ စတာတွေထည့်ပါတယ်။  Transit ဆိုလို့ အမေရိကားခရီးစဉ်မတိုင်ခင် မေလမှာ အင်ဒိုနီးရှားသွားတော့ စင်္ကာပူလေကြောင်းလိုင်းစီးလို့ ချန်ဂီလေဆိပ်မှာ transit လုပ်ဖူးတဲ့အတွေ့အကြုံပဲရှိတယ်။  ချန်ဂီလေဆိပ်ကျတော့လဲ ကိုယ်တို့ဗမာတွေအတွက် အကျွမ်းတ၀င်ရှိနေတာဆိုတော့ ထူးထူးခြားခြား မဖြစ်မိဘူး။  အခု ခရီးစဉ်ကျတော့မှ မရောက်ဘူးတဲ့ လေဆိပ်ကနေ Transit လုပ်ရမှာဆိုတော့ နဲနဲတော့ စိုးရိမ်မိတယ်။  ဒါပေမယ့် ဒီဘက်လေယာဉ်ဆိုက်ပြီး ဟိုဘက်လေယာဉ်ထွက်ဖို့  ၃နာရီခွဲလောက် အချိန်ရသေးတာဆိုတော့ တခုခုလွဲမယ်ဆိုလဲ ပြင်ဖို့အချိန်ရသေးတယ်တွက်ရတာပဲ။  :)

Cheik in လုပ်တော့ ကိုယ့်ဟာကို  ထွက်ချင်တဲ့အချိန်ထွက်၊ ထိုင်ချင်တဲ့အချိန်ဝင်ထိုင်လို့ရအောင် Aisle seat ပဲတောက်လျှောက်ရအောင် တောင်းလိုက်တယ်။   မဟုတ်ရင်ကိုယ် အပေါ့အပါးသွားချင်လို့ထွက်ချင် ရင်တောင် လျှောက်လမ်းဘက်မှာထိုင်နေတဲ့လူ အိပ်ငိုက်နေလား အရိပ်အခြည်ကြည့်နေ ရမှာ။  လေယာဉ်ပေါ်မှာ မှတ်မှတ်ရရ ရှိတာကတော့ လုံးဝပြုံးယောင်မပြဘဲ ၀န်ဆောင်မှုပေးတဲ့ လေယာဉ်မောင်ဦးလေးကြီးပါ။  စူပုပ်နေတာမဟုတ်ပေမယ့် ရုပ်ကို အဲလိုတည်နေအောင် ဘယ်လိုများ ကျင့်ထားလဲမသိပါဘူး။  အင်ချွန်းလေဆိပ်ရောက်တော့ ဖဘမှာ ပိုစ့်တင်လိုက်သေးတယ်။ အိမ်ကအာဂျီးမားနဲ့များ ရန်ဖြစ်ထားသလား အာဂျားရှိရယ်လို့။

 အဲလောက်ခရီးရှည်ကြီးတခါမှ မသွားဖူးတော့ ခရီးပန်းပြီး  Jet Lag ရမှာစိုးပြီး အိပ်ပျော်အောင်အိပ်လိုက်တာ တရေးပဲ။  လေယာဉ်မယ်လေးတွေ ဘေးက တံခါးကို ဖွင့်လို့ နိုးလာချိန်မှာ လင်းချင်းနေပြီ။  ကိုရီးယားစံတော်ချိန်က မြန်မာစံတော်ချိန်ထက် ၂နာရီခွဲစောတာမို့ မိုးဦးတို့တွေက မနက်သုံးနာရီခွဲလို့ ခံစားရချိန်မှာ သူတို့အချိန်အတိုင်းဆို မနက်ခြောက်နာရီ ရှိပြီလေ။  ထူးမခြားနား လေယာဉ်မနက်စာကျွေးပြီး (မျှော်လင့်ထားသလို ကိုရီးယားစာမကျွေးပါ)။ ခဏနေတော့ ခုနှစ်နာရီခွဲလောက်မှာ အင်ချွန်းလေဆိပ်ကို  ရောက်ပါပြီ။  Transit လို့ပြထားတဲ့ မျှားအတိုင်းလိုက်၊ သတ်မှတ်ထားတဲ့ဂိတ်မှာ Security Check in လုပ်ရပါတယ်။  

Security ကထွက်လာပြီး နောက်ထပ်စီးရမယ့် ဂိတ်ကို လိုက်ရှာပါတယ်။  ဂိတ်တွေ့တော့မှ ငါတို့တော့ US သွားမယ့် လေယာဉ်နဲ့တော့ မလွဲနိုင် တော့ပါဘူးဆိုပြီး အထုတ်ချ အင်တာနက်သုံး၊  ပြီးတော့အိပ်ငိုက်။ ဟိုငေးဒီငေး။

 ထိုင်ခုံနားက ကော်ဖီဆိုင်
 ဘေးမှာ ခလေးကစားကွင်းလေး။
 
 နောက်တဆိုင်က အရက်ပုလင်း။



ခဏနေတော့ဗိုက်ဆာလာတာနဲ့ ကိုယ့် Hand carry လေးကိုယ်ဆွဲပြီး စားစရာလိုက်ရှာတော့ တွေ့ပါပြီ စားချင်လှတဲ့ကိုရီးယားစာစစ်စစ်။  မိတ်အင် မြန်မာ ကိုရီးယားစာ တို့ မိတ်အင် စင်္ကာပူ ကိုရီးယားစာတို့ မဟုတ်။ ကိုရီးယားမြေမှာ စားရတဲ့ ကိုရီယားစာစစ်စစ်။

 ဒါကမိုးဦးစားတဲ့ ကင်ချီထမင်းကြော်နဲ့ တွဲပေးတဲ့ ဟင်းချိုရည်နဲ့ မုန်လာဥဖြူ ဆားစိမ်။  အရသာက မျှော်လင့်ထားတဲ့အတိုင်း စိတ်ကျေနပ်တယ်။  ကင်ချီထမင်းကြော်ကစပ်စပ်မွှေးမွှေးဆိမ့်ဆိမ့်၊ ဟင်းရည်က ချိုချိုလေးလေး၊ မုန်လာဥက ချိုချဉ်ကြွပ်ကြွပ်။  ခုတောင်ပြန်စားချင်လာပြီ။  ၈ဒေါ်လာ


 ဒါက ညီမလေးစားတဲ့ ဆန်ခေါက်ဆွဲအလုံးကြီးနဲ့ ကင်ချီဟင်းရည်။  သူ့ခေါက်ဆွဲလဲ လေးလေးပင်ပင် ပူပူနွေးနွေးနဲ့ကောင်းတာပဲ။  မြန်မာအကြိုက်နဲ့ တထပ်ထဲ။ ခြောက်ဒေါ်လာခွဲ။

လေဆိပ်ဆိုင်တွေရဲ့ ထုံးစံအတိုင်း ဈေးတော့နဲနဲကြီးတာပေါ့။  ဒါပေမယ့် အရသာရှိတော့ ပေးရတာ တန်ပါတယ်။

စားသောက်ပီးတော့  Toilet ခန်းကိုပဲ ဟိုတယ်ခန်းအမှတ်ထားပြီး မျက်နှာသစ် အလှပြင်ပါတယ်။  တညလုံးနီးပါး လေဆိပ်မှာ ထိုင်စောင့်၊ လေယာဉ်ပေါ်မှာ အချိန်ကုန်နဲ့ ငြီးစီစီဖြစ်နေတာ အခုမှပဲ လန်းဆန်းတက်ကြွသွားပါတယ်။  အနံ့ကြိုက်ရင်၊ ဈေးလဲတန်ရင်ဝယ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ရေမွှေးဆိုင်က Channel အစိမ်းရောင်လေးကို စမ်းဆွတ်ကြည့်ပြီးတဲ့အချိန်မှာတော့ နောက်ထပ် (၁၂)နာရီ လေယာဉ်ခရီးစဉ် အတွက် အင်အားအပြည့်ရှိသွားပါပြီ။  

နောက်ပိုစ့်မှ ဆက်ပါဦးမယ်။ 
















Friday, April 10, 2015

အမေရိကား ခရီးစဉ် - ၁







မယ်မိုးဦးတယောက် အမေရိကားကို မရည်ရွယ်ဘဲ ၂၀၁၄ခုနှစ်ထဲမှာ သွားလည်ဖြစ်ခဲ့ပါတယ်။  အမှတ်တရခရီးလေးမို့လို့ နောက်ကြာရင်မေ့သွားမှာစိုးလို့ ကြိုးစားပြီးရေးတာတောင် လုပ်ခဲ့တဲ့ Procedure၊ အချက်အလက် တွေကိုအခု တော်တော်မေ့နေပြီ။

ဗီဇာလျှောက်ပြီ

ဗီဇာလျှောက်တော့လဲ သူများတွေက ပိုင်ဆိုင်မှု စာရွက်စာတမ်းအထပ်လိုက်တင်တာ မြင်ခဲ့ဖူး၊ သူများကိုလဲတင်ပေးခဲ့ဖူးပေမယ့် ကိုယ့်အလှည့်ကျတော့ ကိုယ့်နာမယ်နဲ့လဲ မယ်မယ်ရရပြစရာမရှိတာမို့ မှတ်ပုံတင်၊ သန်းခေါင်စာရင်း နိုထရီပြန်ထားတာရယ်၊ အမေရိကားက ဖိတ်တဲ့စာရယ်၊ Form ဖြည့်တုံးက အလုပ်လုပ်နေတာလို့ ဖြည့်ထားတော့ အလုပ်က ခွင့် (၂)လ ပေးပါတယ်ဆိုတဲ့စာရယ်ပဲတင်လိုက်ပါတယ်။  သွားဖို့စီစဉ်ထားတာက သြဂုတ်၊ စက်တင်ဘာ (၂)လ ၊ ဗီဇာ form စတင်တာက မေလ၊ အင်တာဗျူးးက ဇူလိုင်လ (၂)ရက်။  ဒါတော့ မှတ်မိသား။ 

          ဗီဇာအင်တာဗျူးးတဲ့မနက်မှာ သူတို့ခေါ်တဲ့အချိန်ထက် (၁၅)မိနစ်စောသွားတော့ ကိုယ့်ထက်စောတဲ့လူတွေက တန်းစီနေပီ။   သားသမီး ဘွဲ့ယူလို့သွားမယ့်မိဘတွေ ၊ ကျောင်းသွားတက်မယ့်ခလေးတွေ၊ အဖွဲ့အစည်းကဖိတ်လို့သွားလည်မယ့်သူတွေ စသဖြင့် ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် စိတ်လှုပ်ရှားနေကြတဲ့ပုံတွေပါ။ မိုးဦးကိုလဲတခြားလူတွေ ဘယ်လိုမြင်မယ်မသိ။ ကိုယ့်ဟာကိုတော့ သိပ်စိတ်လှုပ်ရှားမနေဘူးထင်တာပဲ။  ဗီဇာရရင်လဲသွားလည်မယ်၊ မရတော့လည်း မသွားဘူးဆိုတဲ့စိတ်နဲ့ လုပ်မယ့်လုပ်တော့ အောင်မြင်ချင်တဲ့စိတ် လွန်ဆွဲနေတာပဲ။

          ဗီဇာအင်တာဗျူးးတာက တော်တော်များများသိကြတဲ့အတိုင်း၊ အခန်းထဲမှာ ဗီဇာဝင်တဲ့လူ (၅၀) လောက်က ထိုင်စောင့်လို့၊ ကောင်တာမှာ ကိုယ့်နာမည်ခေါ်သံကြားရင် ဒေါ်လာ (၁၅၀) လား (၁၈၀) လားမသိဘူး၊ အရင်သွားသွင်း၊ ပြီးရင်တခါထိုင်စောင့်၊ နောက်တခါကိုယ့်နာမည်ခေါ်သံကြားရင် ကောင်တာကိုသွား၊ အထဲက officer နဲ့ မှန်တချပ်ခြား အမေးအဖြေလုပ်၊ ကိုယ့်ကိုမေးတဲ့မေးခွန်းတွေ၊ ကိုယ်ဖြေတဲ့အဖြေတွေ အခန်းကထိုင်နေတဲ့လူတွေလဲကြားနေရတာပဲ။ Officer ကျေနပ်လောက်အောင်ဖြေနိုင်ရင် သူတို့ကဗီဇာကြေးသွင်းခိုင်းတယ်။ နောက် (၂) ရက်ကြာရင် ဗီဇာကပ်ထားတဲ့ ပတ်စ်ပို့စာအုပ် သွားယူရုံပါဘဲ။   

စောင့်နေရင်းပျင်းပျင်းနဲ့သူများ မေးနေတာတွေ နားစွင့်ကြည့်တော့ ကောင်လေးတယောက်၊ ဟိုမှာကျောင်းသွားတက်ဖို့ Student Visa သမား၊ သူတို့ အုပ်စုကိုအစထဲက သတိပြုမိတယ်။  အထက်တန်းအောင်ခါစအရွယ် ၁၀ယောက်ကျော်လောက် အားတက်သရော တိုင်ပင်နေကြ၊ စကားပြောနေကြတာ မြင်ရတာ မုဒိတာပွားမိတယ်။  ကိုယ်တွေ အဲအရွယ်တုံးက အဲလိုအခွင့်အရေးမရခဲ့ဘူးလေ။  နိုင်ငံရေးအခြေအနေ၊ မိသားစုအခြေအနေတွေက ပျံချင်တိုင်းပျံဖို့ အခွင့်မသာခဲ့တဲ့ ငှက်မျိုးဆက်တခုပေါ့။

ဘယ်တက္ကသိုလ်တက်မှာလဲ၊ ဘာဆက်လေ့လာမှာလဲ၊ ပိုင်ဆိုင်မှုစာရွက်တွေလှန်ကြည့်၊  ဒါနဲ့ပဲ တယောက်ပီးတယောက် ဗီဇာကြေးသွင်းခွင့်ရသွားကြတယ်။  နောက်သူတို့ထက် ၆နှစ် ၇နှစ်လောက်ကြီးမယ့်ကောင်မလေးတယောက်အလှည့်မှာတော့ မေးတာတော်တော်ကြာပီး စေ့စပ်တယ်။  မေးခွန်းနဲအဖြေတွေ နားစွင့်ကြည့်ရတာ ကောင်မလေးက ဟိုမှာ ကျောင်းတခါတက်ပီး ပြန်လာမှ အခုနောက်တခါ ထပ်သွားဖို့ဗီဇာလျှောက်တာ။  နောက်ဆုံးသူလဲ ဗီဇာကြေးသွင်းခွင့်ရသွားတယ်။

နောက်တခါတော့ အန်တီကြီးတယောက်။  သားဘွဲ့ယူတာတက်ဖို့သွားမှာ။  သူ့ကိုလဲ တော်တော် ကြာကြာမေးတာပဲ။ ပိုင်ဆိုင်မှုတွေစစ်၊ ကိုယ်ပိုင်လုပ်ငန်းမှာ ၀န်ထမ်းဘယ်နှစ်ယောက်ရှိတာလဲ စတာတွေကြားရတော့ ငါတို့လဲမလွယ်လောက်ဘူးထင်မိတယ်။

နောက်တခါ အန်တီတယောက်ကတော့ ဘာသာရေးအဖွဲ့အစည်းတခုက ဖိတ်တာ။  သူ့ယောက်ျားက ဟိုမှာရှိပြီးသား၊ သူကျတော့ ဗီဇာကြေးသွင်းခွင့်မရခဲ့ဘဲ နောက်နေ့မှာ passport ပြန်လာထုတ်ဖို့ ပြောတာကြားလိုက်တယ်။  အင်း…ဒါဆို ငါတို့လဲအဲလိုပြောခံရမလားမသိ။  အိုဘာကြောက်စရာရှိလဲ။  ရရင်လဲရ။  မရတော့လဲ မရပေါ့။    

ခေါ်ပါပီ။ မိုးဦးနာမယ်ကို။  visa officer က မိုးဦးနဲ့အတူသွားမယ့် ညီမလေးနဲ့ ၂ယောက်တူတူ ဖြေမလားဆိုတော့ အင်းပေါ့။ ပိုတောင်ကြိုက်သေး။ အဲ့နေ့မှ ၂ယောက်လုံးက ရိုးရိုးသားသားဖိုးသခွား ဗမာအကျီလေးနဲ့ ရိုးရာထမီလေးတွေနဲ့ သူကြီးသမီးပုံပေါက်နေလို့လားမသိဘူး။  Officer က လက်ဗွေနှိပ်တော့ မြန်မာလို instruction ပေးတယ်။  သင့်ရဲ့ ညာလက်ကို စက်ပေါ်တင်လိုက်ပါ။  လက်မကို နဲနဲဖိပါ။ ဘာညာပေါ့။  သူ့ဟာသူ အင်္ဂလိပ်လိုပြောရင်ဟုတ်တုတ်တုတ်။ သူ့ရဲ့ ၀ဲတဲတဲ မြန်မာစကားကြားတော့မှဘဲ အယောင်ယောင်အမှားမှား၊ ဘယ်နဲ့ ညာနဲ့ ပြန်စဉ်းစားရသေးတယ်။ တကယ်တမ်းတော့ tall & handsome officer ကိုကြည့်ပီး သဘောကျလို့ ယောင်တောင်တောင်ဖြစ်သွားတာလဲဖြစ်နိုင်ပါတယ်။ :)

နောက်တော့မှ အင်္ဂလိပ်လိုပြောတတ်လားဆိုတော့ နည်းနည်းလေးတော့ ပြောတတ်ပါတယ်ပေါ့။    နင်ဖြေးဖြေးပြောပေးလို့ရမလားလို့ ထပ်ကွန့်လိုက်သေးတယ်။  မိုးဦးတို့ကို ဘာကြောင့်သွားမှာလဲ၊ ဘယ်လောက်ကြာနေမှာလဲ၊ နင်က ၀န်ထမ်းဖြစ်ရဲ့သားနဲ့ (၂)လတောင် ခွင့်ရလား၊ ပြန်ရင် အတူတူပြန်လာမှာလား စတဲ့မေးခွန်း (၅) ခု (၆)ခုလောက်မေးပီး ဗီဇာကြေးသွားသွင်းတော့တဲ့။  မိုးဦးတို့ (၂)ယောက်က ကြောင်တောင်တောင်နဲ့ ကြည့်နေတုံး ဘေးက မိုးဦးလိုပဲ ပတ်ဝန်ကျင်လေ့လာရေး စိတ်ဝင်စားပုံရတဲ့ ဦးလေးကြီးတယောက်က သမီးတို့ ဗီဇာရသွားပီ ၊ ကောင်းလိုက်တာဆိုတော့မှ သြော်..ငါတို့ကိုမေးတာပြီးသွားပြီဆိုတာ သဘောပေါက်တော့တယ်။  အဲဒါနဲ့ Thank you ပြောပြီးပြန်ထွက်လာတော့ Have a Nice Trip တွေ ဘာတွေ လုပ်နေသေးတာ။  အခန်းပြင်ရောက်တော့မှ ငါတို့မေးတာ ခဏလေး၊ ငါက ဒီထက်ကြာကြာမေးစေချင်တာနဲ့ပြောပီးရီကြ ရသေးတယ်။  ချောပြီး ပြုံးပြုံးနဲ့သဘောကောင်းပုံရတဲ့ Visa Officer လေးနဲ့ ဒီထက်မက စကားပြောချင်သေးတာ။  ကိစ္စတခုအောင်မြင်သွားလို့ ကျေနပ်သွားတဲ့ရုပ်နဲ့ လူတယောက်ကို ဖြူဖြူစင်စင် သဘောကျနေတဲ့ ရုပ်၊ ၂ခုပေါင်းလိုက်တော့ သိပ်သိသာသွားတယ်နဲ့တူတယ်။  Security Officer ဦးလေးကြီးတွေက သမီးတို့ ဗီဇာရပြီနဲ့တူတယ်တဲ့။ 

တကယ်တော့ မိုးဦးတို့ကိုဖိတ်တဲ့ အမေရိကားက အဖွဲ့အစည်းကဖိတ်တဲ့စာကသိပ်ခိုင်မာလို့ပါ။ ဥက္ကဌ ဘဘက စာမှာ ဖိတ်ရတဲ့အကြောင်းရင်း၊ အဲဒီကအခြေအနေအသေးစိတ်၊ ခရီးသွားရမယ့်အစီအစဉ်စတာတွေ တမျက်နှာရေးထားတာ  Visa Officer တယောက်အနေနဲ့ လက်ခံချင်စရာအချက်တွေချည်းပါဘဲ။  အမေရိကားရောက်တော့ တချို့ မြန်မာအမကြီးတွေ အန်တီတွေက မေးကြတယ်။  ဗီဇာလျှောက်ရတာဘယ်လိုလဲတဲ့။  တချို့သူတို့ အမတွေ၊ အမေတွေကို အလည်ခေါ်ချင်တာ ဗီဇာခက်ကြလို့တဲ့။  ရတဲ့လူတွေဆိုလဲ ၂ခါ ၃ခါပြန်လျှောက်ရတယ်တဲ့။ 

အမေရိကန် ဗီဇာရတာပျော်လားလို့မေးရင် ရိုးရိုးသားသားဖြေရရင်ပထမဆုံးသွားလည်ရမယ့် အတွေ့အကြုံအနေနဲ့ ပျော်ပါတယ်လို့ပြောရမှာဘဲ။  ဆယ်တန်းအောင်ပီး သင်တန်းအတူတက်တဲ့ သူငယ်ချင်းတွေ အမေရိကားမှာကျောင်းသွား တက်ကြတာ၊ တက္ကသိုလ်တွေပိတ်တော့ တခါထွက်သွားကြတာ ကိုယ့်ရှေ့မှာတွေ့နေပေမယ့်ကိုယ်က အားကျရုံဘဲတတ်နိုင်ခဲ့တာ။  ကိုယ့်မိသားစုအခြေအနေက သားသမီးကို အဲလို နိုင်ငံကြီးကိုပို့ကျောင်းထားဖို့တတ်နိုင်တဲ့ အနေအထားမဟုတ်၊ ဆွေမျိုးရင်းချာဆိုတာလဲအဲဒီ့မှာ မရှိ၊ ကိုယ်တိုင်ကလဲ စကော်လာအပြည့်ရလောက်အောင်တော်တဲ့သူ မဟုတ်ဆိုတော့ ကျောင်းသွားတက်ချင်တဲ့ ဆယ်ကျော်သက်အိပ်မက်လေး အကောင်အထည်မပေါ်ခဲ့တာ။   အခုလို ကိုယ့်ရဲ့ချွေးနဲစာလေးကလဲ ခရီးစရိတ်ကို ကာဗာလုပ်နိုင်တုံး၊ ဟိုဘက်ကအဖွဲ့အစည်း ကဖိတ်တဲ့အတိုင်း နေစရာ၊ စားစရာအတွက် ပူစရာမလိုပဲ လုပ်အားပေးလုပ်ရင်း အမေရိကားမှာ (၂)လတာ လည်ရတာ သာမန်လူတယောက်အတွက် ပျော်ရွှင်စရာပဲမဟုတ်လား။  နောက်နှစ်မှာ ပြန်သွားလည်ချင်လို့ လျှောက်လို့ ရရင်တောင် ၂၀၁၄တုံးကလိုတော့ ပျော်မှာမဟုတ်ဘူး။

သြော်.. မြန်မာပြည်မှာ သာမန်လူဖြစ်ရတာ ကံကောင်းတဲ့အချက်ရှိသား။  ပျော်တမ်းခဏခဏ ကစားလို့ရတယ်။  ဗီဇာရလို့ပျော်ရ၊ နိုင်ဂံခြားသွားလို့ပျော်ရ၊ မီးမှန်လို့ပျော်ရ၊ ပတ်စ်ပို့လုပ်တာ ပိုမြန်လာလို့ပျော်ရ။  သူများနိုင်ငံသားတွေ အဲလို အပျော်တွေ နားလည်မှာ မဟုတ်ပါဘူး။ 

ရန်ကုန်ကနေ ဆိုလ်းထိတလမ်းလုံး လုံးဝမပြုံးပဲ Service ပေးတဲ့ အွန်စောရဲ့ဦးလေး လေယာဉ်မောင်ကြီးအကြောင်းတော့ နောက်ပိုစ့်မှဘဲ။